Healthy Life Ad
Health Tips

၂၀၀၀ ပြည့်နှစ်ကစခဲ့သည့် ရင်သားကင်ဆာခရီးလမ်းကို စိတ်ဓာတ်ခိုင်မာစွာ ဖြတ်ကျော်နေသူ“ဒေါ်ခင်မာမာ”

—–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—–

၂၀၀၀ ပြည့်နှစ်က ကော့သောင်းမြို့တွင် ဒေါ်ခင်မာမာ ဆိုင်ကယ်စီးစဉ် ဆိုင်ကယ်လဲသွားရာမှ ဘယ်ဘက်ရင်သားနေရာတွင် မာပြီးနာနေခဲ့သည်။

“မာတဲ့နေရာက နာနာနေတာ။ ဟိုဟာလေးလိမ်း၊ ဒီဟာလေးလိမ်းနဲ့ နောက်ကျတော့ လုံးဝမနာတော့ဘူး။ ရန်ကုန်သွားတိုင်း ကျန်းမာရေးစစ်ဆေးမှု ခံယူဖြစ်တယ်။ ပထမတော့ ဘာမှမတွေ့ဘူး၊ ဒါပေမဲ့ ကျွန်မမှာတော့ ၀မ်းချုပ်တာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်တာတို့လို ကင်ဆာလက္ခဏာတွေပြတယ်။ ဒါနဲ့ ဆရာဝန်ကိုပြောပြီး ဒုတိယတစ်ကြိမ်စစ်တော့ ပြွန်နဲ့စုပ်ယူပြီးစစ်ပေးတယ်။ အဲဒီမှာလည်း မတွေ့ဘူး။ အဲဒါနဲ့ တတိယအကြိမ် ကျန်းမာရေးစစ်ဆေးမှုထပ်လုပ်တယ်။ အဲဒီမှာခွဲစိတ်ပြီး ကြက်ဥနှစ်လုံးစာလောက်ထုတ်ယူပြီး စစ်လိုက်တယ်။ ကင်ဆာဆိုပြီးအဖြေထွက်တော့ နောက်တစ်နေ့မှာ ရင်သားကိုဖြတ်တော့မယ်လို့ ဆရာဝန်ကပြောတယ်” ရင်သားကင်ဆာ အဆင့် (၂)ဟု သိရသည်နှင့် ဒေါ်ခင်မာမာက ခင်ပွန်းသည်ထံ ဖုန်းဆက်လိုက်ရာ နောက်တစ်နေ့တွင် လေယာဉ်ဖြင့် ချက်ချင်းရောက်လာခဲ့တော့သည်။

alignnone size-medium wp-image-55479

“ဘယ်ဘက်ရင်သားကိုဖြတ်ပြီး ပြန်စစ်တော့လည်း ရင်သားအဆင့် (၂)လို့ အဖြေထွက်ပါတယ်။ ရင်သားခွဲပြီး ကင်ဆာဆေးသွင်းတယ်၊ ဓာတ်ရောင်ခြည်ကုထုံး ခံယူခဲ့တယ်။ ပြန်ကောင်းသွားတော့ ဆရာဝန်နဲ့ပြန်ပြရင်း ပြရင်းကြားထဲမှာ ကျန်းမာရေးစစ်ဆေးမှု မခံယူဖြစ်တော့ဘူး။ ၂၀၁၁ မေမြို့မှာ နေနေတဲ့အချိန် လည်ပင်းရဲ့ဘယ်ဘက်မှာ အကျိတ်လေးတွေထွက်လာတယ်၊ နောက်ပြီး အသံလည်းဝင်လာတယ်၊ ဒါနဲ့ တစ်ခါပြန်ပြတယ်။ လည်ပင်းက အကျိတ်လေးတွေကို ပြန်ထုတ်ပြီး ကင်ဆာဆေးသွင်းတယ်၊ တောင်ကြီးကိုသွားပြီး ဓာတ်ရောင်ခြည်ကုထုံး ခံယူခဲ့တယ်။ ၂၀၁၃ ကျတော့ ဘန်ကောက်မှာ ကျန်းမာရေးစစ်ဆေးမှု ခံယူဖြစ်တယ်။ ၂၀၁၄ ခုနှစ်ကျတော့ PET Scan ရိုက်လိုက်တဲ့အခါ နှာခေါင်းနောက်နဲ့ ရင်ဘတ်ထဲမှာ မူမမှန်တဲ့ ဆဲလ်တွေတွေ့တယ်၊ တတိယအကြိမ် ကင်ဆာသံသယ၀င်တာပေါ့။ ဒါနဲ့ သောက်ဆေးနဲ့ ပြန်ဖြိုချတယ်။ သောက်ဆေးနဲ့ ရင်သားမှာရှိတဲ့ တချို့ကင်ဆာဆဲလ်တွေလျော့ပေမယ့် တချို့ကမလျော့ဘူး။ ၂၀၁၈ မှာ ရင်သားကို ဓာတ်ရောင်ခြည်ကုထုံးပေးလိုက်တယ်။ အခုသုံးလေးလလောက်တော့ ရှိသွားပြီ”

၂၀၀၀ ပြည့်နှစ်က စတင်ခဲ့သော ဒေါ်ခင်မာမာ၏ ကင်ဆာခရီးလမ်းသည် ယခု ၂၀၁၉ တွင် ၁၉ နှစ်ရှိခဲ့ပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘန်ကောက်၌ ကျန်းမာရေးစစ်ဆေးမှု ထပ်မံခံယူမည်ဖြစ်ကြောင်း သိရသည်။ “ဘန်ကောက်ကဆရာဝန်တွေက ကင်ဆာဆဲလ်လေးတွေ တွေ့လိုက်တော့ တစ်လတစ်ကြိမ်ချိန်းတယ်။ နောက်ပိုင်း ၃ လတစ်ကြိမ် ချိန်းတယ်။ အခုနောက်ဆုံးကျတော့ ၆ လတစ်ကြိမ်ပြန်ချိန်းတယ်။ နောက်ဆုံးစစ်တော့ ကင်ဆာဆဲလ်ကင်းစင်တယ်လို့ သိရပါတယ်”ဟု ဒေါ်ခင်မာမာက ပြောပြသည်။

“ကင်ဆာဖြစ်လာပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ပြောတဲ့အတိုင်း တသွေမတိမ်းကုလိုက်ပါ၊ ကုပြီးတော့မှ ဆေးမြီးတိုတွေ လုပ်ချင်လုပ်ပါ။ မုန်လာဥနီ၊ သင်္ဘောရွက် စတာတွေသောက်တာကိုလည်း အလွန်အကျွံမလုပ်စေချင်ပါဘူး” . . .

ပထမတစ်ကြိမ် ကင်ဆာကုသအောင်မြင်ပြီး တစ်ကျော့ပြန်ကင်ဆာဖြစ်ရသည်မှာ ကြားထဲတွင် ပေါ့ပေါ့ဆဆနေမိ၍ဖြစ်ကြောင်း သိရသည်။ “ဆရာကြီးရှိန်းနဲ့ လေယာဉ်ကွင်းမှာတွေ့တော့ အန်တီကင်ဆာပျောက်တာ သုံးနှစ်ရှိပြီလို့ ပြောတဲ့အခါ ဆရာကြီးက“သုံးနှစ်ရှိပြီဆိုတော့ ပျောက်သွားပြီ” လို့ ပြောတယ်။ အဲဒီလိုပြောလိုက်တာနဲ့ နောက်ပိုင်းမှာ ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ပြန်မလုပ်တော့ဘူး။ ဒါနဲ့ ၂၀၁၁ မှာ ပြန်ဖြစ်တာပဲ။ အစားအသောက်အနေနဲ့ အန်တီက အစားအသောက်အများကြီး စားလို့မ၀င်တော့ဘူး။ အန်တီက အသံလည်းပြောင်းသွားတယ်။ အရင်က သီချင်းတွေဘာတွေ အော်ဆိုနိုင်ပေမယ့် အခုဆို သီချင်းဆိုလို့ မရတော့ဘူး။ ဘာဖြစ်လို့ ဖြစ်ရတာလဲဆိုတော့ ဓာတ်ရောင်ခြည်ကုထုံးပေးချိန်မှာ အသံကြိုးထိသွားတာလို့ ဆရာဝန်က ပြောတယ်။ သောက်ရတဲ့ ဆေးတွေကလည်း ဆေးပြင်းတွေဆိုတော့ မခံနိုင်လို့ ညဘက်ပြောင်းသောက်ရတယ်။ ဆေးဒဏ်ခံရတော့ စားမကောင်း၊ သောက်မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ အန်တီ့ကိုမြင်လိုက်ရင် လူကောင်းအတိုင်းပါပဲ။ မပြောရင် လူနာလို့ ဘယ်သူမှမသိပါဘူး။ မနက်မိုးလင်းတာနဲ့ အန်တီကရေချိုး၊ ပြင်ဆင်တယ်၊ သူများတွေ ကိုယ့်မြင်တာနဲ့ စိတ်ဓာတ်မကျစေချင်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ဓာတ်အကျမခံဘူး။ ဒါကစိတ်ဓာတ်နဲ့ဆိုင်တော့ စိတ်ကျတာနဲ့ လဲသွားမှာပဲလေ။

အန်တီက စိတ်ဓာတ်မကျအောင်နေတယ်၊ မျှော်လင့်ချက်တွေ အမြဲထားတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီးလည်း မျှော်လင့်ချက်ထားသလို သားသမီးတွေနဲ့ပတ်သက်ပြီးလည်း မျှော်လင့်ချက်ထားပါတယ်။ အန်တီဆိုရင် ကင်ဆာစဖြစ်ကတည်းက သားသမီးတွေ အိမ်ထောင်ကျမှ ဒီဘ၀ကထွက်သွားသင့်တယ်။ အခုတော့ မလွတ်သေးဘူးဆိုတဲ့စိတ်နဲ့ အားတင်းထားတယ်။ တစ်ခါ သူတို့တွေ အိမ်ထောင်ရက်သားကျသွားတော့လည်း ငါ့မြေးလေးတွေမျက်နှာ မြင်ချင်လိုက်တာဆိုတဲ့စိတ်နဲ့ အားတင်းထားတယ်။ မြေးလေးတွေရတော့လည်း သူတို့လေးတွေ တော်တာ၊ တတ်တာတွေ မြင်ပြန်တော့ သူတို့ကြီးလာရင် ဘာဖြစ်မှာ၊ ညာဖြစ်မှာဆိုတာကို မြင်ချင်လိုက်တာဆိုတဲ့စိတ်နဲ့ အားတင်းထားတယ်။ အလုပ်လည်း အခုထက်ထိလုပ်နေတုန်းပဲ။

အန်တီကတော့ အိမ်မှာနေလည်း ငုပ်တုတ်မနေဘူး။ ငါကရောဂါသည်ဆိုတဲ့စိတ်နဲ့ မှိုင်တွေငေးငိုင်ပြီးမနေဘူး။ တောင်ကြီးမှာ ဆေးကုတုန်းက တွေ့တဲ့လူနာတွေကို အရမ်းသနားတယ်၊ ရေလည်းမချိုးကြဘူး၊ ဘ၀ကိုဖြစ်သလိုနေတဲ့ပုံစံမျိုး။ အန်တီကတော့ အဲဒီအချိန်ကတည်းက ၀တ်စားပြင်ဆင် ရယ်မောပြီးတော့ကို သွားကုခဲ့တာ။ သမီးတွေနဲ့ ရယ်စရာပြောပြီးနေတော့ သမီးကြီးကပြောတယ်။ “ခွဲခန်းဝင်မှာကလည်း ပျော်ပွဲစားထွက်မှာ ကျနေတာပဲ”လို့။ အန်တီကတော့ ပျော်ပျော်ပဲနေတယ်။ ခွဲခန်းထဲဝင်လို့ သေသွားလည်း ဘာမှမဖြစ်ဘူး၊ လူကသေရမှာပဲ။ ဘ၀မှာလည်း ကောင်းတာတွေပဲလုပ်ခဲ့တယ်၊ ပေးမယ်၊ ကျွေးမယ်၊ လှူမယ်. . ဘယ်သူ့အပေါ်မှာမှ မကောင်းတာမလုပ်ခဲ့ဘူး . . ဒီလိုပဲနေခဲ့တာဆိုတော့ ကိုယ့်အထုပ်ကိုယ် သယ်ပြီးပြီလို့ ထင်တယ်လေ။ အန်တီက စိတ်ဓာတ်ခိုင်မာတော့ အန်တီ့မိသားစုကလည်း သိပ်ပြီးမစိုးရိမ်ကြဘူး”ဟု ဒေါ်ခင်မာမာက သူ့အတွေ့အကြုံကို ပြောပြခဲ့ သည်။

အတူတူကင်ဆာဖြစ်ခဲ့သူများ ဆေးကုမှားသည့်အတွက် ကွယ်လွန်သွားခဲ့ကြောင်းကိုလည်း ယခုလိုမျှဝေခဲ့သည်။ “အန်တီ့သူငယ်ချင်းတွေ ဆေးမြီးတိုနောက်တွေလိုက်တယ်၊ ဆေးမကုဘဲ ဘုရားကုပဲကုတယ်၊ ဒါပေမဲ့ မရဘူးလေ။ အင်္ဂလိပ်ဆေးလည်းကုပြီး ဘုရားတရားလုပ်ရမှာပါ။ အစားအသောက်ဆိုရင်လည်း အာဟာရက လိုအပ်နေမှန်းသိတော့ အန်တီက အကုန်စားတယ်၊ ဟိုဟာရှောင်၊ ဒီဟာရှောင်လုပ်နေရင် ဆေးဒဏ်ခံနိုင်မှာ မဟုတ်ဘူးလေ။ အစားအသောက်တွေရှောင်ပြီး သေသွားတာလည်း မြင်ဖူးတယ်၊ ဆေးမြီးတိုတွေလုပ်ပြီး သေသွားတာလည်း မြင်ဖူးတယ်၊ ဒီလိုတွေလုပ်တာက အင်မတန်အန္တရာယ်များပါတယ်” သားသမီးငါးယောက်၊ မြေးခုနှစ်ယောက်ရှိသည့် အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်မာမာအတွက် ခင်ပွန်းသည်၏ ဖေးမစောင့်ရှောက်မှုဖြင့် ကင်ဆာကုသမှုခရီးလမ်းကို အေးဆေးစွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။

“အန်တီက စိတ်ဓာတ်မကျအောင်နေတယ်၊ မျှော်လင့်ချက်တွေအမြဲထားတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးလည်း မျှော်လင့်ချက်ထားသလို သားသမီးတွေနဲ့ ပတ်သက်ပြီးလည်း မျှော်လင့်ချက်ထားပါတယ်။ အန်တီဆိုရင် ကင်ဆာစဖြစ်ကတည်းက သားသမီးတွေ အိမ်ထောင်ကျမှ ဒီဘ၀ကထွက်သွားသင့်တယ်။ အခုတော့ မလွတ်သေးဘူးဆိုတဲ့စိတ်နဲ့ အားတင်းထားတယ်။ တစ်ခါ သူတို့တွေ အိမ်ထောင်ရက်သား ကျသွားတော့လည်း” . . .

“အန်တီ့ဆီကိုလာလည်တဲ့ အသိတစ်ယောက်ရှိတယ်။ ၂၀၀၀ ပြည့်နှစ်က ဆေးကုပြီး ဓာတ်ကင်နေတဲ့အချိန်မှာ သူက “အန်တီဘာမှစိတ်မပူနဲ့၊ ကျွန်တော်တို့အမျိုးက ကင်ဆာမျိုး၊ အခုထက်ထိ ၇၀-၈၀-၉၀ တွေအများကြီးပဲ”လို့ အားပေးတယ်။ အဲဒီအချိန်မှာ အန်တီက တော်တော်စိတ်ဓာတ်ကျချင်သလို ဖြစ်နေပြီ။ သူတို့တဆွေမျိုးလုံးတောင် ဒီအသက်အရွယ်အထိ ကျန်းမာနေတာဆိုတဲ့စိတ်က တော်တော်အားရှိသွားစေတယ်။ ထမင်းမ၀င်တဲ့အချိန်မှာ အိမ်ကအဒေါ်ကြီးက စားချင်တာ တစ်မြို့လုံးပတ်ဝယ်ကျွေးတယ်။ အဲဒီလိုစားရင်း ဆေးကုဒဏ်ခံနိုင်သွားတယ်။ မစားနိုင်ရင် လွှတ်ထားလို့တော့ မရဘူးလေ။ ဆေးဒဏ်ကပြင်းတော့ စားချင်တဲ့ အစားအသောက်ကို ၀င်အောင်စားရမှာပဲ။ တစ်ပတ်တစ်ကြိမ် ကြက်ပြုတ်ရည်သောက်တယ်။ ကြက်ပြုတ်ရည်ပြုတ်ပြီး ရေခဲသေတ္တာထဲထည့်၊ မနက်ဆိုရင် အပေါ်က အဆီချပ်လေးဖယ်၊ ကော်လာဂျင်ထည့်သောက်တယ်။ မြင်းခွာရွက်ဖျော်ရည် နေ့တိုင်းသောက်တယ်” ကင်ဆာကုသမှု ၁၉ နှစ်တာကာလအတွင်း မကြာခဏ အကြောဆေးသွင်းရခြင်း၊ ဆေးကုသမှု ခံယူရခြင်းတို့၏ နောက်ဆက်တွဲဖြင့် ဆီးချိုရောဂါ ဖြစ်လာခဲ့ကြောင်း ဒေါ်ခင်မာမာက ထင်မြင်ထားသည်။

“အန်တီတို့က ခဏခဏ အကြောဆေးကို မရေနိုင်လောက်အောင် သွင်းရတယ်။ အန်တီက ငယ်ငယ်တုန်းက ကျောက်ကပ်လည်းပျက်ဖူးတယ်၊ နှလုံးရောဂါလည်းရှိတယ်။ နှလုံးဆေးကိုလည်း သောက်နေရတယ်။ ရောဂါမျိုးစုံ ဒဏ်ခံရပေမယ့် စာအုပ်တွေ၊ ပညာပေးစာတွေကို အမြဲဖတ်ခဲ့တဲ့အတွက် ဒီဗဟုသုတ အသိဥာဏ်တွေက ကိုယ့်ကိုစောင့်ရှောက်ပေးသလိုပါပဲ။ တခြားသူတွေကိုလည်း ကူညီပေးနိုင်တယ်လေ”

၁၉ နှစ်တာကာလအတွင်း ကင်ဆာကို သုံးကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး ကျော်လွှားနိုင်ခဲ့သော အန်တီဒေါ်ခင်မာမာက အခြားကင်ဆာဝေဒနာရှင်များကို ယခုလိုအားပေးစကားများ မျှဝေပြောကြားလိုက်ပါသည်။ “ကင်ဆာဖြစ်လာပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ပြောတဲ့အတိုင်း တသွေမတိမ်း ကုလိုက်ပါ၊ ကုပြီးတော့မှ ဆေးမြီးတိုတွေ လုပ်ချင်လုပ်ပါ။ မုန်လာဥနီ၊ သင်္ဘောရွက် စတာတွေ သောက်တာကိုလည်း အလွန်အကျွံ မလုပ်စေချင်ပါဘူး။ ကောင်းမယ်ထင်တဲ့ ဆေးတွေကို သောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးနဲ့ တခြားရောဂါဝေဒနာတွေ ၀င်မှာစိုးလို့ သတိထားစေချင်ပါတယ်။ နောက်တစ်ခုက ကင်ဆာဖြစ်ပြီ၊ သေရတော့မှာဆိုတဲ့စိတ်နဲ့ မသွားဘဲနဲ့ ဘ၀မှာမျှော်လင့်ချက်လေးတွေထားပြီး အကောင်းဆုံး ရှင်သန်နေထိုင်သွားကြပါလို့ အသိနဲ့သတိနဲ့ယှဉ်ပြီး နေထိုင်သွားကြဖို့ အကြံပြုလိုပါတယ်”

(မှတ်ချက်။ ။ ဓာတ်ပုံများကို အန်တီဒေါ်ခင်မာမာ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top