Healthy Life Ad
Q & A

ဘီပိုး၊ စီပိုးရှိသူအတွက် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိသူတချို့က ဆေးမြီးတိုတွေ သောက်ကြတယ်။ အစားအသောက် ဘာဖြစ်ဖြစ် စားလို့ရတယ် ပြောကြတယ်။ ကျွန်မမှာ စီပိုးရှိလို့ မျှဝေပေးပါဦးလား။
LM(FB)

A. ဘီပိုး၊ စီပိုးရှိသူတွေမှာ အစားအသောက်နဲ့ ပတ်သက်ရင် အာဟာရဖြစ်တဲ့ အစားအသောက်ဆိုရင် စားလို့ရပါတယ်။ ဘီပိုး၊ စီပိုးမှာ ဆေးမကုဘဲနေရင် အသည်းခြောက်ဘက်ကို ကူးသွားတတ်တယ်။ နောက်ဆက်တွဲအနေနဲ့ ကင်ဆာဖြစ်သွားတတ်တယ်။ အဲဒီလိုမဖြစ်အောင် ဆေးကုကြတယ်။ ဆေးကုရင်းနဲ့ အစားအသောက်ကိုလည်း အာဟာရပြည့်ဝအောင် စားသင့်ပါတယ်။ အဓိကအနေနဲ့ အသည်းအတွက် အဖြူရောင်အသားကို ပုံမှန်စားပေးပါ။ အနီရောင်အသား (အမဲသာ၊ ၀က်သား၊ ဆိတ်သား) တွေကို တစ်ပတ်မှာတစ်ခါပဲ စားပေးပါ။ ကြက်သား၊ ငါးတို့လို အဖြူရောင်အသားတွေကတော့ စားလို့ရပါတယ်။ အသည်းမှာ စီပိုး၊ ဘီပိုးရှိရင် နောက်ပိုင်း အစားအသောက်ပျက်တာ ဖြစ်တတ်တယ်။ တချို့ကျတော့လည်း အယူအဆအမှားတွေကြောင့် အစားရှောင်ကြတယ်။ အဲဒီအခါ ဘီပိုး၊ စီပိုးသမားတွေက များသောအားဖြင့် သာမန်လူတွေထက် ပိုပိန်တာကို တွေ့ရပါတယ်။ အဖြူရောင်အသားကို ပုံမှန်စားပါ၊ ထမင်းကို ပုံမှန်စားပါ။ အဆီဓာတ်ကိုတော့ အသည်းက များများအလုပ်လုပ်ရမှာစိုးတဲ့အတွက် အဆီကိုတော့ ရှောင်ခိုင်းပါတယ်။ ဥပမာ-အကြော်တွေ၊ ဟင်းအနှစ်စားတာတွေကို ရှောင်ပေးပါ။

အသည်းမှာ အဓိကအကြောက်ဆုံးက မှိုတက်စာနဲ့ အရောင်ပါတဲ့ ဆိုးဆေးတွေပါပဲ။ ဥပမာ မုန့်ဟင်းခါးစားတာပဲဖြစ်ဖြစ်၊ တခြားဟာစားတာပဲဖြစ်ဖြစ် ငရုတ်သီးစားတဲ့အခါ အလှော်မှုန့်ထက် ငရုတ်သီးဆီချက်လေးကို ပြောင်းစားပေးစေချင်ပါတယ်။ ငရုတ်သီးဆီချက်ဆိုတာ ငရုတ်သီးမှုန့်ကို ဆီနဲ့ချက်လိုက်တာမျိုးပါ။ ပြီးရင် ၀က်ဆီတုံးစားတာ၊ မာဂျရင်း၊ ချိစ်၊ ထောပတ်တုံးစားတာတွေကို လျှော့ပေးရပါမယ်။ ကျန်တဲ့အစားအသောက်တွေကတော့ ပုံမှန်အတိုင်းပဲ စားသောက်သင့်ပါတယ်။ အသည်းသမားတွေက ဗီတာမင်ဓာတ်တွေ လိုအပ်တာကြောင့် ဗီတာမင်ဓာတ်တွေရအောင် မုန်လာဥနီ၊ ဟင်းနုနယ်ရွက် စတာတွေ စားသင့်ပါတယ်။ ပိုးဝင်ခါစမှာ ဗီတာမင်အေ လိုပါတယ်။ လိမ္မော်သီး၊ ဆန်းကစ်သီးတို့လို ဗီတာမင်စီပါတဲ့ အသီးတွေ စားသင့်ပါတယ်။ ကင်ပွန်းချဉ်ရွက်ဟင်းရည်၊ ချဉ်ပေါင်ရွက်ဟင်းရည် စတာတွေလည်း စားသင့်ပါတယ်။ အသည်းရောဂါဖြစ်လာရင် မျှတတဲ့ အစားအသောက်တွေကို စားပေးဖို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top