Healthy Life Ad
Health Tips

COVID-19 ရောဂါက အေသွေးပိုင်ရှင်တွေမှာ ပိုအဖြစ်များတယ်ဆိုတာနဲ့ ပတ်သက်၍ . . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. အခုသတင်းတွေအရ COVID-19 ရောဂါက အိုသွေးပိုင်ရှင်တွေထက် အေသွေးပိုင်ရှင်တွေမှာ ပိုအဖြစ်များတယ်ဆိုပြီး ပြောနေကြလို့ပါ။ အဲဒါက ဖြစ်နိုင်ပါသလား ဆရာ။ နောက်တစ်ချက်က ရောဂါဖြစ်နှုန်းတွေက သွေးအုပ်စုနဲ့ ဆက်စပ်မှုရှိပါသလား။
(စာဖတ်သူတစ်ဦး)

A. ဆရာ့ထင်မြင်ချက်အရ ပြောရမယ်ဆိုရင် COVID-19 ဖြစ်တဲ့သူအားလုံးကို လေ့လာလိုက်တဲ့အခါ အေသွေးပိုင်ရှင်တွေက အဖြစ်များဆုံးလို့တွေ့ရပြီး အိုသွေးပိုင်ရှင်တွေက အတွေ့ရအနည်းဆုံး ဆိုပါစို့။ ဒီလေ့လာမှုအပေါ် မူတည်ပြီး အေသွေးပိုင်ရှင်တွေက ကူးစက်မှုနှုန်းများနိုင်တယ်။ အိုသွေးပိုင်ရှင်တွေက ကူးစက်မှုနှုန်း နည်းနိုင်တယ်ဆိုပြီး ပြောတယ်လို့ထင်ပါတယ်။ အိုသွေးဖြစ်လို့ ဒီရောဂါပိုးမ၀င်အောင် ဘယ်လိုနည်းနဲ့ တားတယ်ဆိုတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက်တော့ ရှိဦးမှာမဟုတ်ပါဘူး။ ဖြစ်တဲ့လူနာတွေထဲက စစ်ပြီး အေသွေးပိုင်ရှင်တွေက ပိုဖြစ်တယ်။ အိုသွေးပိုင်ရှင်တွေက အဖြစ်နည်းတယ်ဆိုတာလောက်ပဲ ပြောတာဖြစ်ပါလိမ့်မယ်။ အခုစမ်းသပ်မှုတွေကလည်း နိုင်ငံတစ်နိုင်ငံက သူ့နိုင်ငံမှာရှိတဲ့ လူမျိုးတစ်မျိုး၊ အဲဒီအထဲက ရောဂါဖြစ်သူတွေရဲ့သွေးအုပ်စုကို ရှာဖွေပြီး ပြောတာပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က သွေးအုပ်စုတွေကို ကြည့်လိုက်ရင် အေ၊ ဘီ၊ အေဘီ၊ အိုဆိုပြီး လေးမျိုးရှိတဲ့အနက် အေဘီသွေးအုပ်စုပိုင်ရှင်တွေက နည်းပါတယ်။ အဲဒီတော့ ဖြစ်နှုန်းမှာလည်း အေဘီသွေးအုပ်စုက နည်းမှာပဲ။ နဂိုကတည်းက အေသွေးအုပ်စုနဲ့ အိုသွေးအုပ်စုမှာ ဘယ်အုပ်စုက ပိုများနေလို့ ဒီရလဒ်ထွက်တာလဲဆိုတာလည်း ကြည့်ရပါဦးမယ်။ ဒီကိစ္စကို တိတိကျကျ ပြောဖို့ဆိုရင် ထွက်လာတဲ့ သုတေသနစာတမ်းရဲ့ လူဦးရေဘယ်လောက်ကို စမ်းထားတာလဲ၊ သွေးအုပ်စုတွေကို အနည်း၊ အများ စနစ်ကျအောင်လုပ်ပြီးမှ ပိုးရှိသူကို ပြန်တွက်ချက်တာလား စသဖြင့် တိတိကျကျ တွက်ချက်ပြီးမှ သိပ္ပံနည်းကျ သုတေသနရလဒ်ကို ပြောနိုင်မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် သွေးအုပ်စုနဲ့ ဆက်စပ်တဲ့ ရောဂါတွေတော့ ကြားဖူးပါတယ်။ အစာအိမ်ကင်ဆာဆိုရင် အေသွေးအုပ်စုတွေမှာ ပိုအဖြစ်များပြီး အစာအိမ်အနာ (Peptic Ulcer)ကတော့ အိုသွေးအုပ်စုတွေမှာ ပိုအဖြစ်များတယ်လို့ ဆေးကျောင်းသားဘ၀မှာ လေ့လာမှတ်သားထားဖူးတာ ရှိပါတယ်။ ရောဂါပိုးတွေနဲ့ ပတ်သက်လို့ကတော့ ဘယ်သွေးအုပ်စုက ပိုအဖြစ်များတယ်လို့ ဆရာ မတွေ့ဖူးသေးပါဘူး။

ဘာပဲဖြစ်ဖြစ် COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ပြောရရင် ကိုယ်က ဘယ်သွေးအုပ်စုပိုင်ရှင်ပဲဖြစ်ဖြစ် အိုသွေးပဲ အဖြစ်နည်းတယ်ဆိုပြီး မပေါ့ပါနဲ့၊ အေသွေးပဲ အဖြစ်များတယ်ဆိုပြီးလည်း အရမ်းမစိုးရိမ်ဘဲနဲ့ ကိုယ်လုပ်ရမယ့် ကာကွယ်နည်းတွေဖြစ်တဲ့-

♦ လက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားခြင်း၊

♦ ချောင်းဆိုး/နှာချေရင် တစ်သျှူး ဒါမှမဟုတ် လက်တံတောင်ဆစ်နဲ့ အုပ်ကာခြင်း၊

♦ အာဟာရပြည့်ပြည့်၀၀ စားခြင်း၊

♦ အိပ်ရေး၀၀ အိပ်စက်အနားယူခြင်း၊

♦ လူထူထပ်တဲ့ နေရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊

♦ အသားတွေကို ကျက်အောင် ချက်ပြုတ်စားသောက်ခြင်း စတာတွေကို လိုက်နာကြဖို့ လိုအပ်တယ်လို့ အကြံပေးလိုပါတယ်။

Most Popular

Healthy Life Ad
To Top