Healthy Life Ad
Health Tips

ဆီးချိုရောဂါရှိသူတို့ အမေးများသည့် မေးခွန်းနှင့် အဖြေများ

Q. ဆီးချိုရောဂါရှိသိသူတွေမှာ ခြေမအနာဖြစ်ရင် ဖြတ်ပစ်ရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

ပါမောက္ခဦးကိုကို ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

A. ဆီးချိုသမားတွေက ခြေမအနာဖြစ်တာနဲ့တော့ မဖြတ်ပစ်ရပါဘူး။ ခြေမအနာဖြစ်ရင် ကိုယ်ရဲ့ခြေထောက်ကို မှန်ကိုကြည့်သလို နေ့တိုင်းကြည့်နေပေးဖို့ လိုပါတယ်။ ပြီးရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ချက်ချင်းပြရပါမယ်။ စောစီးစွာ အချိန်မီကုသနိုင်ရင် ပျောက်ကင်းပါတယ်။ တချို့ဆီးချိုသမားတွေရဲ့ ခြေထောက်တွေက ထုံနေတတ်ပါတယ်။ အဲဒါကြောင့် ဆရာတို့က ဆီးချိုသမားတွေကို ခြံထဲလမ်းလျှောက်ရင်တောင် ဖိနပ်မပါဘဲမလျှောက်ဖို့ သတိပေးပါတယ်။ သူတို့ရဲ့ ခြေထောက်တွေက ထုံနေတဲ့အတွက် ခြေထောက်ကို အစူးစူးသွားတာတွေကို မသိဘဲ ဖြစ်နေတတ်ပါတယ်။ သုံးလေးငါးရက်ကြာမှ သတိထားမိတဲ့ အခါမှာတော့ ခြေထောက်ကအနာက ရင်းနေပြီး ပိုးတွေဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ခြေမကမည်းပြီး ပုပ်သွားရင်တော့ ဖြတ်မှရပါတယ်။ သတိထားပြီး ကုသမှုခံယူရင်လည်း ပျောက်ကင်းနိုင်ပါတယ်။

Q. သွေးတွင်း သကြားဓာတ် လျော့နည်းသွားတဲ့အခါမှာ ချိုချဉ်ငုံပေးရတယ်ဆိုတာ မှန်ပါသလား ဆရာ။

A. သွေးတွင်းသကြားဓာတ် လျော့နည်းသွားတဲ့အခါမှာ ချိုချဉ်ငုံပေးရတယ်ဆိုတာလည်း မှန်ပါတယ်။ ဆီးချိုသမားတစ်ဦးဟာ သွေးတွင်းသကြားဓာတ် လျော့နည်းသွားတဲ့အခါမှာ မူးဝေတယ်၊ ချွေးစေးတွေပြန်တယ်၊ ကတုန်ကယင်ဖြစ်တယ်၊ သတိလစ်ချင်သလိုဖြစ်တယ်၊ တစ်ခါတလေတက်ပါတယ်။ အဲဒီလို သွေးတွင်းသကြားဓာတ် လျော့ကျတဲ့အခါမှာ ဆရာတို့က ချိုချဉ် ဒါမှမဟုတ် အချိုရည်လိုမျိုး အချိုဓာတ်ပါတဲ့ အစားအသောက်ကို စားခိုင်းလေ့ရှိပါတယ်။ ဆီးချိုသမားတွေကို ချိုချဉ်လို အစားအစာလေးတွေကို ဆောင်ခိုင်းထားလေ့ရှိပါတယ်။

Q. ဆီးချိုတိုင်းစက်ဝယ်ယူရာမှာ ဘယ်လို Glucometer မျိုးကို ၀ယ်ယူသင့်ပါသလဲ ဆရာ။

A. သွေးတွင်းသကြားဓာတ်တိုင်းစက် Glucometer တွေကတော့ အများကြီးရှိပါတယ်။ နံပါတ်တစ် အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ကုမ္ပဏီရှိတဲ့ ဂလူဂိုမီတာတွေကို ၀ယ်ယူသုံးစွဲဖို့ တိုက်တွန်းချင်ပါတယ်။ တချို့တွေက နိုင်ငံခြားကမှကောင်းတယ်ဆိုပြီး ၀ယ်တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဖောက်တဲ့ဖောက်တံ Strip က မရှိတော့ဘူး။ အဲဒီတော့မှ ဒုက္ခတွေရောက်တတ်ပါတယ်။ အဲဒါကြောင့် Warranty လည်းရှိတယ်၊ ပြည်တွင်းမှာလည်း ကုမ္ပဏီရှိတဲ့ Glucometer ကိုဝယ်ယူတာ ကောင်းပါတယ်။ နံပါတ်နှစ်အနေနဲ့ကတော့ Glucometer ကို ဆရာတို့က သတ်မှတ်ချက်တွေပေးထားတာ ရှိပါတယ်။ အဲဒါတွေကတော့ Glucometer Strip ပြားတွေက ဘူးနဲ့လာတာလည်း ရှိသလို တစ်ခုချင်း အိတ်နဲ့လာတာလည်းရှိပါတယ်။ တစ်ခုချင်း၊ တစ်ခုချင်းခွာသုံးရတဲ့ အိတ်နဲ့လာတာက ပိုကောင်းပါတယ်။ ဘူးနဲ့လာတာဆိုရင် ဘူးကိုဖွင့်လိုက်တာနဲ့ စိုထိုင်းဆ၀င်သွားပါတယ်။ အဲဒီအခါမှာ အဖြေက အနည်းငယ်အမှားအယွင်းဖြစ်နိုင်ပါတယ်။

Glucometer တွေက အပူချိန် ၄ ဒီဂရီစင်တီဂရိတ်အောက်မှာ အလုပ်မလုပ်ပါဘူး။ ၄၀ ဒီဂရီစင်တီဂရိတ် အထက်မှာလည်း အလုပ်မလုပ်ပါဘူး။ အရမ်း အေးနေတဲ့နေရာတွေနဲ့ အရမ်းပူနေတဲ့ နေရာတွေ

“ ဆီးချိုသမားတစ်ဦးဟာ သွေးတွင်းသကြားဓာတ် လျော့နည်းသွားတဲ့အခါမှာ မူးဝေတယ်၊ ချွေးစေးတွေပြန်တယ်၊ ကတုန်ကယင်ဖြစ်တယ်၊ သတိလစ်ချင်သလို ဖြစ်တယ်၊ တစ်ခါတလေ တက်ပါတယ်။ အဲဒီလို သွေးတွင်းသကြားဓာတ် လျော့ကျတဲ့အခါမှာဆရာတို့က ချိုချဉ် ဒါမှမဟုတ် အချိုရည်လိုမျိုး အချိုဓာတ်ပါတဲ့ အစားအသောက်ကို စားခိုင်းလေ့ရှိပါတယ်။”

မှာသာ တိုင်းမယ်ဆိုရင် အဖြေက လုံးဝမမှန်နိုင်ပါဘူး။ အပူချိန်က ဒီအတောအတွင်း ရှိတဲ့နေရာမှာပဲ တိုင်းတာဖို့လိုပါတယ်။ Non-coding System ဖြစ်ရပါမယ်။ ကုတ်ထည့်တဲ့စနစ်ကို ဆရာတို့မကြိုက်ပါဘူး။ ကုတ်စနစ်က ဘယ်လိုလဲဆိုရင် Glucometer ထဲကို ကုတ်လေးတစ်ခုထည့်ပေးရပါတယ်။ အဲဒီကုတ်လေးက F5 ဆိုရင် ကိုယ့်ရဲ့ Strip ပြားနောက်မှာ ကြည့်လိုက်ရင်လည်း F5 လို့ဖြစ်နေရပါမယ်။ ကိုယ်ထည့်ထားတဲ့ ကုတ်နဲ့ ကိုယ်သုံးနေတဲ့ Strip က တူနေဖို့ လိုပါတယ်။ မတူရင် အဖြေကမှားသွားပါတယ်။ တူတဲ့ကုတ်နဲ့ တူတဲ့ Strip ကို ရှာဝယ်ပြီး ပြောင်းထည့်ပေးရပါတယ်။ ကုတ်စနစ်က Strip တစ်ဘူးဝယ်တိုင်း ကုတ်ကို ပြန်ပြန်ပြီး စစ်ပေးရပါတယ်။ မတူရင် ကုတ်ပြောင်းထည့်ပေးရပါတယ်။ အဲဒါကြောင့် ဆရာတို့က ကုတ်စနစ်ကို မကြိုက်ပါဘူး၊ ဖြစ်နိုင်ရင် Non-coding System ကို သုံးဖို့တိုက်တွန်းချင်ပါတယ်။ နံပါတ်သုံးအနေနဲ့ဆိုရင် Glucometer တွေမှာ ၅ စက္ကန့်လောက်နဲ့ စကန်ဖတ်နိုင်တာရှိတယ်။ ၁၀ စက္ကန့်လောက်နဲ့ ဖတ်တာရှိတယ်။ ၁၅ စက္ကန့်နဲ့ဖတ်တာရှိတယ်။ စက္ကန့် ၃၀လောက်နဲ့ဖတ်တာရှိပါတယ်။ အဲဒီအထဲမှာ ၅ စက္ကန့်လောက်နဲ့ ဖတ်တာက အကောင်းဆုံးပါပဲ။

နောက်တစ်ချက်ကတော့ သွေးကိုအနည်းဆုံး လိုအပ်တဲ့ Glucometer က အကောင်းဆုံးဖြစ်ပါတယ်။ သွေးကို အနည်းဆုံးပမာဏဖြစ်တဲ့ ၀ ဒသမ ၅mm လောက်သာ လိုအပ်တဲ့ Glucometer အသုံးပြုတာ အကောင်းဆုံးပါပဲ။ တချို့သော Glucometer က သွေးဖောက်ပြီးတာနဲ့ အပ်ကိုအလိုလိုပြန်တွန်းထုတ်လိုက်တဲ့ Ejector လေးပါဝင်ပါတယ်။ အဲဒီလိုပါဝင်တာကိုသုံးနိုင်ရင် ပိုကောင်းပါတယ်။

Q. ဆီးချိုရောဂါရှိသိသူနှစ်ဦး လက်ထပ်ပြီးမွေးလာတဲ့ ကလေးမှာ ဆီးချိုရောဂါ ဖြစ်နိုင်တယ်ဆိုတာမှန်ပါသလား ဆရာ။

A. ဆီးချိုသမားနှစ်ဦးကမွေးတဲ့ သားသမီးတွေမှာ ဆီးချိုရောဂါပါလာနိုင်တယ်ဆိုတာ မှန်ပါတယ်။ အဖေမှာ ဆီးချိုရောဂါရှိရင်လည်း သားသမီးပါ ဆီးချိုရောဂါဖြစ်နိုင်တယ်၊ အမေမှာရှိရင်လည်းသားသမီးပါ ဖြစ်နိုင်ပါတယ်။ အဖေရော၊ အမေရောမှာ ရှိရင်တော့ ပိုပြီးဖြစ်နိုင်ခြေများတာမှန်ပါတယ်။ အဖေမှာ ဆီးချိုရောဂါရှိရင် ကလေးမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၇ ရာခိုင်နှုန်းရှိပါတယ်။ အမေမှာ ဆီးချိုရောဂါရှိရင် ကလေးမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း ရှိပါတယ်။ တကယ်လို့ အဖေရော၊ အမေရောမှာ ဆီးချိုရှိနေရင် သားသမီးမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းထိ ရှိပါတယ်။ ဆီးချိုသွေးချိုရောဂါဟာ မျိုးရိုး (Gene) ရယ်၊ ပတ်ဝန်းကျင် (Environment) ရယ်ကြောင့်ဖြစ်တာပါ။ မျိုးရိုးကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမဲ့ ရောဂါဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်ကိုတော့ ရှောင်လွှဲလို့ရပါတယ်။ ပတ်ဝန်းကျင်ဆိုတာက နေထိုင်စားသောက်မှုပုံစံကိုပဲ ပြောတာပါ။ ဆီးချိုဖြစ်ပြီဆိုရင် ချိုလွန်းတဲ့အစားအစာတွေကို မစားရတော့ဘူး။ အ၀မလွန်အောင် ထိန်းသိမ်းရပါမယ်။ နေ့တိုင်း သွေးတွင်းသကြားဓာတ်ကို တိုင်းတာစစ်ဆေးနေသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံအတိုင်းနေရပါမယ်။ စိတ်ဖိစီးမှုနည်းအောင် နေရပါမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။ ဆေးလိပ်မသောက်ရပါဘူး။ အရက်တွေကို အလွန်အကျွံမသောက်ရဘူး . . အစရှိတာတွေကို လိုက်နာရပါမယ်။ ဆီးချိုရောဂါကို ကာကွယ်လို့ရလားဆိုရင် ဒီနည်းတွေနဲ့ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်လို့ရပါတယ်။ HealthyLifestyle အတိုင်းနေထိုင်ပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဆီးချိုရောဂါမဖြစ်အောင် ၅၈ ရာခိုင်နှုန်း ကာကွယ်လို့ ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top