Healthy Life Ad
Life Style

ဒေါက်မြင့်ဖိနပ်စီးခြင်းနှင့် ကျန်းမာရေး

Q. အမျိုးသမီးတွေအနေနဲ့ ဒေါက်မြင့်ဖိနပ်၊ ဒေါက်ချွန်ဖိနပ်တွေကို ကြာရှည်စီးတာကြောင့် ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ ဆရာ။

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

A. ဒီနေ့ခေတ်မှာ အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်၊ ဒေါက်ချွန်ဖိနပ်တွေကို စီးလေ့ရှိကြပါတယ်။ တစ်ခါတလေ ခဏတာသွားတာ၊လာတာလောက်ပဲ စီးတယ်ဆိုရင် ပြဿနာမရှိပါဘူး။ အဲဒီလိုမဟုတ်ဘဲ ဒီလိုဒေါက်မြင့် ဖိနပ်တွေကို အချိန်ကြာမြင့်စွာ စီးလေ့ရှိတယ်ဆိုရင် ကျန်းမာရေးထိခိုက်တာ ဖြစ်နိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးလိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရတာဖြစ်တဲ့အတွက် အခန့်မသင့်ရင် ခြေထောက်ခေါက်သွားတာ၊ လဲသွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ခြေထောက်နာသွားတတ်ပါတယ်။

နောက်ဖြစ်တတ်တာက ဒေါက်မြင့်ဖိနပ်ကို ကြာကြာစီးတာကြောင့် ခြေကျင်းဝတ်အဆစ်နာတတ်ပါတယ်၊ ဒူးနာတတ်ပါတယ်၊ ခြေသလုံးကြွက်သားတွေလည်း နာတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ် ကြာကြာစီးတဲ့သူတွေ အများဆုံးဖြစ်တတ်တာက ခါးနာတာပဲ ဖြစ်ပါတယ်။ ခါးနာတယ်၊ ခြေသလုံးကြွက်သားတွေ အရမ်းနာတယ်၊ အဆစ်အမျက်တွေ အရမ်းနာကျင်တတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်မှာ ထိပ်ပိတ်ဖိနပ်တွေကို စီးတယ်ဆိုရင် ခြေသည်းတွေကျိုးသွားတာ၊ ခြေသည်းပဲ့သွားတာ ဖြစ်တတ်ပါတယ်။ ဒါကိုလည်း သတိထား စေချင်ပါတယ်။

Q.ဒေါက်မြင့်ဖိနပ်စီးတာနဲ့ပတ်သက်ပြီး အထူးသတိ

“ဒေါက်မြင့်ဖိနပ် ကြာကြာစီးတဲ့သူတွေ အများဆုံးဖြစ် တတ်တာက ခါးနာတာပဲ ဖြစ်ပါတယ်။ ခါးနာတယ်၊ ခြေသလုံး<ကက်သားတွေ အရမ်းနာတယ်၊ အဆစ် အမျက်တွေ အရမ်းနာကျင်တတ်ပါတယ်။ ဒေါက်မြင့် ဖိနပ်မှာ ထိပ်ပိတ်ဖိနပ်တွေကို စီးတယ်ဆိုရင်” . . .

ထားသင့်တဲ့ အချက်တွေရှိရင်ပြောပြပေးပါဦး ဆရာ။

A. ကိုယ်စီးနေကျ ဒေါက်မြင့်ဖိနပ် Brand အမျိုးအစားကိုပဲ စီးစေချင်ပါတယ်။ ပိုပြီးအရည်အသွေး ကောင်းမွန်တဲ့ ဒေါက်မြင့်ဖိနပ် အမှတ်တံဆိပ်အမျိုးအစားကို ရွေးချယ်စီးစေချင်ပါတယ်။ ဒါမှသာ ကိုယ်နဲ့လည်း သင့်တော်မယ်၊ ဖိနပ်ရဲ့အရည်အသွေးကိုလည်း အာမခံနိုင်မယ်။ ဒီလို အမျိုးအစားရွေးချယ်စီးတာတောင် တစ်နေကုန် သွားလာလှုပ်ရှားရင်း စီးမယ်ဆိုရင် တော်တော်လေးထိခိုက်ပါတယ်။ အလုပ်သဘောအရ ခဏတာသွားလာ ချိန်မှာစီးတာမျိုး၊ ပွဲလမ်းသဘင်သွားချိန်မှာ စီးတာမျိုးလောက်ပဲ သင့်တော်ပါတယ်။

နောက်တစ်ခုက ဒေါက်မြင့်ဖိနပ်စီးရင်း အခန့်မသင့်တာကြောင့် အရွတ်ရောင်တာလည်း ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဖိနပ်ရဲ့ အရည်အသွေးကို ဂရုစိုက်စေချင်တာ ဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးထားချိန်မှာ အထူးသတိထားဖို့လိုတာက ချော်မလဲအောင် သတိထားစီးရပါမယ်။ ကိုယ်လျှောက်မယ့်လမ်းက ဘယ်လောက်အထိ ညီညာပြန့်ပြူးနေတဲ့ လမ်းလည်းဆိုတာကိုလည်း သတိထား စေချင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးပြီး ပြေးလွှားသွားလာတာကိုတော့ မလုပ်စေချင်ပါဘူး။

Q. ဒေါက်မြင့်ဖိနပ်စီးတာနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင် ပြောပြပေးပါ ဆရာ။

A. ကျန်းမာရေးအတွက် ဒေါက်မြင့်ဖိနပ်ကို မစီးနဲ့လို့တော့ ပြောလို့ရမှာမရပါဘူး။ လှချင်တဲ့ အမျိုးသမီး ကြီးငယ်မရွေး ဒေါက်မြင့်ဖိနပ်ကို စီးကြမှာပါပဲ။ ဒါကြောင့် ဒေါက်မြင့်ဖိနပ်ကို တတ်နိုင်သမျှ အချိန်တိုတိုလေး စီးစေချင်ပါတယ်၊ ဂရုတစိုက်စီးစေချင်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် များနေတဲ့သူတွေ ဒေါက်မြင့်ဖိနပ်စီးတာကို အထူးသတိပြုစေချင်ပါ တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top