Healthy Life Ad
Health Tips

ဒိုက်ထိုးခြင်း၏ ကောင်းကျိုးများ

ငွေကြယ်စင်ယံ

ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းပြုလုပ်တာက တခြားထိုင်-ထလေ့ကျင့်ခန်းနဲ့ တခြားကိရိယာလွတ် လေ့ကျင့်ခန်းတွေကို ပြုလုပ်တာလိုပဲ ကျန်းမာရေးကောင်းကျိုးတွေကို ထိထိရောက်ရောက်ရရှိစေပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တာကြောင့် သန်စွမ်းကြံ့ခိုင်မှုအဆင့်ကို မြင့်တက်စေပြီး ထိရောက်တဲ့ အောက်ပါကောင်းကျိုးတွေကို ရရှိစေပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းအား သန်စွမ်းစေခြင်း

ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ်အပေါ်ပိုင်း၊ အထူးသဖြင့် ရင်အုံပိုင်း၊ ပခုံးပြင်နဲ့ လက်မောင်းသားရှိ ကြွက်သားတွေကို သန်စွမ်းကျစ်လျစ်စေပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်း လုပ်တာကြောင့် ရင်အုံပိုင်းရှိ အဓိကကြွက်သားတွေကို ခိုင်မာသန်စွမ်းကျစ်လျစ်စေပြီး သင့်ကိုသက်လုံကောင်းမွန်စေပါတယ်။

ဝမ်းဗိုက်သား သန်စွမ်းချပ်ရပ်ခြင်း

ကျောပြင်က အိကျနေရင် အလွန်အမင်း ဆွဲဆန့်ထားသလိုဖြစ်သွားကာ ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်တဲ့အခါ ကျောရိုးမကြီးက သဘာဝအနေအထားအတိုင်း မာကျောကွေ့ကောက် နေပါလိမ့်မယ်။ ဒိုက်ထိုး လေ့ကျင့်ခန်းလုပ်တဲ့အတွက် ၀မ်းဗိုက်သားကြွက်သားတွေကိုလည်း သန်စွမ်းစေ ပါတယ်။

အရိုးထုထည် သန်စွမ်းခြင်း

အသက် ၃၀ အရွယ်ရောက်လာချိန်မှာ အရိုးထုထည်က စတင်လျော့နည်းလာတတ်ပါတယ်။ အရိုးထုထည်ဆုံးရှုံးတာကြာလာရင် အရိုးပါးရောဂါဖြစ်စေနိုင်ပြီး အရိုးကျိုးလွယ်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းလို သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေပြုလုပ်တာကြောင့် လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ်၊ လက်ဖျံနဲ့ပခုံးတွေကို သန်စွမ်းစေကာ အရိုးသိပ်သည်းဆ ကောင်းမွန်အောင် ထိန်းထားပေးနိုင်ပါတယ်။

ဇီဝရုပ်ဖြစ်ပျက်မှုနှုန်း ကောင်းမွန်ခြင်း

ဒိုက်ထိုးလေ့ကျင့်ခန်း လုပ်တာကြောင့် တစ်ချိန်တည်းနဲ့ ကြွက်သားအားလုံးကို အသုံးပြုဖြစ်စေပါတယ်။ ဒါ့အပြင် နှလုံးကို ကောင်းကောင်းအလုပ်လုပ်ဖြစ်စေပြီး သွေးပို့လွှတ်မှုကိုလည်း အားကောင်းစေကာ အသက်ရှူနှုန်းကိုလည်း မြန်စေပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဖြစ်ပျက်နှုန်း မြင့်တက်စေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်း ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top