Healthy Life Ad
Life Style

လေဖြတ်ခြင်းနှင့် နှလုံးရောဂါအန္တရာယ် လျော့ကျစေရန် စားသင့်သည့် ပိုတက်စီယမ်ပြည့်ဝအာဟာရများ

စူး (ဆေးဝါးတက္ကသိုလ်)

ဒီနေ့ခေတ် လူအများစုဟာ ဆိုဒီယမ်(ဆား) အများအပြား၊ ပိုတက်စီယမ်အနည်းငယ်ပါတဲ့ အစားအသောက် တွေကို စားနေကြတာ များပါတယ်။ လေ့လာမှုတွေအရ ပိုတက်စီယမ်ကို များများစားပြီး ဆိုဒီယမ်(ဆား)ကို လျှော့စားတာကြောင့် လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေတဲ့အပြင် နှလုံးရောဂါဖြစ်နှုန်းကိုလည်း လျော့ကျစေပါတယ်။ ပိုတက်စီယမ်ဟာ သွေးကြောတွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပြီး သွေးကြောနံရံ ထူထဲမာကျောမှု မဖြစ်အောင် ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပြီး ရောဂါဝေဒနာကင်းစင်ရေး အတွက် ပိုတက်စီယမ်ပါဝင်မှုမြင့်မားတဲ့အစာတွေကို စားပေးသင့်ပါတယ်။

-ကန်စွန်းဥ

ကန်စွန်းဥဟာ ပိုတက်စီယမ်ပါဝင်မှု အမြင့်မားဆုံးအစာဖြစ်တာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပါ တယ်။ ကန်စွန်းဥ အနေတော်တစ်လုံးမှာ ပိုတက်စီယမ် ၆၉၄ မီလီဂရမ်နဲ့ အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်း စတာတွေပါဝင်ပါတယ်။

– ပဲသီး

ပဲသီးချက်ပြီး ခွက်တစ်ဝက်စာပမာဏမှာ ပိုတက်စီယမ် ၆၀၀မီလီဂရမ် ပါဝင်ပါတယ်။ ပဲသီးတွေက နှလုံးကိုကျန်းမာစေပြီး အမျှင်ဓာတ်လည်း ပါဝင်မှု မြင့်မားပါတယ်။

– ဒိန်ချဉ်

အဆီမပါတဲ့ ဒိန်ချဉ်အလွတ်တစ်ခွက်စာမှာ ပိုတက်စီယမ် ၅၇၉ မီလီဂရမ် ပါဝင်ပါတယ်။ ဒိန်ချဉ် ကို နံနက်စာအဖြစ်စားပေးရင် အကျိုးပြုဘက်တီးရီးယားပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူလမ်းကြောင်းကျန်းမာစေပါတယ်။

– ခုံးကောင်

ခုံးကောင် သုံးအောင်စမှာ ပိုတက်စီယမ် ၅၃၄ မီလီဂရမ်ပါဝင်ပြီး ဗီတာမင် B12 ပါဝင်မှု အများဆုံး အစာပါ။ ပင်လယ်စာကြိုက်သူတွေအနေနဲ့ စားသင့်တဲ့ အစာပါ။

-ဆီးသီး

ဆီးသီးဖျော်ရည်ခွက်ရဲ့ လေးပုံသုံးပုံမှာ ပိုတက်စီယမ် ၅၃၀ မီလီဂရမ်ပါဝင်ပါတယ်။ ဆီးသီးခွက် တစ်ဝက်မှာ ပိုတက်စီယမ် ၄၀၀ မီလီဂရမ်နီးပါး ပါဝင်ပါတယ်။ ဒါ့အပြင် ဆီးသီးကိုစားရင် အရိုးတွေကိုလည်း သန်စွမ်းစေပါတယ်။ တစ်နေ့ ဆီးသီး ၁၀ လုံးစားတဲ့ အမျိုးသမီးတွေဟာ ဆီးသီးခြောက်စားသူ တွေထက် အရိုးသိပ်သည်းဆ သိသိသာသာ ပိုမို ကောင်းမွန်မှုရှိတာကို လေ့လာတွေ့ရှိရပါတယ်။

-မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်ခွက်ရဲ့ လေးပုံသုံးပုံမှာ ပိုတက်စီယမ် ၅၀၀ မီလီဂရမ်ကျော် ပါဝင်ပါတယ်။ မုန်လာဥနီနဲ့ တခြားအ၀ါရောင်ရှိ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေဟာ မျက်စိအမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။

-ငါး

တူနာလို အသားများတဲ့ ငါးသုံးအောင်စ စားရင် ပိုတက်စီယမ် ၅၀၀ မီလီ ဂရမ်ရရှိစေပါတယ်။ ငါးပါ ၀င်မှု များတဲ့ အစာကို နေ့စဉ်စားတာကြောင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၃၅ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။

-ပဲပုပ်စေ့

ပဲပုပ်တွေမှာ ပိုတက်စီယမ် ပါဝင်မှုမြင့်မားတာကြောင့် ကိုယ်တွင်းရောင်ရမ်းမှုဖြစ်စဉ်ကို တွန်းလှန် ပေးနိုင်စွမ်းရှိပါတယ်။ ပဲပုပ်စေ့ချက်ပြီးသား ခွက်တစ်ဝက်စာမှာ ပိုတက်စီယမ် ၅၀၀ မီလီဂရမ် နီးပါး ပါဝင် ပါတယ်။

– ငှက်ပျောသီး

ပိုတက်စီယမ်ပါဝင်မှု မြင့်မားတဲ့ အစာအဖြစ် ငှက်ပျောသီးကို လူအများစုသိကြပါတယ်။ ငှက်ပျောသီး အလတ်စားတစ်လုံးမှာ နှလုံးကျန်းမာစေတဲ့ ပိုတက်စီယမ် ၄၀၀ မီလီဂရမ်ကျော် ပါဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top