Healthy Life Ad
Life Style

အရိုးကျိုးခြင်းကို စတီးချောင်းဖြင့် ကုသမှု

ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အရိုးကျိုးတာကို စတီးချောင်းထည့်ပြီး ကုသမှုအကြောင်း သိပါရစေ ဆရာ။

ဖြေ. အရိုးထဲကို စတီးချောင်းထည့်ပြီး ကုတာကအခုမှ ထည့်တာမဟုတ်ပါဘူး။ ဒီလိုထည့်ပြီး ကုသတာက ကြာခဲ့ပါပြီ။ ပေါင်အရိုးကျိုးတယ်၊ ခြေထောက်အရိုးကျိုးတယ်ဆိုရင် စတီးချောင်းထည့်ပြီး ကုသတာကို Intra-medullary Nailing လို့ ခေါ်ပါတယ်။ အရင်တုန်းကတော့ ပေါင်ရိုးကျိုးရင် Kuntscher Nailing ထည့်ပါတယ်။ ခြေထောက်ရိုးကျိုးရင် Tibia Nailing ထည့်ပါတယ်။ အရင်တုန်းကလုပ်တဲ့နည်းက အရိုးကျိုးရင် ကျိုးတဲ့နေရာကို ခွဲလိုက်ပြီး သတ္တုချောင်းကို အောက်ကနေအပေါ်ကို ထည့်ပါတယ်။ ပြီးရင် အရိုးကိုတေ့လိုက်ပြီး အပေါ်အောက်ဝင်သွားအောင် ရိုက်ချလိုက်ပါတယ်။ ဒီနည်းကို Retrograde Nailing လို့ခေါ်ပါတယ်။ အရိုးကျိုးတာကို ဒီနည်းတွေနဲ့ခွဲ စိတ်ကုသတာက သာမန်အားဖြင့်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အရိုးဘေးမှာရှိတဲ့ အမြှေးပါးလေးတွေ၊ ကြွက်သားတွေထိခိုက်ပြီး သွေးသွားလာမှု နှောင့်နှေးသွားနိုင်ပါတယ်။

အခုနောက်ပိုင်းမှာကျတော့ အရိုးကျိုးတဲ့နေရာကို ခွဲစိတ်ကုသနေစဉ်မှာ C-Arm (Image In Intensifier) ဓာတ်မှန်စက်နဲ့ရိုက်ပြီး အနေအထားတွေကို ကြည့်လို့ရတယ်။ အဲဒီဓာတ်မှန်ကိုကြည့်ပြီး ခွဲစိတ်နေစဉ်မှာပဲ အရိုးကို ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင် ပြုပြင်လို့ရနေပါပြီ။ ဒီလိုအပြင်ကနေတည့်အောင် လုပ်ပေးလို့ရတာကြောင့် အရိုးကျိုးတဲ့နေရာကို ခွဲစရာမလိုတော့ပါဘူး။ ဒီလို အရိုးတည့်နေချိန်မှာ စတီးချောင်းကို ရိုက်ချလိုက်တာကြောင့် အရိုးဆီကို သွေးသွားလာမှုမှာ အနှောင့်အယှက်မပေးတော့ပါဘူး။ ဒီအရိုးတွေ ပိုမိုခိုင်မြဲနေအောင် စတီးချောင်းထဲကို ပင်အပ် (Interlocking Nail)ထည့်ထားတာကြောင့် ဒီအရိုးတွေက ပိုပြီးမြဲနေပါတယ်။

မေး. စတီးချောင်းကို ထည့်တဲ့အချိန်မှာ ခန္ဓာကိုယ်က ပြန်လည်တုန့်ပြန်တာမျိုး ဖြစ်တတ်ပါသလား ဆရာ။

ဖြေ. စတီးချောင်းက Immunologically Inert ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကတုန့်ပြန်မှုမရှိပါဘူး။ ဘတ္ထရီမဖြစ်ရဘူး။ (Electrically Inert) ကြံ့ခိုင်မှုရှိရပါမယ်။ (Physically Strong) ခန္ဓာကိုယ်ထဲကိုထည့်တဲ့ ဒီပစ္စည်းတွေကို Implant လို့လည်း ခေါ်ပါတယ်။ အရိုးကျိုးတဲ့အခါမှာ ဒီပစ္စည်းတွေကိုထည့်တာက အခုမှမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ထည့်ခဲ့တာပါ။ စထည့်ကာစတုန်းကတော့ ဘက်ထရီလိုပဲ + ion တွေ၊ – ion ထွက်တာတွေ ဖြစ်တယ်။ ထည့်တဲ့သတ္တုတွေက ခိုင်ခံ့မှုမရှိဘူး။ အရိုးကျိုးတဲ့ဒဏ်ကို ထည့်တဲ့ပစ္စည်းက မခံနိုင်တာကြောင့် အရိုးတွေက ကောက်လာတယ်။ နောက်ပိုင်းကျတော့ သတ္တုပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်လာတော့ထည့်တဲ့ စတီးချောင်းတွေက ခိုင်ခံ့မှုရှိတယ်၊ ခန္ဓာကိုယ်နဲ့ အဆင်ပြေသွားတယ်။

မေး. အရိုးကျိုးတာကို စတီးချောင်းထည့် ကုသပြီးချိန်မှာ စတီးချောင်းကို ပြန်ထုတ်ဖို့ လိုပါသလားဆရာ။

ဖြေ. တကယ်လို့ကောင်းနေတယ်၊ ဘာပြဿနာမှ မရှိဘူးဆိုရင် ဒီအတိုင်းထားလို့ရပါတယ်။ ပြဿနာဖြစ်တတ်တာကတော့ နိုင်ငံခြားသွားမယ်ဆိုရင် လေယာဉ်ကွင်းမှာ ပြဿနာဖြစ်နိုင်ပါတယ်။ လေယာဉ်ကွင်းမှာ စစ်ဆေးတဲ့အခါ အသံမြည်တတ်တာကြောင့် ဓာတ်မှန်ကိုယူသွားပြီး စတီးချောင်းထည့်ထားတယ်ဆိုတာကို ပြောပြဖို့လိုပါတယ်။ တကယ်လို့ ပြည်ပိုးဝင်ပြီး ကိုက်တာ၊ နီတာ၊ ရောင်တာ၊ နာတာစတဲ့ ဝေဒနာတစ်ခုခု ခံစားရရင်ပြန်ထုတ်ဖို့လိုပါတယ်။ တစ်ခါတလေ ထည့်လိုက်တဲ့ပစ္စည်းက နေရာရွေ့လာတယ်။ ထည့်ထားတဲ့ ၀က်အူတွေက ချောင်လာတယ်ဆိုရင်လည်း ပြန်ထုတ်ဖို့လိုပါတယ်။ စတီးချောင်းကို ပြန်ထုတ်တာကတော့ မထုတ်တာထက်စာရင် ပိုကောင်းတယ်လို့ပဲ ပြောရလိမ့်မယ်။ ဘာလို့လဲဆိုတော့နောက် တစ်ကြိမ်ထိခိုက်မိလို့ စတီးချောင်းထည့်ထားတဲ့ အရိုးနေရာမှာ ထိခိုက်မိရင် စတီးချောင်းနဲ့ရိုက်မိပြီး ပိုပြီးကြေမွပြီးကျိုးတာတွေ ဖြစ်တတ်ပါတယ်။

မခွဲမစိတ်ဘဲ ကုလို့မရတော့တဲ့အခြေအနေမှာဆိုရင် ခွဲစိတ်ကုသတဲ့နည်းကို သုံးရပါတယ်။ အရိုးက သူ့ဘာသာသူလက်ခံနိုင်တဲ့ အနေအထားမဟုတ်ဘဲ လိမ်နေတာ၊ ကောက်နေတာ၊ တိုနေတာ စတဲ့ အခြေအနေတွေဆိုရင် ခွဲစိတ်ပြီး ကုသဖို့လိုလာပါတယ်။ ဥပမာပြောရရင် . . .

မေး. အရိုးကျိုးတိုင်း ခွဲစိတ်ကုသဖို့ လိုအပ်ပါသလား ဆရာ။

ဖြေ. အရိုးကျိုးတာအများစုက မခွဲစိတ်ဘဲ ကုသလို့လည်းရပါတယ်။ အရိုးက ကျိုးတယ်၊ ကောက်သွားတယ်၊ လိမ်သွားတယ်၊ တိုသွားတယ်ဆိုရင် အရိုးကို တည့်အောင်လုပ်ပြီး ကျောက်ပတ်တီးစည်းရတယ်။ အရိုးအတော်များများက သူ့ဘာသာ ဆက်နိုင်စွမ်းရှိပါတယ်။ မဆက်တဲ့ အရိုးဆိုတာရှိပေမယ့် ရှားပါတယ်။ ဥပမာပေါင် ထိပ်ရိုးကျိုးတာဆိုရင် မဆက်ဘူး။ လက်မောင်းရိုးကျိုးရင် တစ်ခါတလေမဆက်ဘူး။ လက်ကောက်ဝတ်ရိုးလေး တစ်ချောင်းကျိုးရင် မဆက်တတ်ဘူး။ ဒါပေမဲ့ အရိုးအများစုက သူ့ဘာသာဆက်တယ်။ အရိုးကျိုးတိုင်း ကျောက်ပတ်တီးစည်းရမယ်၊ ဆေးလိမ်းရမယ်ဆိုတာမဟုတ်ပါဘူး။ အရိုးကိုဆက်အောင် သောက်ရတဲ့ ဆေး၊ လိမ်းရတဲ့ ဆေးလည်းမရှိပါဘူး။ အရိုးပြန်ဆက်အောင် ထားတဲ့အခိုက်မှာ အနားယူခိုင်းပြီး အနာသက်သာတဲ့ ဆေးပေးတာမျိုးပဲ ရှိပါတယ်။

မေး. ဒါဆိုရင်ဘယ်လိုအခြေအနေမှာ အရိုးကျိုးတာကို စတီးချောင်းထည့်ပြီး ကုသပါသလဲ ဆရာ။

ဖြေ. မခွဲမစိတ်ဘဲ ကုလို့မရတော့တဲ့အခြေအနေမှာဆိုရင် ခွဲစိတ်ကုသတဲ့နည်းကို သုံးရပါတယ်။ အရိုးက သူ့ဘာသာသူလက်ခံနိုင်တဲ့ အနေအထားမဟုတ်ဘဲ လိမ်နေတာ၊ ကောက်နေတာ၊ တိုနေတာ စတဲ့ အခြေအနေတွေဆိုရင် ခွဲစိတ်ပြီး ကုသဖို့လိုလာပါတယ်။ ဥပမာ ပြောရရင် ပေါင်ရိုးကျိုးတဲ့အခါ ခြေထောက်ကို Trac-tion ဆွဲထားရတဲ့ အနေအထားမျိုးနဲ့အချိန် ခြောက်ပတ်- ၁၀ပတ်လောက်နေရပါတယ်။ ဆေးရုံမှာ ဒီလိုနေဖို့ဆိုတာ အခုခေတ်မှာ မလွယ်တော့ပါဘူး။ ကုန်ကျစရိတ်ကလည်း အများကြီးတက်သွားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခွဲစိတ်ပြီး စတီးချောင်းထည့် ကုသတာက လူနာအတွက် အကောင်းဆုံးရလဒ်ကို အမြန်ဆုံးရရှိစေပါတယ်။ စတီးချောင်းထည့်ပြီး မကြာခင်မှာပဲ ဆေးရုံကဆင်းပြီး ချိုင်းထောက်နဲ့ လမ်းလျှောက်လို့ရသွားပါတယ်။

မေး. အရိုးကျိုးတာကို စတီးချောင်းထည့်ကုသတာနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. ဒီနည်းလမ်းကို တစ်ကမ္ဘာလုံး သုံးနေကြပါတယ်။ ဆရာတို့လည်း ခေတ်အခါအရ အခြေအနေပေးလို့ သုံးနေပါတယ်။ ခွဲစိတ်ကုသမှုလုပ်တာက ကောင်းတယ်ဆိုပေမယ့် အန္တရာယ်ကတော့ အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ လူငယ်တွေကို ခွဲစိတ်ရင် အန္တရာယ်ရှိပြီး လူကြီးတွေကိုခွဲစိတ်ရင် ပိုပြီးအန္တရာယ်ရှိပါတယ်။ ခွဲစိတ်နေချိန်မှာ မေ့ဆေး၊ ထုံဆေးကြောင့် အန္တရာယ်ဖြစ်နိုင်သလို လူနာမှာ အခြေခံရောဂါရှိရင်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ အဖျားဝင်တာ၊ ပိုးဝင်တာ၊ အနာမကျက်တာ စတာတွေလည်း ဖြစ်တတ်ပါတယ်။ ခွဲစိတ်မှုကြောင့် လူတိုင်းအန္တရာယ်မဖြစ်နိုင်ပေမယ့် လူတိုင်းတော့လည်း အန္တရာယ်မကင်းနိုင်ပါဘူး။ ဒီသဘောတရားကို လူနာနဲ့ လူနာရှင်တိုင်း သဘောပေါက်နားလည်ဖို့ ဆရာတို့က ရှင်းပြရပါတယ်။

လူနာတွေအနေနဲ့ ဆရာဝန်ကို မေးရမယ်။ ဒီဆေးကုသမှုက အန္တရာယ်ရှိလား၊ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုတွေ ဖြစ်နိုင်ခြေရှိသလဲ စသဖြင့် မေးပါ၊ ဆရာဝန်တွေကလည်း ဖြေပေးရပါမယ်။ သေချာရှင်းပြရပါမယ်။ လူနာအနေနဲ့ ဆေးကုသမှုကို မလုပ်ချင်ရင် ငြင်းပိုင်ခွင့်ရှိပါတယ်။ ဆရာဝန်ကိုကြောက်နေဖို့ မလိုပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top