Healthy Life Ad
Life Style

နေ့စဉ် ဗီတာမင်ဒီ အလုံအလောက်ရရှိစေမည့် နည်းလမ်း ၁၂သွယ်

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဗီတာမင်ဒီဟာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ လတ်တလောလေ့လာမှုအရ ဗီတာမင်ဒီဟာ အအေးမိခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်သလို စိတ်ဓာတ်ကျရောဂါကိုလည်း တွန်းလှန်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဗီတာမင်ဒီမှာ အလားတူ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိနေပါတယ်။ သတင်းကောင်းတစ်ခုကတော့ လူအများစုက ဗီတာမင်ဒီကို အလုံအလောက်ရရှိကြပါတယ်လို့ ဆေးပညာအသင်းက ဆိုပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ နေရောင်ခြည်ထဲမှာ အချိန်အလုံအလောက်မနေဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ဗီတာမင်ဒီကို စုပ်ယူမှုနဲ့ ပတ်သက်ပြီး ပြဿနာရှိနေခဲ့ရင် ဗီတာမင်ဒီကို အလုံအလောက်ရရှိနိုင်ဖို့မလွယ်ပါဘူး။ ဒါကြောင့် အရိုးကျန်းမာရေးသာမက အထွေထွေကျန်းမာရေးပါ ကောင်းမွန်နေစေဖို့ အောက်ပါနည်းလမ်း ၁၂ရပ်ကို လိုက်နာပေးသင့်ပါတယ်။

(၁) နေခြည်နုနု

သင့်ခန္ဓာကိုယ်က နေခြည်နုနုနဲ့ ထိတွေ့မှုကြောင့် ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ နေရောင်ခြည်ဒဏ်ကပြင်းထန်လွန်းရင်တော့ အရေပြားကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နံနက် ၁၀နာရီ မတိုင်ခင်နဲ့ ညနေ သုံးနာရီနောက်ပိုင်းမှာရှိတဲ့ နေခြည်နုနုကို မိနစ်၂၀-၃၀ခန့် ခံယူတာက အရေပြားကို မထိခိုက်ဘဲ အကျိုးကျေးဇူးကိုသာ ရရှိနိုင်ပါတယ်။ အမြင့်ပိုင်းဒေသမှာ နေသူတွေနဲ့ ဆောင်းရာသီအချိန်အခါတွေမှာ နေရောင်ခြည်ကို ရရှိနိုင်ခြေနည်းပါတယ်။ အဲဒီလိုအချိန်အခါတွေမှာတော့ တခြားဗီတာမင်ဒီရရှိစေမယ့်နည်းလမ်းတွေကို လိုက်နာပြီး ရယူသင့်ပါတယ်။

(၂) အဆီများသော ငါး

အဆီများတဲ့ငါးက ဗီတာမင်ဒီရရှိစေတဲ့ အကောင်းဆုံးအရင်းအမြစ်ပဲ ဖြစ်ပါတယ်။ အဆီများပြီး စားသင့်တဲ့ ငါးတွေကတော့ ဆယ်လ်မွန်ငါး၊ ထရောက်ငါး၊ မက်ကရယ်ငါး၊ တူနာငါးစတာတွေပဲ ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး သုံးအောင်စမှာ ဗီတာမင်ဒီ ၄၅၀ အိုင်ယူပါတာကြောင့် တစ်နေ့မှာ လူတစ်ယောက်လိုအပ်တဲ့ ဗီတာမင်ဒီပမာဏ ၆၀၀အိုင်ယူကို ရရှိလုနီးပါး ဖြစ်စေပါတယ်။ အသက် ၇၀ ကျော်ရင်တော့ တစ်နေ့မှာ ဗီတာမင်ဒီ ၈၀၀အိုင်ယူ လိုအပ်ပါတယ်။

(၃) တူနာငါးပါသော ငါးသေတ္တာဘူး

လတ်ဆတ်တဲ့ တူနာငါးတွေက ဗီတာမင်ဒီကို ရရှိစေရုံသာမက ငါးသေတ္တာလို စည်သွပ်ဘူးထဲက တူနာငါးကို စားရင်လည်း ဗီတာမင်ဒီကို ရရှိတာပါပဲ။ ငါးသေတ္တာဘူးထဲက တူနာငါးနဲ့ ဆာဒင်းငါးလေးအောင် စမှာ ဗီတာမင်ဒီ ၁၅၀ အိုင်ယူပါဝင်နေပါတယ်။

(၄) အချို့သော မှိုအမျိုးအစား

ကျွန်မတို့ လူသားတွေလိုပဲ မှိုတွေကလည်း နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဗီတာမင်ဒီကို ထုတ်လုပ်နိုင်စွမ်း ရှိနေပါတယ်။ ဒါပေမဲ့ အမှောင်ထဲမှာ ပေါက်တဲ့ မှိုထဲမှာတော့ ဗီတာမင်ဒီမပါဝင်ပါဘူး။ နေပူထဲမှာ ပေါက်တဲ့ မှိုတွေထဲမှာသာ ဗီတာမင်ဒီ ပါဝင်နေပါတယ်။

(၅) အားဖြည့်နွားနို့

အမေရိကန်နိုင်ငံကထုတ်တဲ့ နွားနို့အမျိုးအစား အားလုံးနီးပါးမှာ ဗီတာမင်ဒီတွေနဲ့ အားဖြည့်ထားပါတယ်။ နွားနို့ ရှစ်အောင်စ၀င် ဖန်ခွက်တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ဒီ အနည်းဆုံး ၁၀၀အိုင်ယူပါဝင်နေပြီး ဒိန်ချဉ်ခြောက်အောင်စမှာ ၈၀ အိုင်ယူပါဝင်နေပါတယ်။

(၆) လိမ္မော်ရည်

နို့နဲ့ နို့ထွက်ပစ္စည်းကို မကြိုက်ရင်လည်း ပြဿနာမရှိပါဘူး။ အကြောင်းကတော့ အားဖြည့်လိမ္မော် ရည်ရှစ်အောင်စ၀င်ဖန်ခွက်တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ဒီ ၁၀၀အိုင်ယူပါဝင်နေပါတယ်။

(၇) ကြက်ဥ၊ ဘဲဥအနှစ်

ကြက်ဥ၊ဘဲဥလို ဥအမျိုးမျိုးမှာ ဗီတာမင်ဒီ အလုံအလောက်ပါဝင်နေပါတယ်။ ဒါကြောင့် နံနက်စာ၊ နေ့လယ်စာ၊ ညစာအပါအ၀င် အစာစားတိုင်း ကြက်ဥ၊ ဘဲဥတွေက ရေပန်းစားရတာဖြစ်ပါတယ်။ ဥအနှစ်ထဲမှာ ဗီတာမင်ဒီပါဝင်တာကြောင့် အကာချည်းမစားဘဲ တစ်လုံးလုံး စားပေးဖို့လိုပါတယ်။ ကြက်ဥ၊ ဘဲဥ အနှစ်တစ်လုံးမှာ ဗီတာမင်ဒီ ၄၀ အိုင်ယူပါဝင်ပါတယ်။ ဒါပေမဲ့ တစ်နေ့တည်းနဲ့ ကြက်ဥ၊ ဘဲဥတွေ အများကြီးတော့ မစားသင့်ပါ။

(၈) ငါးကြေးဆီ

ငါးကြေးဆီဖြည့်စွက်ဆေး (Cod Liver Oil Capsule) တစ်တောင့်မှာ ဗီတာမင်ဒီ ၁၃၀၀အိုင်ယူ လောက်ပါဝင်နေပါတယ်။ ဒီပမာဏက တစ်နေ့တာ လိုအပ်တယ်လို့ သတ်မှတ်ထားတဲ့ ဗီတာမင်ဒီ ၆၀၀ ထက် နှစ်ဆကျော်ပိုများနေပါတယ်။

(၉) အမဲသားအသည်း

ချက်ထားတဲ့အမဲသားအသည်း သုံးအောင်စခွဲမှာ ဗီတာမင်ဒီ ၅၀ အိုင်ယူပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တို့လည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ အမဲသားအသည်းမှာ ကိုလက်စထရောပမာဏ မြင့်တက်နေတာကြောင့် အဆီများတဲ့ငါးကို အစားထိုးစားပေးနိုင်ရင် ပိုကောင်းပါတယ်။

(၁၀) အားဖြည့်ကွေကာ

သင်က ဗီတာမင်ဒီအလုံအလောက် ရရှိအောင် ရှာဖွေနေတယ်ဆိုရင် နံနက်စာစားရာမှာ အားဖြည့်ကွေကာ (Fortified cereal) ကို ရွေးစားသင့်ပါတယ်။ အားဖြည့်ကွေကာတစ်ခွက်စာပမာဏမှာ ဗီတာမင်ဒီ ၉၀ အိုင်ယူပါဝင်ပါတယ်။

(၁၁) ခရမ်းလွန်ရောင်ခြည်ပါသော မီးအိမ်

ဗီတာမင်ဒီချို့တဲ့မှုကြောင့် ကျန်းမာရေးအန္တရာယ်ရှိနေသူတွေအနေနဲ့ ခရမ်းလွန်ရောင်ခြည်ထွက်တဲ့ မီးအိမ်၊ မီးသီးတွေအောက်မှာနေဖို့ တီထွင်ထားတာပါ။ ဗီတာမင်ဒီ စုပ်ယူအားနည်းလွန်းသူတွေနဲ့ ဆောင်းရာသီတွေမှာ ဗီတာမင်ဒီ အလုံလောက်မရရှိသူတွေအတွက် သင့်တော်ပါတယ်။ ဒီမီးအိမ်အောက်မှာနေရင် မျက်စိကို အကာအကွယ်ယူထားရတာကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သုံးသင့်ပါတယ်။

(၁၂) ဖြည့်စွက်အားဆေးများ

နေ့စဉ် သင့်တော်တဲ့ အတိုင်းအတာ မှီဝဲပေးရုံနဲ့ ဗီတာမင်ဒီကို အလုံအလောက်ရနိုင်တဲ့ ဖြည့်စွက်ဆေးပါ။ ဗီတာမင်ဒီက များလွန်းရင်လည်း အန္တရာယ်ရှိပါတယ်။ အသက်၉နှစ်ကျော်သူတွေအတွက် ဗီတာမင်ဒီ ၄၀၀၀ အိုင်ယူထက်မကျော်ဖို့ ညွှန်ကြားထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top