Healthy Life Ad
Life Style

ခြေထောက် သွေးပြန်ကြောပိတ်ခြင်း

ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဘာကြောင့် ခြေထောက်သွေးပြန်ကြောပိတ်တတ်ပါသလဲ ဆရာ။

ဖြေ. ခြေထောက်သွေးကြောပိတ်တာက အသက်ကြီးတဲ့သူတွေမှာ Atherosclerosis (သွေးလွှတ်ကြော အတွင်းသားမာကျောခြင်း)ကြောင့် အဖြစ်များပါတယ်။ လူငယ်၊ လူရွယ်တွေမှာတော့ ဆေးလိပ်သောက်တာကြောင့် Burger’s Disease လို့ခေါ်တဲ့ သွေးကြောပိတ်တဲ့ ရောဂါတစ်မျိုးကြောင့် အဖြစ်များပါတယ်။ သွေးကြောပိတ်စေတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ သွေးခဲပိတ်တဲ့ Embolism ကြောင့်လည်း ဖြစ်တတ်ပါတယ်။

မေး. ခြေထောက်သွေးကြောပိတ်တာက ဘယ်သူတွေမှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ. အများအားဖြင့်တော့ အသက်ကြီးတဲ့သူ၊ ဆီးချို သွေးချိုရောဂါကို မထိန်းချုပ်နိုင်တဲ့သူနဲ့ ဆေးလိပ်သောက်တဲ့ လူငယ်၊ လူလတ်ပိုင်းမှာ ခြေထောက်သွေးပြန်ကြောပိတ်တာကို အတွေ့ရများပါတယ်။ ခြေထောက် သွေးပြန်ကြောပိတ်လာရင်သွေးက မှန်မှန်မလျှောက်တော့ပါဘူး။ သွေးက မှန်မှန်မလျှောက်တော့ အနာဖြစ်လာရင် အနာကမကျက်တော့ဘူး။ တစ်ခါတလေ အနာကမည်းပြီး ခြေထောက်က သွေးမလျှောက်တော့မည်းပြီး ပုပ်လာတတ်ပါတယ်။ အဲဒီအခါ ခြေထောက်ဖြတ်ပစ်ရတတ်ပါတယ်။

မေး. ခြေထောက်သွေးပြန်ကြောပိတ်ပြီး ခြေထောက်ဖြတ်ရတဲ့အခါ ဘယ်နေရာက ဖြတ်ရပါသလဲ ဆရာ။

ဖြေ. ဒါက ပြဿနာနည်းနည်းရှိပါတယ်။ သွေးကြောက ဘယ်နေရာက စပိတ်နေသလဲဆိုတာ သိဖို့လိုပါတယ်။ အဲဒီလူနာတွေလာပြရင် ကောင်းတဲ့ခြေထောက်နဲ့သွေးကြောပိတ်နေတဲ့ ခြေထောက်နှစ်ဖက် ကိုယှဉ်ကြည့်လိုက်ပါတယ်။ ယှဉ်ကြည့်လိုက်တဲ့အခါ သွေးကြောပိတ်နေတဲ့ ခြေထောက်က သွေးမလျှောက် တဲ့အပိုင်းတွေက အေးနေပါတယ်။ ပေါင်ကနေစပြီး စမ်းသပ်ကြည့်လိုက်တဲ့အခါ သွေးမလျှောက်တဲ့ နေရာရောက်တဲ့အခါ နွေးရာကနေအေးသွားပါတယ်။ အဲဒီအခါကျရင် အဲဒီအေးနေတဲ့ နေရာက သွေးကြောပိတ်နေပြီဆိုတာ သိလိုက်ပါတယ်။ ဒါပေမဲ့ သေချာစေဖို့ စမ်းသပ်မှုတွေလုပ်ပါတယ်။

မေး. ဘယ်လို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရပါသလဲ ဆရာ။

ဖြေ. ခြေထောက်သွေးပြန်ကြောပိတ်တဲ့ အပိုင်းကိုသိနိုင်ဖို့ Angiogram စစ်ဆေးမှုလုပ်ရပါတယ်။ အဲဒီစစ်ဆေးမှုအရ တွေ့ရပြီဆိုရင် လူနာကို ခြေထောက်က ပုပ်နေပြီဆိုတာ ရှင်းပြရပါတယ်။ လူနာတွေကတော့ ပုပ်နေပြီ၊ ဖြတ်ရတော့မယ်ဆိုရင် ခြေထောက်ကို မဖြတ်ချင်ကြပါဘူး။ ဖြတ်မှဖြစ်မယ်ဆိုတဲ့ အခြေအနေမှာတောင် အနာနားကပ်ပြီး ဖြတ်ပေးပါ ဆရာလို့ပြောကြပါတယ်။ ပြဿနာက အဲဒီလို အနာနားကပ်ပြီး ဖြတ်လိုက်ရင် အနာကမကျက်တော့ပါဘူး။ အဲဒီတော့ သွေးကြောတွေဆက်ပိတ်ပြီး နောက်တစ်ခေါက်ထပ်ဖြတ်ရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါ ငွေကုန်ကြေးကျများတယ်၊ ဒုက္ခပိုများတယ်၊ အလုပ်ပိုရှုပ်တယ်။ ဒါကြောင့် ပိတ်တဲ့ ခြေထောက်သွေးကြောအပေါ်နားက ကပ်ပြီးဖြတ်ရပါတယ်။ ဒါမှ အနာလည်း ကောင်းကောင်းကျက်တယ်။ သွေးကြောလည်း ထပ်မပိတ်တော့ပါဘူး။

လူငယ်တွေမှာဖြစ်ရင် ဆေးလိပ်သောက်လို့ပဲဆိုတာ သိသာပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူတွေကို ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်မဖြတ်ရင် ခြေထောက်ဖြတ်ရလိမ့်မယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါအမှန်ပါပဲ။ ဆေးလိပ်သောက်တဲ့ သက်တမ်းကကြာလေလေ၊ ခြေထောက်သွေးကြောပိတ်နိုင်ခြေများလေလေပါပဲ။ အကြမ်း အားဖြင့် ဆေးလိပ်သောက်တဲ့သူတွေက ခြေ၊ လက် သွေးကြောတွေပိတ်တတ်ပါတယ် . . .

မေး. ခြေထောက်သွေးကြောပိတ်တာက အဖြစ်များပါသလား ဆရာ။

ဖြေ. အဖြစ်များပါတယ်။ ဆီးချိုသွေးချိုရောဂါကြောင့် ခြေထောက်ပုပ်တာ(Gangrene)လည်း အဖြစ်များပါတယ်။ လူငယ်တွေမှာဖြစ်ရင် ဆေးလိပ်သောက်လို့ပဲဆိုတာ သိသာပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူတွေကို ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်မဖြတ်ရင် ခြေထောက်ဖြတ်ရလိမ့်မယ်လို့ ပြောလေ့ရှိကြပါတယ်။ ဒါအမှန်ပါပဲ။ ဆေးလိပ်သောက်တဲ့ သက်တမ်းကကြာလေလေ၊ ခြေထောက်သွေးကြောပိတ်နိုင်ခြေ များလေလေပါပဲ။ အကြမ်းအားဖြင့် ဆေးလိပ်သောက်တဲ့သူတွေက ခြေ၊ လက်သွေးကြောတွေ ပိတ်တတ်ပါတယ်။

မေး. ဆေးလိပ်ကြောင့် ခြေထောက်သွေးကြောတွေပိတ်တဲ့အခါ ဘယ်လိုလက္ခဏာတွေကို ခံစားရပါသလဲ ဆရာ။

ဖြေ. ခြေထောက်သွေးကြောတွေပိတ်တဲ့အခါ Vascular Claudification လို့ ခေါ်တဲ့ သွေးကြောတွေတောင့်တင်းတာ၊ လမ်းလျှောက်ရင် ခြေသလုံးကတောင့်တင်းပြီး နာတာဖြစ်တတ်ပါတယ်။ ရပ်လိုက်ရင် သက်သာသွားတယ်။ နောက်တစ်ခါ ပြန်ပြီး လမ်းလျှောက်လိုက်ရင် ပြန်နာပြန်ရော.. အဲဒီလို ဝေဒနာတွေ ဖြစ်တတ်ပါတယ်။ အများအားဖြင့် ဒီလိုလမ်းကောင်းကောင်းလျှောက်လို့ မရလို့ဆိုပြီး လာပြတတ်ပေမယ့် တချို့လူနာတွေကျတော့ ခြေထောက်က မည်းပုပ်ပြီးမှ လာပြတာရှိပါတယ်။ ဒီလူနာတွေကို စမ်းကြည့်ရင် ခြေထောက်သွေးကြောတွေက သွေးမခုန်တော့ပါဘူး။ ခြေထောက်တွေက အေးနေပါတယ်။

မေး. ခြေထောက်သွေးကြောပိတ်တဲ့အတွက် ဖြတ်ပြီးတဲ့နောက်ပိုင်းမှာ ပုံမှန်အတိုင်းသွားလာနိုင်ဖို့ ဘယ်လိုဆောင်ရွက်ပေးရပါသလဲ ဆရာ။

ဖြေ. ခြေထောက်ဖြတ်လိုက်ရတဲ့အခါ ဘ၀ဆုံးသွားတယ်လို့ တချို့လူနာတွေက ထင်နေကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ခြေထောက် နှစ်ဖက်ဖြတ်ပြီးမှ ဟိမ၀န္တာတောင်ကိုတက်နေတဲ့သူ၊ အောင်မြင်တဲ့သူတွေအများကြီးရှိတယ်။ အခုခေတ်မှာ ခြေထောက်အတု (Prothesis) တွေက တော်တော်ကောင်းလာပါပြီ။ ခြေထောက်အတုတပ်ထားတဲ့သူက လူကောင်းတွေနဲ့ ယှဉ်ပြေးနိုင်နေပါပြီ။ အတုတွေက အစစ်ထက် ပိုကောင်းတာမျိုးတောင်ရှိနေပါပြီ။ ခြေထောက်အတုတွေက သူများနိုင်ငံတွေမှာ တော်တော်ကောင်းနေပါပြီ။ ဆရာတို့နိုင်ငံမှာလည်း သိပ်မကြာခင်အချိန်အတောအတွင်းမှာ အမျိုးအစားကောင်းမွန်တဲ့ ခြေထောက်အတုတွေရှိလာတော့မှာပါ။ အခုလည်း ခြေထောက်အတုနဲ့သွားနိုင်၊ လာနိုင်တဲ့သူတွေ အများကြီးရှိနေပါတယ်။

မေး. ခြေထောက်ဖြတ်ပြီးတဲ့အချိန်မှာ ကောင်းတဲ့သွေးကြောတွေထပ်မပုပ်အောင် ဘယ်လိုကာကွယ်သင့်ပါ သလဲဆရာ။

ဖြေ. သွေးကြောကောင်းတဲ့ နေရာကနေစပြီး ဖြတ်လိုက်တဲ့အခါ အနာက ကောင်းကောင်းကျက်သွားပါတယ်။ အဲဒီအချိန်မှာ ဆေးလိပ်ကို ဖြတ်သင့်ပါတယ်။ ဆေးလိပ်ဆက်သောက်နေရင် အပေါ်က သွေးကြောတွေ ဆက်ထိခိုက်ပြီး သွေးကြောပိတ်နိုင်ခြေ ရှိနေပါတယ်။ ဆေးလိပ်မသောက်တော့ဘူးဆိုရင် ထပ်ဖြစ်ဖို့ အခွင့်အလမ်းက တော်တော်နည်းသွားပါတယ်။

မေး. ခြေထောက်သွေးပြန်ကြောပိတ်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. ခြေထောက်သွေးကြောပိတ်ပြီး ခြေထောက်သွေးမလျှောက်တာက အဖြစ်များပါတယ်။ ခြေထောက်မှာ အနာဖြစ်လာရင်၊ ပုပ်လာရင် အမြန်ဆုံးပြသပါ။ မဟုတ်ရင် ပိုးဝင်တာတွေဖြစ်ပြီး ပိုဆိုးလာနိုင်ပါတယ်။ အဲဒီအခါ ပိုပြီး ဖြတ်ရတဲ့ အဆင့်အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြေချောင်းတွေ ညိုလာတယ်၊ မည်းလာတယ်၊ ပုပ်လာတယ်၊ ခြေထောက်က အေးလာတယ်ဆိုရင် ဆေးမြီးတိုတွေ လျှောက်မလုပ်ပါနဲ့၊ မကောင်းနိုင်ပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ သောက်လည်းမကောင်းနိုင်ပါဘူး။ ညဘက်ဘယ်လိုမှအိပ်လို့ မရဘူးဆိုပြီး ရောက်လာတတ်ပါတယ်။ ခြေထောက်ကိုဖြတ်ပေးလိုက်မှ သက်သာသွားတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top