Healthy Life Ad
Q & A

မကြာခဏ လည်ပင်းချိုးခြင်း

မေး. လည်ပင်းချိုးတာကို မကြာခဏလုပ်မိနေပါတယ်။ လည်ပင်းမချိုးရရင် မနေနိုင်လောက်အောင်ပါပဲ။ လည်ပင်းမချိုးရမနေနိုင်အောင်မဖြစ်ဖို့ ဘယ်လိုလုပ်ပေးသင့်ပါသလဲ။
Thiri (FB)

ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒါက လည်ပင်းတင်းတောင့်လို့ ဖြစ်တာပါ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ လည်ပင်းအနေအထားက ပုံမမှန်တဲ့အတိုင်း အကြာကြီးနေတာ၊ စာအကြာကြီးဖတ်တာ၊ တီဗီအကြာကြီး ကြည့်တာစတဲ့ အပြုအမူတွေကြောင့် လည်ပင်းကြွက်သားတွေ တောင့်တင်းပြီး ညောင်းညာနေတတ်ပါတယ်။ ဒီလို လည်ပင်းတောင့်တင်းနေတဲ့အခါ လည်ပင်းလေ့ကျင့်ခန်းကို လုပ်ပေးဖို့လိုပါတယ်။ အဲဒီလို လေ့ကျင့်ခန်းမလုပ်တဲ့ အခါကျတော့လည်ပင်းညောင်းတာကို အညောင်းဖြေတဲ့အနေနဲ့ မေးကို ဆတ်ခနဲထိုးထိုးပြီးခါတာ၊ လည်ပင်းချိုးတာ စတဲ့အမူအကျင့်တွေကို မကြာခဏ လုပ်မိတတ်ကြတယ်။ အဲဒီလိုလုပ်တာက ကြာလာတော့အကျင့်ဖြစ်သွားပြီး လူရှေ့သူရှေ့မရှောင် လုပ်လာကြတယ်။ တချို့ဆိုရင် ကိုယ့်ဘာသာကိုယ်တောင် သတိမထားမိဘဲ လုပ်မိသွားတာမျိုးရှိပါတယ်။ ဒါက ကြီးကြီးကျယ်ကျယ် ရောဂါမဟုတ်ပါဘူး။ လည်ပင်းကြွက်သားလေ့ကျင့်ခန်း နှစ်မျိုးရှိပါတယ်။

(၁) Dynamic Exercise

လည်ပင်းကိုလှုပ်ရှားပြီး လုပ်ရတဲ့လေ့ကျင့်ခန်း၊ ဒါက လည်ပင်းညောင်းညာနေတဲ့အခါ၊ တောင့်တင်းနေတဲ့အခါ လည်ပင်းကို ဘေးဘက်စောင်းချ၊ ရှေ့ကို ငိုက်ချ၊ နောက်ကိုလှန်ချတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးလိုက်ရင် အညောင်းပြေသွားပါတယ်။

(၂) Static Knight Exercise

လည်ပင်းကို မလှုပ်ရှားဘဲ လုပ်ရတဲ့ လေ့ကျင့်ခန်းဆိုပြီး နှစ်မျိုးရှိပါတယ်။

ဒီလေ့ကျင့်ခန်းနှစ်မျိုးအနက် လည်ပင်းကို ငြိမ်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းက ပိုပြီး စိတ်ချရပါတယ်။ လည်ပင်းကိုတည့်တည့်ထားပြီး လက်နှစ်ဖက်နောက်ပစ်ပြီး လည်ပင်းကို ဆုပ်ဆွဲခိုင်းပါတယ်။ တင်းလာပြီး ပူခနဲဆင်းသွားပြီဆိုရင် ဒါအညောင်းပြေသွားပါတယ်။ ဒါကို ရှေ့၊ နောက်၊ ၀ဲ၊ ယာ အနေအထားလေးမျိုးနဲ့ လုပ်ခိုင်းပါတယ်။ တစ်ခါလုပ်ရင် ၁-၂-၃-၄ ဆိုပြီး ၁၀ လောက်အထိ ရေခိုင်းလိုက်တယ်။ ဒါဆိုရင် နှစ်စက္ကန့်- သုံးစက္ကန့်လောက်အထိ ကြွက်သားတွေကို ပြေလျော့သွားစေတယ်။ တော်ရုံတန်ရုံ ကြွက်သားတောင့်တင်းတာလောက်တော့ ဒီလေ့ကျင့်ခန်းတွေက သက်သာစေပါတယ်။

လည်ပင်းချိုးတာက အကျင့်ပါပြီး လူရှေ့သူရှေ့မှာလည်း လည်ပင်းချိုးလေ့ရှိတဲ့အတွက် သိပ်အဆင်မပြေပါဘူး။ လည်ပင်းချိုးတာက အန္တရာယ်အရှိကြီး မဟုတ်ပေမယ့် အကျင့်ပါနေတော့ လူကြားသူကြားမှာ သိပ်တော့ အဆင်မပြေပါဘူး။

ဆရာစောစောက ပြောတဲ့လေ့ကျင့်ခန်းနှစ်မျိုး အနက်တစ်မျိုးကို သတ်မှတ်ထားတဲ့ အချိန်အတောအတွင်းမှာ တစ်ခါလုပ်ခိုင်းရင် ၁၀ ကြိမ်လုပ်ခိုင်းပါတယ်။ တစ်နေ့ ၂- ၃ကြိမ်လုပ်ခိုင်းပါတယ်။ ဒါဆိုရင် အညောင်းအညာပြေပြီး ကြွက်သားတွေ အားရှိသွားပါတယ်။ ခါးမှာ ခါးလေ့ကျင့်ခန်းလုပ်သလိုပဲ လည်ပင်းလေ့ကျင့်ခန်းလုပ်ပေးတဲ့အတွက် လည်ပင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top