Healthy Life Ad
Life Style

ယောက်ျားပြီးခြင်း

ဒေါက်တာတင့်ဆွေ

– အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ။

မေး. ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃၀ နှစ်ဝန်းကျင်ပါ။ ကျွန်တော်မေးချင်တာက လိင်မှုဆက်ဆံ ရေးနဲ့ဆိုင်ပါတယ်။ ကျွန်တော့်ရည်းစားနဲ့ လိင်ဆက်ဆံမှုပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁၀ မိနစ်လောက်ဆိုကျသွားပါတယ်။ ပြန်မာအောင်လုပ်ပြီး ထပ်ဆက်ဆံပြန်ရင်လည်း ၁၀ မိနစ် ၀န်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။ တခါတခါ ပြီးဖို့လည်း အတော်လေးကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါပြီးရင်တော့ ၁ နာရီ လောက်နားပြီး ပြန်ဆွပေးရင်ပြန်မာလာပြန်ပါတယ်။ ဒါပေမဲ့ အခုနလိုပဲ လိင်ဆက်ဆံမှု ပြုနေရင်းနဲ့ ပြန်ကျသွားတတ်ပြန်ပါတယ်။ ကျွန်တော့်ရဲ့စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့ လိင်ဆက်ဆံတဲ့အကြိမ်ရေ ကျွန်တော့်မှာ အတော်လေးနည်းပါးပါတယ်။ များသောအားဖြင့် masturbation လုပ်တာများပါတယ်။ ကျွန်တော်စိုးရိမ်တာက masturbation အလုပ်များလို့ လက်ရဲ့အားကိုလိင်ဆက်ဆံမှုလုပ်တာက မလိုက်နိုင်တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညှိုးများဖြစ်နေပြီလား ဆိုတာကိုပါ။ ကျွန်တော်အတော်လေးတော့ ဒီကိစ္စကိုစိုးရိမ်နေပါတယ်။ များသောအားဖြင့် သုက်လွှတ်မြန်တာကို ထိန်းဖို့ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန်ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။

ဖြေ. (မာစတာဘေးရှင်း)ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သားကျကြတာပါပဲ။ ငယ်တုံးကအကျင့်ကြောင့် နောင်ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ်မဖြစ်ပါ။

လိင်စိတ်ဝင်စားသူနှစ်ဦးအသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွတ်၊ သန်မာလာတာဟာ စိတ်ကြောင့်ဖြစ်လာတာပါ။ နောက်တစ်ဆင့် အင်္ဂါတွေထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွတ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမိုမြင့်မားလာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီးရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုန်းလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါရောဂါတခုရဲ့လက္ခဏာမဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ် တရပ်သာဖြစ်ပါတယ်။

မေးတဲ့သူမှာ ပန်းညှိုးရောဂါမရှိပါ။ ရှိတဲ့သူတွေက ၁၀ မိနစ်မပြောနဲ့ စတောင်မစနိုင်ကြရှာပါ။ အင်္ဂါချင်းထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂမပါဘဲဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကိုပြင်ဖို့လိုမယ်။ “အင်္ဂါသန်မာမှု”ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီးဆိုင်တယ်။ Viagra ဆေးဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုးတခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။

စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံခြောက်ပါးဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာချင်းမတူ ကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင်ဖတ်ဖူးကြလိမ့်မယ်။

လက်ကိုသုံးလို့ ပိုအဆင်ပြေတာကိုထောက်ရင် လက်ရဲ့လှုပ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မအင်္ဂါကို အသုံးပြုခြင်းက ဒီလောက်အဆင်မပြေတဲ့သဘော ဖြစ်နေတယ်။ အဆင်ပြေအောင်လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့စိတ်၊ လေးချက်ရှိတယ်။

ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကိုဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဖို့လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်းကိုဘဲ ရွေးထုတ်ပြောကြတာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လိုထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖော်နဲ့ ဆက်ဆံရာမှာ အဲလိုအခြေအနေမျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။

ကျားအင်္ဂါရဲ့ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျပြောရရင် ထိပ်ဖျား(ခေါင်း)နဲ့ သူရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။ အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင်ဖြစ်စေသလို ခံစားမှုလည်း အများဆုံးရစေတယ်။ လက်ကိုအသုံးပြုရင်လည်း ဒါကိုဖြစ်စေအောင်လုပ်တာပါပဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုးဖြစ်အောင်လုပ်ပါ။

မအင်္ဂါကလည်း အဆင်ပြေဖို့လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွားရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုးမကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကျွမ်းကျင်မှုလိုသေးတယ်။ ကလေးမွေးဖူးတာနဲ့ မအင်္ဂါအ၀ရဲ့ အောက်တည့်တည့်နေရာက စုတ်ပြဲသွားတော့တယ်။ ကလေးမမွေးဖူးရင်တောင်မှ တချို့စုတ်သွားတတ်သေးတယ်။ တင်းအားလျော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မအင်္ဂါကို လိုတယ်ထင်ရင် ခွဲ စိတ်ပြုပြင်ပြီး၊ အပျိုနဲ့မခြားအောင် ဆရာဝန်များက ပါရမီဖြည့်ပေးနိုင်တယ်။ အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်းအဆိုး ရှိသေးတယ်။ အတွေ့အကြုံရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်”ဆိုတာလိုပေါ့။

နောက်ပြီး မအင်္ဂါအ၀သာမက အဲဒီနေရာတ၀ိုက်က ကြွက်သားနဲ့အရွတ်တွေ သန်မာနေဖို့လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျော့ကျပြီး၊ Prolapse of the Uterus “သားအိမ်ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ်ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင်များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ်ကျ (ကျွံ)တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက်(အောက်)ဖက်မှာရှိတဲ့ အစာဟောင်းအိမ်ကျ (ကျွံ)တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်း အိမ်သုံးခုလုံးတပြိုင်နက်ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။

ကလေးမီးဖွားရလို့ မဟုတ်ဘဲ အနေအထိုင်လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဖူးတယ်။ အလေးအပင်မတာ၊ အထိုင်အထလုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ၀မ်းညှစ်သွားရတာစတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်ကကြည့်ရင် (၀ိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီးသူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်”လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေးအရပါ ကောင်းတယ်။ ဆောင့်ကြောင့်မထိုင်သင့်ဘူး။

ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေဖြစ်တယ်။ ဒါတွေကနေ စုစည်းမတင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာချေ၊ အလေးအပင်မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်းမတင်ပေးတဲ့အားလျော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကျွံဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။

ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ပြီး ပြန်ကောင်းအောင်လုပ်နိုင်တယ်။ Pelvic floor exercise လို့ ခေါ်တယ်။ သိပ်မခက်၊ သိပ်အပန်းမကြီးပါ။ ဘယ်ကြွက်သားတွေလဲဆိုတာသိဖို့ အရင်သင်ပေးရတယ်။ ဆီးသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတ၀ိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ်ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေတင်းလိုက်၊ လျော့လိုက်လုပ်ပေးတာက လေ့ကျင့်ခန်းဖြစ်တယ်။ တခါလုပ်ရင် ၁၀-၂၀ ကြိမ်၊ နေ့တိုင်း ၂ ကြိမ်လုပ်ပါ။

နောက်တချက်လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓာတ်ဆားနည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ၀မ်းပျက်တာတွေကြောင့်ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့ အစားတွေက ငှက်ပျောသီး၊ လိမ်မ္မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည်သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။
ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျားအင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုပ်ရှားမှုလုပ်တယ်။ လက်နဲ့လည်း ဒါမျိုးလုပ်တာပဲ။ အင်္ဂါနှစ်ခုလုံးသုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံးယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာကိုရော ထိမိစေတာဖြစ်ရင် ခံစားမှုအများဆုံးရစေတယ်။ မအင်္ဂါဟာ အ၀နဲ့အတွင်းပိုင်းတွေက မတူကြဘူး။ အ၀ကကျဉ်းတဲ့အပြင် ကြွက်သားက လှုပ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြောအများဆုံးနေရာနဲ့ မအင်္ဂါရဲ့အကျဉ်းဆုံးနေရာနှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ်ပိုစေတယ်။ ပြောခဲ့သလို မအင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် လိင်စိတ်အနည်းအများမတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက်ယောက်ကနေ ဦးဆောင်နိုင်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ် . . .

နောက်ဆုံးအချက်က မစိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လိင်စိတ်အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တစ်ယောက်ယောက်ကနေ ဦးဆောင်နိုင်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့်(ပါတနာ)ကိုပါ ပူးပေါင်းဆောင်ရွက်ဖို့စည်းရုံးပါ။

တယောက်က ခံစားမှုကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူပဲ။ အနေအထား၊ နည်းလမ်း၊ လှုပ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံးဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေပြီးပြီး ပျောက်ပျောက်၊ တစ်ခါတလေတမေ့တမြော။ တစ်ခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ(ပါဖက်)ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောကမထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေးတိုးတက်လာတာ စုံတွဲတိုင်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top