Healthy Life Ad
Life Style

ဆေးလိပ်၊ အရက်၊ ကွမ်းနှင့် ကင်ဆာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) (အတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဆေးလိပ်ကြောင့် ကင်ဆာအဖြစ်များတယ်လို့ သိရပါတယ်။ ကင်ဆာကာကွယ်ရေးနဲ့ ဆေးလိပ်အကြောင်းနဲ့ပတ်သက်ပြီး ဘယ်လို အကြံပြုချင်ပါသလဲ ဆရာ။

ဖြေ ။ ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့ တစ်ခုတည်းသောအချက်ကို ပြောရမယ်ဆိုရင် ဆေးလိပ်ဖြတ်ပါလို့ပဲ ပြောချင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဆုတ်နဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းအတော်များများမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ငွေ့နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေဖြစ်တဲ့ အဆုတ်၊ ခံတွင်းစတာတွေမှာ ကင်ဆာဖြစ်စေနိုင်သလို ဆေးလိပ်ငွေ့နဲ့ တိုက်ရိုက်မထိတွေ့တဲ့နေရာဖြစ်တဲ့ ကျောက်ကပ်၊ ပန်ကရိယတွေ၊ အမျိုးသမီးတွေဆိုရင် ရင်သားနဲ့ သားအိမ်ခေါင်းတွေမှာလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့(Second Hand Smoke)ကြောင့်လည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဥပမာ အိမ်တစ်အိမ်မှာ အိမ်သားတစ်ဦးက ဆေးလိပ်သောက်နေရင် သူသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရတဲ့အတွက် အဆုတ်ကင်ဆာဖြစ်နိုင်တဲ့အပြင် အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းရောဂါတွေလည်း ဖြစ်တတ်ပါတယ်။

မေး ။ ဆေးလိပ်ကိုဘယ်လိုဖြတ်သင့်ပါသလဲ ဆရာ။

ဖြေ ။ ဆေးလိပ်ဖြတ်မယ်ဆိုရင် တုံးတိဖြတ်မှ ရပါတယ်။ လျှော့သောက်ရင် မပြတ်တာ များပါတယ်။

မေး ။ ကင်ဆာကာကွယ်ရေးနဲ့ အရက်အကြောင်းကိုလည်း ပြောပြပေးပါ ဆရာ။

ဖြေ ။ ကင်ဆာကာကွယ်ဖို့အတွက် အရက်ကိုလည်းမသောက်ရင် အကောင်းဆုံးပါ။ မသောက်ရ မနေနိုင်ရင် အရက်ကို အမျိုးသားဆိုရင် တစ်နေ့ နှစ်ယူနစ်၊ အမျိုးသမီးဆိုရင် တစ်နေ့ တစ်ယူနစ်ထက် ပိုပြီး မသောက်သင့်ပါဘူး။ အရက်ကို အလွန်အမင်းသောက်တာကြောင့် အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အရက်တစ်ယူနစ်ဟာ ၀ီစကီ တစ်ပက်၊ ၀ိုင်တစ်ဖန်ခွက်၊ ဘီယာတစ်ဘူးနဲ့ ညီမျှပါတယ်။ တစ်ပတ်မှာ အမျိုးသားတွေက အရက် ၂၁ ယူနစ်ထက် ပိုမသောက်သင့်သလို အမျိုးသမီးတွေက အရက် ၁၄ ယူနစ်ထက် ပိုမသောက်သင့်ပါဘူး။ အရက်ကို အလွန်အမင်းသောက်တာကြောင့် အသည်းကင်ဆာအပြင် ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာတွေ၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေပါတယ်။

မေး ။ ကွမ်းယာနဲ့ ကင်ဆာ ဆက်စပ်မှုကိုလည်း ပြောပြ ပေးပါဦး ဆရာ။

ဖြေ ။ ကွမ်းယာ စားတာကြောင့် အဓိက ဖြစ်တတ်တာက ခံတွင်းကင်ဆာပါ။ ကွမ်းထဲမှာ ပါတဲ့ ဆေးရွက်ကြီး၊ ဆေး၊ ထုံး စတာတွေကြောင့် ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ တစ်ကမ္ဘာလုံးမှာ အရှေ့တောင်အာရှနိုင်ငံတွေက ကွမ်းစားနှုန်းများပြီး မြန်မာနိုင်ငံကလည်း ကွမ်းစားနှုန်း အလွန်များလာပါတယ်။ ဒါကြောင့် ခံတွင်းကင်ဆာဖြစ်နှုန်းမှာ မြန်မာနိုင်ငံက နံပါတ်ခြောက်နေရာမှာ ရှိတယ်လို့ ဆိုကြပါတယ်။
ခံတွင်းအတွင်းထဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ရင်၊ ပါးစပ်ထဲမှာ အနာ၊ အလုံး၊ အနီကွက်၊ အဖြူကွက်တွေ ဖြစ်ပေါ်ရင် ခံတွင်းကင်ဆာ လက္ခဏာတွေ ဖြစ်လို့ သတိပြုသင့်ပါတယ်။

မေး ။ တချို့လူတွေက ဆေးလိပ်၊ အရက်နဲ့ ကွမ်း သုံးမျိုးစလုံး သုံးစွဲနေတာကိုလည်း တွေ့ရပါတယ်။ ဒါနဲ့ ကင်ဆာဆက်နွှယ်မှုကိုလည်းပြောပြပေးပါဦး ဆရာ။

ဖြေ ။

ဆေးလိပ်၊ အရက်နဲ့ ကွမ်းယာ သုံးခုစလုံးကို သုံးစွဲတယ်ဆိုရင် ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်က တစ်ခုတည်း သုံးစွဲတာထက် နှစ်ဆကျော် ပိုမြင့်မားသွားပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ကွမ်းယာ သုံးခု ပေါင်းပြီး သုံးစွဲလိုက်တာကြောင့် ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာဖြစ်နှုန်းက သိသိသာသာ မြင့်တက်သွားပါတယ်။

ဆေးလိပ်၊ အရက်နဲ့ ကွမ်းတွေ စားတတ်ရင် ပြတ်စေဖို့ အမူအကျင့်ကို ပြောင်းလဲပစ်မှ ရပါမယ်။

ဒီအရာတွေက စွဲလမ်းစေတဲ့ သဘောရှိတဲ့အတွက် ဖြတ်ရခက်ပါတယ်။

မကောင်းတဲ့ အရာတွေကို ပြတ်နိုင်ဖို့ဆိုရင် စိတ်ကသာ အဓိကပါ။ စိတ်က ပြတ်ရင် ဖြတ်လို့ ရပါတယ်။

ဆေးလိပ်၊ အရက်နဲ့ ကွမ်းတွေ ပြတ်ချင်ရင် မိသားစုဆရာဝန်၊ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်စတာတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဖြတ်ပေးသင့်ပါတယ်။

ဆေးလိပ်၊ အရက်နဲ့ ကွမ်းတွေသုံးစွဲတာကြောင့် စီးပွားရေး၊ လူမှုရေး စတာတွေထိခိုက်နိုင်ပါတယ်။

ကင်ဆာကာကွယ်နိုင်ဖို့ Prevention is better than cure. လို့ ဆိုကြပါတယ်။ ကာကွယ်မှုဆိုတာ ဂရုပြုမှုနဲ့ လိုက်နာဆောင်ရွက်မှုတို့ ပေါင်းစပ်မှ ကာကွယ်ရာ ရောက်တာပါ။ ဆရာတို့က အခုလို ဆေးလိပ်၊ အရက်နဲ့ ကွမ်းတွေအကြောင်း ကျန်းမာရေးပညာပေးတယ်၊ ဟောပြောတယ်ဆိုတာ ဂရုပြုနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဖတ်ရှုသူ၊ နားထောင်သူတွေက လိုက်နာဆောင်ရွက်မှုရှိမှသာ ကင်ဆာကို ကာကွယ်ရာ ရောက်ပါတယ်။
_ _ _
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top