Healthy Life Ad
Child

ကလေး အိပ်ပျော်စဉ် အသက်ရှူလမ်းကြောင်းပိတ်ခြင်း (Obstructive Sleep Apnea Syndrome)

ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)

မေး. အိပ်ပျော်စဉ် အသက်ရှူလမ်းကြောင်းပိတ်တဲ့ ရောဂါအကြောင်း သိပါရစေ ဆရာ။

ဖြေ. ဒီရောဂါက အိပ်မောကျနေတဲ့အချိန်မှာ လည်ပင်းတစ်လျှောက် ကြွက်သားတွေ ပျော့ကျသွားပြီး အသက်ရှူလမ်းကြောင်း “ပိတ်” ပိတ်သွားတတ်တဲ့ ရောဂါပါ။ ဒီရောဂါက ဒီလောက်အဖြစ်မများလှပေမယ့် အခုနောက်ပိုင်း ပိုပြီး သတိထားမိလာတာနဲ့အမျှ ပိုပြီးတော့ တွေ့လာရပါတယ်။ ခေတ်မီစမ်းသပ်တဲ့ နည်းပညာရှိလာပြီဆိုတော့ ပိုသိလာသလို ထိရောက်တဲ့ ကုသမှုကိုပေးရင် ရေရှည်ဆိုးကျိုးတွေကို ကာကွယ်နိုင်တဲ့အတွက်လည်း အရေးကြီးပါတယ်။ လူကြီးတွေက တစ်နေ့ ၈နာရီလောက် အိပ်စက်လေ့ရှိပေမယ့် ကလေးငယ်တွေက အိပ်တဲ့အချိန်က ပိုများပါတယ်။ ဒါကြောင့် ဆေးပညာရှင်တွေက အိပ်စက်နေတဲ့အချိန်မှာဖြစ်တဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုတွေ၊ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ စတာတွေကို ပိုပြီး လေ့လာသိရှိလာကြပါတယ်။ ဒါကြောင့်လည်း အိပ်စက်ခြင်းဆိုင်ရာ ရောဂါတွေကိုပဲ သီးသန့်လေ့လာတဲ့ ပညာရှင်တွေ၊ သီးသန့်ညီလာခံတွေ ကျင်းပကြတာ ရှိပါတယ်။ အခုပြောတဲ့ “အိပ်”ရင် “ပိတ်” တဲ့ ရောဂါက ဒီရောဂါတွေထဲက တစ်ခုပါ။

မေး ဒီရောဂါက အိပ်ရင် ဟောက်တာနဲ့ သက်ဆိုင်ပါသလား ဆရာ။

ဖြေ. သက်ဆိုင်ပါတယ်။ ဟောက်တတ်တဲ့သူတိုင်းမှာတော့ ဒီရောဂါ ရှိ၊ မရှိ စဉ်းစားရပါမယ်။ အိပ်ရင်ဟောက်တဲ့အကြောင်းနားလည်ဖို့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းအကြောင်းကို အရင် ရှင်းပြချင်ပါတယ်။ လူက ပြင်ပကလေကို နှာခေါင်း ဒါမှမဟုတ် ပါးစပ်ကနေ ရှူသွင်းလို့ရပါတယ်။ နှာခေါင်းရဲ့ နောက်ဖက်မှာ နှာခေါင်းလည်မျို (Nasopharynx) ရှိပါတယ်။ ပါးစပ်ရဲ့နောက်မှာပါးစပ်လည်မျို (Orophrynx) ရှိပါတယ်။ ဒီနှစ်ခုက အမည်ကွဲပေမယ့် အပေါ်အောက်တစ်ဆက်တည်းပါ။ အဲဒီတော့ ရှူသွင်းလိုက်တဲ့လေဟာ လည်မျိုထဲရောက်သွားပါတယ်။ လည်မျိုဟာ ရင်ခေါင်းအ၀ရောက်တော့ အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်းဆိုပြီး နှစ်ခုကွဲသွားတယ်။ ရှူသွင်းလိုက်တဲ့ လေက အသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ကိုဝင်ပါတယ်။ လည်မျိုရဲ့နံရံက ကြွက်သားတွေနဲ့ တည်ဆောက်ထားတော့ အိပ်မောကျတဲ့အချိန်မှာ ကြွက်သားတွေပျော့ကျပြီး လည်မျိုက သဘာဝအားဖြင့် ကျဉ်းသွားတတ်ပါတယ်။

ပါးစပ်ရဲ့ နောက်ဘေးတစ်ဖက်တစ်ချက်မှာ အာသီးနှစ်ခုရှိပါတယ်။ ဒါက မြင်နေရပါတယ်။ အဲဒီလိုပဲ နှာခေါင်းရဲ့နောက်က နှာခေါင်းလည်မျိုရဲ့နောက်နံရံအောက်မှာ မမြင်ရတဲ့ အာသီးတစ်ခု ရှိပါသေးတယ်။ ဒါကို Adenoids လို့ ခေါ်တယ်။ အဲဒါတွေကြောင့်လည်း အသက်ရှူတဲ့လမ်းကြောင်းဟာ အဖုအထစ်တွေနဲ့ ပိုကျဉ်းသွားတယ်။ အိပ်မောကျတဲ့အခါမှာ လည်မျိုကိုတည်ဆောက်ထားတဲ့ ကြွက်သားတွေက အတော်အသင့်ပျော့ကျသွားတယ်။ အဲဒီတော့ ပိုကျဉ်းသွားတယ်။ ဒီကျဉ်းမြောင်းတဲ့ နေရာမှာ လေကတိုးဝင်ရ၊ တိုးထွက်ရရင် ဟောက်သံ ဖြစ်ပေါ်လာပါတယ်။ ပိုကျဉ်းလေ ဟောက်သံပိုကျယ်လေပါ။ ဒါပေမဲ့ ကျဉ်းလွန်းလို့ သိပ်ပိတ်သွားရင်တော့ဟောက်သံပါ ပျောက်သွားတတ်ပါတယ်။ အသက်ရှူလည်း ခဏရပ်သွားတတ်ပါတယ်။

မေး. ဟောက်သံပျောက်ရင် အသက်ရှူရပ်သွားတာလား ဆရာ။

ဖြေ. ဟုတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ လေမ၀င်တော့ အသက်ရှူရပ်သွားတာပါ။ ဒါပေမဲ့ မပူပါနဲ့။ အသက်ရှူရပ်သွားတာနဲ့ သွေးထဲမှာ အောက်ဆီဂျင်ဓာတ် နည်းသွားတယ်။ အောက်ဆီဂျင်နည်းတဲ့သွေးက ဦးနှောက်ကို ရောက်တာနဲ့ ဦးနှောက်ရဲ့ အသက်ရှူမှုထိန်းချုပ်တဲ့နေရာက ကြွက်သားတွေကို လှုံ့ဆော်တယ်။ အဲဒီမှာ အိပ်မောကျရာက နည်းနည်းပြန်နိုးလာပြီး ကြွက်သားတွေ ပြန်တောင့်လာတော့ အသက်ရှူလမ်းကြောင်း ပြန်ပွင့်တယ်။ တစ်ခါတစ်ရံမှာလည်း လူးလွန့်ပြီး ဟိုလှုပ်ဒီလှုပ်နဲ့ အသက်ရှူလမ်းကြောင်း ပြန်ပွင့်တယ်။ ဟောက်သံလည်း ပြန်ထွက်တယ်။ တစ်နည်းအားဖြင့် ဒီရောဂါရှိတဲ့ ကလေး၊ လူကြီးတွေမှာ ကြာရှည်အိပ်မောကျတာမရှိဘဲ အိပ်မောကျလိုက် ပြန်နိုးလိုက် ဖြစ်နေတတ်ပါတယ်။ ကောင်းကောင်းအိပ်ရေးမ၀တော့ပါဘူး။

အိပ်ရေးကောင်းကောင်းမ၀တဲ့အခါကျတော့ နေ့ဘက်စာသင်ချိန်မှာ အာရုံမစိုက်နိုင်တာ၊ ငိုက်တာတွေဖြစ်နိုင်ပါတယ်။ မနက်ပိုင်း ခေါင်းကိုက်တာလည်း ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ တွေ့ရတတ်တဲ့ အာရုံစူးစိုက်မှုလျော့နည်းပြီး ဂနာမငြိမ်ဖြစ်တဲ့ ADHD ရောဂါနဲ့လည်း ဆက်စပ်တာကို တွေ့ရပါတယ်။

မေး. ဒီလိုအိပ်ရင်း ပိတ်တဲ့ရောဂါကြောင့် ကျန်းမာရေးအပေါ် ဘယ်လိုထိခိုက်မှုတွေ ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. အိပ်ရေးကောင်းကောင်းမ၀တဲ့အခါကျတော့ နေ့ဘက်စာသင်ချိန်မှာ အာရုံမစိုက်နိုင်တာ၊ ငိုက်တာတွေ ဖြစ်နိုင်ပါတယ်။ မနက်ပိုင်း ခေါင်းကိုက်တာလည်းဖြစ်တတ်ပါတယ်။ ကလေးတွေမှာတွေ့ရတတ်တဲ့ အာရုံစူးစိုက်မှုလျော့နည်းပြီး ဂနာမငြိမ်ဖြစ်တဲ့ ADHD ရောဂါနဲ့လည်း ဆက်စပ်တာကို တွေ့ရပါတယ်။ စိတ်ဓာတ်ကျတာ၊ ကြမ်းတမ်းတာ စတဲ့အမူအကျင့်ဆိုင်ရာ ပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။ စာမလိုက်နိုင်တာလည်းဖြစ်နိုင်ပါတယ်။ ရေရှည်မှာတော့ သွေးတိုးတာ၊ နှလုံးထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနည်းပါးတာလည်း ဖြစ်နိုင်ပါတယ်။

မေး. ဘယ်လိုအခြေအနေတွေရှိရင် ဒီရောဂါ ဖြစ်စေနိုင်ပါသလဲ ဆရာ။

ဖြေ. အာသီး(မြင်ရတဲ့ အာသီးနဲ့ မမြင်ရတဲ့ အာသီး) ကြီးတာ၊ Allergic Rhinitis လို့ခေါ်တဲ့ သွေးမတည့်တာကြောင့်ဖြစ်တဲ့ နှာခေါင်းပန်းနာနဲ့ အ၀လွန်တဲ့ ကလေးတွေက ပိုဖြစ်တတ်ပါတယ်။ တချို့ကလေးတွေက နှာခေါင်းပန်းနာကြောင့် အမြဲလိုလို နှာစေး၊ နှာခေါင်းပိတ် ဖြစ်နေတတ်ပါတယ်။ ဒီကလေးတွေမှာ အမြဲပါးစပ်နဲ့ အသက်ရှူနေရတတ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တာကတော့ မွေးရာပါမေးတစ်ဝိုက်နဲ့ ပါးစပ်ပတ်ဝန်းကျင် ချို့ယွင်းချက်တွေပါပဲ။ ဒီရောဂါဖြစ်တဲ့ မျိုးရိုးရှိရင်လည်း ပိုဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်သူရှိရင်လည်း ပိုဖြစ်တတ်ပါတယ်။

မေး. ဒီရောဂါ ဟုတ်၊ မဟုတ် ဘယ်လိုစမ်းသပ် သိရှိနိုင်ပါသလဲ ဆရာ။

ဖြေ. Sleep Study လို့ခေါ်တဲ့ “အိပ်ချိန်မှာ ပြောင်းလဲမှုများ စမ်းသပ်ခြင်း”ကို လုပ်ရပါတယ်။ ညအချိန်မှာ အသက်ရှူနှုန်း၊ နှလုံးခုနှုန်း၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်အတက်အကျ၊ ဦးနှောက်လျှပ်စစ်လှိုင်း စတာတွေကို တောက်လျှောက် မှတ်တမ်းတင်ထားရပါတယ်။ ပြီးတော့ ၁ နာရီအတွင်းမှာ ဘယ်လောက်အသက်ရှူရပ်တာ၊ အောက်ဆီဂျင်ကျတာရှိသလဲဆိုတာ တွက်ချက်ပြီး ပြတဲ့ ရလဒ်အရ ရောဂါ ရှိ၊ မရှိ ဆုံးဖြတ်ပေးပါတယ်။

မေး. ဒီရောဂါဖြစ်ခဲ့ရင် ဘယ်လို ကုသမှုပေးပါသလဲ ဆရာ။

ဖြေ. ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။ နှာခေါင်းအမြဲပိတ်နေတဲ့ နှာခေါင်းပန်းနာရှိတဲ့ ကလေးတွေမှာတော့ စတီးရွိုက်ဟော်မုန်းပါ နှာခေါင်းဖျန်းဆေးတွေကို ပုံမှန်ပေးထားပြီး တိုးတက်မှု ရှိ၊ မရှိ ပြန်ကြည့်လို့ရပါတယ်။ နှာခေါင်းသွေးမတည့်တာကိုထိန်းချုပ်တဲ့ သောက်ဆေးတွေလည်းပေးလို့ ရပါတယ်။ ကိုယ်အလေးချိန် လျှော့ချတာကလည်း အကျိုးရှိပါတယ်။ ရောဂါလက္ခဏာကလည်း ပြင်းထန်၊ အာသီးလည်းကြီးတဲ့ ကလေးတွေမှာ အာသီးခွဲထုတ်လိုက်ရင် အများကြီးသက်သာသွားနိုင်ပါတယ်။ နောက်တစ်နည်းကတော့ နှာခေါင်းဝမှာ တပ်ထားတဲ့ အသက်ရှူထောက်ကူပစ္စည်းတပ်တာပါပဲ။ ဒါကတော့ ဒီမှာအလွယ်တကူ မရသေးပါဘူး။

အိပ်တဲ့အချိန်မှာ ဟောက်တတ်တဲ့ကလေး၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲ မကြာခဏ လူးလွန့်တတ်တဲ့ကလေး၊ ပညာသင်ယူရာမှာ အခက်အခဲရှိတဲ့ ကလေးတွေထည့်သွင်းစဉ်းစားရမယ့် ရောဂါဖြစ်ပါတယ်။ သတိထားမိပြီး စနစ်တကျ စမ်းသပ်စစ်ဆေးကုသမှုပေးရင် အများကြီး သက်သာပျောက်ကင်းအောင် ကူညီလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top