Healthy Life Ad
Women

အမျိုးသမီးတို့၏ တင်ပါးအမျိုးအစားလေးမျိုးနှင့် ထိရောက်သည့် လေ့ကျင့်ခန်းများ

– လရိပ်မေ

တချို့အမျိုးသမီးတွေက သူတို့ရင်သားနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျဖြစ်တတ်တယ်၊ တချို့အမျိုးသမီးတွေကျတော့ သူတို့တင်ပါးအပေါ် အလိုမကျဖြစ်တတ်ကြတယ်။ အမျိုးသမီးတွေရဲ့ တင်ပါးက အဓိကအားဖြင့် ထောင့်မှန်စတုဂံပုံစံ၊ လုံးဝိုင်းတဲ့ပုံစံ၊ အသည်းနှလုံးပုံစံနဲ့ ဗီပုံစံဆိုပြီး အမျိုးအစားလေးမျိုး ရှိပါတယ်။ ကိုယ့်တင်ပါးအမျိုးအစားက ဘယ်အထဲမှာ ပါဝင်သလဲဆိုတာ ဆန်းစစ်ပြီး ပိုပြီး တင်းရင်းလှပအချိုးကျအောင် လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။


အမျိုးအစား (၁) ထောင့်မှန်စတုဂံပုံစံ

ထောင့်မှန်စတုဂံပုံတင်ပါးရှိရင် အဆီတွေက တင်ပါးရဲ့အပေါ်ဘက်နဲ့ အောက်ဘက်တွေမှာ ပြည့်တင်းနေပါလိမ့်မယ်။ ဒီအချိန်မှာ တင်ပါးတင်းရင်းစေမယ့် လေ့ကျင့်ခန်းလုပ်ဖို့လိုပြီး အဆီနည်းတဲ့ အစားအသောက်ကို စားပေးသင့်ပါတယ်။ ဒီလိုတင်ပါးပိုင်ရှင်တွေက ကိုယ်ခံအားစနစ်ကောင်းတတ်ပါတယ်။


– ခြေထောက်မြှင့်ပါ

ဘေးတစောင်းလှဲပြီး ခြေထောက်တစ်ဖက်ကို ကြမ်းပြင်ပေါ် ဖြောင့်ဖြောင့်ဆန့်ထုတ်ထားပြီးနောက် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပါ။ ခြေချောင်းတွေကိုကွေးလိုက်ပါ။ ခြေထောက်တစ်ဖက်စီကို ၁၀ ကြိမ်စီမြှင့်ပေးရပါမယ်။


– ခြေလှမ်းပါ

မာတဲ့အပြား တစ်ခုရွေးပြီး ခြေထောက်တစ်ဖက်ကိုတင်ပါ။ ဒူးတွေက ၉၀ ဒီဂရီအနေအထားရှိဖို့ လိုပါတယ်။ လက်နှစ်ဖက်က အလေးတုံးမပြီး ကြမ်းပြင်ပေါ်မှာ ခြေထောက်တစ်ဖက်ချထားရင်း နောက်ခြေထောက်တစ်ဖက်ကို မာတဲ့အပြားပေါ် လှမ်းတင်ရမှာပါ။ သင့်ကိုယ်အလေးချိန်က ရှေ့ခြေထောက်ပေါ်သက်ရောက်ရပါမယ်။ ပြီးရင် နောက်ခြေထောက်တစ်ဖက်ပြောင်းလုပ်ပါ။


– ခုန်ရင်း ဆောင့်ကြောင့် ထိုင်ပါ

ခန္ဓာကိုယ်အောက်ပိုင်းကို ဆောင့်ကြောင့် ထိုင်ပေးရင်း လက်ဖ၀ါးနှစ်ဖက်ကို ရှေ့မှာဆုပ်ကာ ခုန်ပေးရမှာ ဖြစ်ပါတယ်။


အမျိုးအစား (၂) လုံးဝိုင်းတဲ့ပုံစံ

ဒီအနေအထားကတော့ ဆွဲဆောင်မှုရှိတယ်လို့ဆိုရမှာပါ။ ဒီလိုတင်ပဆုံရှိတဲ့ အမျိုးသမီးတွေက ကလေးမွေးရလွယ်ကူတယ်လို့လည်း ဆိုကြပါတယ်။


– ဆူမိုသမားပုံစံ ဆောင့်ကြောင့်ထိုင်ပါ

ခြေထောက်နှစ်ချောင်းကိုချဲပြီး ခြေချောင်းတွေက ၄၅ ဒီဂရီစောင်းထားပါ။ ပေါင်တွေကို ကြမ်းပြင်နဲ့ အပြိုင်ဆန့်တန်းကာ ဒူးတွေကို ကွေးပေးပါ။


– တံတားပုံစံနေပါ

ပက်လက်လှန်လှဲလျောင်းပြီး တင်ပါးထက်မှာ ခြေထောက်တွေကို မြှင့်လိုက်ပါ။ တစ်မိနစ်လောက် မြှင့်ထားရပါမယ်။


– ခြေထောက် တစ်ဖက်နောက်မှာ မြှင့်ထားပါ

၅-၁၀ ပေါင်ရှိ အလေးတုံးကို လက်တစ်ဖက်စီမှာ ကိုင်ပြီး ခြေထောက်တစ်ချောင်းကို နောက်ဘက်က ဘားတန်းမှာ တင်ထားပါ။ ရှေ့ခြေထောက်ပေါ်ကိုယ် အလေးချိန် သက်ရောက်စေတဲ့နည်းနဲ့ ဒူးကွေးပြီး ခါးကိုဖြောင့်တန်းအောင်ထားပါ။ ခြေထောက်တစ်ဖက်စီကို ၁၅ ကြိမ် ပြုလုပ်ပါ။


အမျိုးအစား (၃) အသည်းနှလုံးပုံစံ

တင်ပါးက အသည်းနှလုံးပြောင်းပြန်ပုံဖြစ်နေတာပါ။ အောက်ခြေက လုံးဝန်းပြီး ခါးက ကျဉ်းတဲ့အနေအထားပါ။ ဒီအနေအထားက အသက်ကြီးလေလေ တွဲကျလေလေဖြစ်တတ်ပါတယ်။


– အလေးကိုင်ပြီး ခန္ဓာကိုယ်တစ်ခြမ်းကွေးပါ

မတ်မတ်ရပ်ပြီး ပခုံးအကျယ်ထက် ခြေထောက်ကို နည်းနည်းချဲထားပါ။ လက်က ၅-၁၀ ပေါင်အလေးတုံးကိုင်ပြီး ခန္ဓာကိုယ် ဘယ်ဘက်ကွေးလိုက်၊ ပြီးရင် ညာဘက်ကွေးလိုက်လုပ်ပေးပါ။


– ခုန်ပါ

ခြေထောက်ကို စုံရပ်ပြီး လက်နှစ်ဖက်ကို တံတောင်ကနေကွေးကာ ဆုပ်ထားပါ။ ပြီးရင် နောက်ခြေထောက်ကိုကွေးရင်း ရှေ့ဘက်သို့ ခြေထောက်တစ်ဖက်ကို ဆတ်ခနဲထုတ်ကာ ခုန်လိုက်ပါ။ ပြီးရင် ပြန်ဆန့်ထုတ်ပါ။


– တောင်တက်ပါ

ကြမ်းပြင်ပေါ် လက်ထောက်အနေအထားနဲ့နေပြီး ပခုံးနဲ့လက်ကို ဖြောင့်မတ်စွာထားပါ။ ခြေထောက်နှစ်ချောင်းက ကြမ်းပြင်ပေါ်မှာ နီးကပ်နေရမှာ ဖြစ်ပါတယ်။ ပြီးရင် တောင်တက်တဲ့ပုံစံမျိုးနဲ့ ခြေထောက်တစ်ဖက်ကို ရင်ဘတ်ဆီမြှင့်ပါ။ မူလပုံစံပြန်နေပြီ နောက်တစ်ဖက်ကို လုပ်ပါ။


အမျိုးအစား (၄) ဗီပုံစံ

သွေးဆုံးပြီး အီစထရိုဂျင်ဟော်မုန်းအဆင့် လျော့ကျသွားတဲ့အခါ အဆီတွေက ခါးမှာစုပြီး တင်ပါးနေရာမှာ လျော့နည်းသွားတတ်ပါတယ်။ ဒီအခါမှာ ဗီပုံစံ တင်ပါးဖြစ်လာတတ်ပါတယ်။


– ဆောင့်ကြောင့်ထိုင်ပါ

ဘေးမှန်ရှေ့မှာရပ်ပြီး ခြေထောက်တွေကို တင်ပါးအကျယ်ထက် နည်းနည်းချဲရပ်ပါ။ ပြီးရင် ထိုင်ခုံတစ်လုံးပေါ် ကြိုးစားထိုင်သလိုမျိုး ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်ပေးပါ။ မေးစေ့က ဖြောင့်တန်းပြီး ဒူးတွေက တည်ငြိမ်ကာ နောက်ကျောက ဖြောင့်မတ်နေရပါမယ်။


– ခြေထောက်ကို ဆတ်ခနဲ ရှေ့ထုတ်ပေးပါ

လက်ကအလေးတုံးကိုင်ထားပြီး ခြေထောက်ကို ရှေ့ဖက် ဆတ်ခနဲဆွဲထုတ်ကာ ဆောင့်ကြောင့်ထိုင်ပေးပါ။


– လက်လွှဲယမ်းကာ ဆောင့်ကြောင့်ထိုင်ပေးပါ

ခြေထောက်တွေကို ပခုံးအကျယ်ထက် နည်းနည်းချဲရပ်ပြီး ဆောင့်ကြောင့်ထိုင်တာနဲ့ ခုန်တာတို့လုပ်ပေးပါ။ လက်နှစ်ဖက်ကိုလည်း ဆန့်တန်းထုတ်ရင်း လွှဲယမ်းနေရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top