Healthy Life Ad
Life Style

ဆင်တုပ်ကွေးရောဂါ သတိပြုဖွယ်ရာ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဆင်တုပ်ကွေးရောဂါက ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ။

ဖြေ. ရောဂါပိုးပါတဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ခြင်ကိုက်လို့ ဖြစ်ရတာပါ။ ဆင်တုပ်ကွေးဖြစ်စေတဲ့ ခြင်က သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ခြင်နဲ့ မျိုးစိပ်တူလို့ နေ့ခင်းဘက်ကိုက်တဲ့ခြင်တွေဖြစ်ပါတယ်။ မနက်လင်းချိန်ကနေ ညနေအထိ ကိုက်တဲ့ခြင်ကြောင့် ဖြစ်တတ်ပါတယ်။

မေး. ဆင်တုပ်ကွေးဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

ဖြေ. အဖျားအရမ်းတက်ပါတယ်။ အရိုးကွဲမတတ် ကိုက်တယ်၊ နာတယ်။ အဆစ်တွေပြုတ်ထွက်မတတ် ခံစားရတယ်။ တချို့ လူနာတွေဆိုရင် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ တချို့လူတွေမှာ ခြေထောက်တွေရောင်လာတယ်။ ခေါင်းလည်း ကွဲမတတ်ခံစားရတတ်ပါတယ်။ ပြီးတော့ အနီစက်တွေထွက်လာပြီး ယားတယ်ဆိုပြီး ပြောကြပါတယ်။ နောက်တစ်ချက်အနေနဲ့ ဆင်တုပ်ကွေးဖြစ်ရင် အဖျားက ၁၀၃- ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိလောက်အထိ ဖျားပါတယ်။

မေး. ဆင်တုပ်ကွေးဖြစ်ရင် သက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ဆရာ။

ဖြေ. အဲဒီလိုလက္ခဏာတွေခံစားရပြီဆိုရင် အဖျားကျဆေးသောက်လို့ ရပါတယ်။ (အက်စပရင်မပါတဲ့ အဖျားကျဆေးသောက်ရမှာပါ)

– အနားကောင်းကောင်း ယူရပါမယ်။

– အရည်များများသောက်ပေးပါ။ (ရေ၊ ရေကျက်အေး၊ စွပ်ပြုတ်) ဓာတ်ဆားရည်လည်း သင့်တော်ပါတယ်။

– အာဟာရရှိအောင်စားပေးပါ။ အစာတော့ ကြိုးစားဝင်အောင် စားပေးပါ။

– အဖျားကြီးတဲ့အခါ ရေပတ်နာနာတိုက်ပေးပါ။

– တစ်ပတ်အတွင်း ပြန်ကောင်းသွားတတ်ပေမယ့် အနီစက်တွေထွက်လာပြီး ယားတတ်ပါတယ်။

– ပြီးတော့ အဆစ်တွေကိုက်တာ/အဆစ်ရောင်တာ ကျန်နေတတ်ပါသေးတယ်။

မေး. ဆင်တုပ်ကွေးဖြစ်ပြီး ရောဂါလက္ခဏာတွေကို ကြာရှည်ခံစားနေရရင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

ဖြေ. အထက်ကနည်းတွေကို လိုက်နာလို့မှ မသက်သာရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သေချာသောက်ပေးပါ။

မေး. ဆင်တုပ်ကွေးရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ. အဓိကက ခြင်ကိုက်လို့ ဖြစ်တာကြောင့် ခြင်ကိုက်မခံရအောင် ကြိုးစားနေဖို့၊ ခြင်အကိုက်မခံရအောင် ကာကွယ်ဖို့ အကြံပြုလိုပါတယ်။ နောက်ဆုံးအနေနဲ့ “ဘယ်နေရာမှာ အိပ်အိပ် ဘယ်အချိန်မှာ အိပ်အိပ် ခြင်ထောင်နဲ့ အိပ်ပါ” လို့ ပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top