Healthy Life Ad
Life Style

ကျောရိုးရှိ အဆစ်များ ရောင်ပြီး ခိုင်သွားခြင်း (Ankylosing Spondylitis)

ပါမောက္ခဦးနေ၀င်း (အရိုးအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ကျောရိုးအဆစ်တွေ ရောင်ရမ်းတာက ဘယ်အသက်အရွယ်မှာ အဖြစ်များတတ်ပါသလဲ ဆရာ။

ဖြေ. ဒီရောဂါက အသက် ၂၀ နဲ့ ၃၀ နှစ်ကြားမှာ စဖြစ်တတ်ပါတယ်။ ဒီရောဂါက တဖြည်းဖြည်းပို ပိုဆိုးလာတတ်ပါတယ်။ ရောဂါကြွနေရင် အဆစ်တွေက အတော်နာပါတယ်။ တစ်ခါတလေ ခါးအဆစ်တွေ၊ လည်ပင်းအဆစ်၊ ပေါင်အဆစ်တွေပါ နာတတ်တယ်။ ပေါင်အဆစ်ပါရောင်ပြီး ခိုင်ရင် ပိုဆိုးသွားပါတယ်။ အဖြစ်များတာက ကျောအဆစ်၊ ခါးအဆစ်နဲ့ လည်ပင်းအဆစ်တွေရောင်ပြီး ခိုင်တာက အဖြစ်များပါတယ်။ တစ်ခါတလေကျရင် ပေါင်အဆစ်ပါရောင်ပြီး ခိုင်သွားတတ်ပါတယ်။ ရောဂါသဘာဝကိုက ကျောရိုးအဆစ်၊ လည်ပင်းရိုးအဆစ်၊ တင်ပဆုံရိုးအဆစ်နဲ့ ပေါင်အဆစ်တွေပါရောင်ပြီး ခိုင်တတ်ပါတယ်။

မေး. ကျောရိုးအဆစ်တွေ ရောင်ရမ်းတာက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ ရောဂါမဟုတ်ပေမယ့် မကြာခဏတွေ့လေ့တွေ့ထရှိပါတယ်။ အများအားဖြင့် မျိုးရိုးဗီဇရှိရင် ဖြစ်နိုင်ပါတယ်။ မိဘမှာ ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်ထားဖူးရင် သားသမီးတွေမှာဖြစ်နိုင်တဲ့ အလားအလာပိုရှိပါတယ်။ ဆရာ့အတွေ့အကြုံအရ တရုတ်စပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့အခြေအနေဖြစ်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. ဒီရောဂါဖြစ်ရင် ခါးကိုက်တယ်၊ ခါးနာတယ်၊ တင်ပဆုံ၊ ပေါင်တွေနာတယ်၊ ထိုးတယ်။ အတော်ဆိုးဆိုး ရွားရွားနာတာ၊ ကိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဆက်တိုက်ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ရောဂါလက္ခဏာက ရုတ်တရက်ကြွပြီးရင် ပြန်ငြိမ်သွားတတ်ပါတယ်။ ပြီးတော့ ရုတ်တရက် ပြန်နာတတ်ပါတယ်။ ရောဂါပြန်ထတိုင်း၊ ထတိုင်းမှာ အဆစ်တွေက အရိုးတွေအဖြစ်ပြောင်းပြီး ပိုပိုခိုင်သွားတတ်ပါတယ်။

ဒီလိုရောဂါရှိသူတွေက ခါးကုန်းနေတဲ့ အနေအထားမှာ ခိုင်သွားတာ များပါတယ်။ လည်ပင်းလိမ်သွားတဲ့ အနေအထားမှာ ခိုင်သွားတတ်ပါတယ်။ဆရာတို့ မြန်မာလူမျိုးတွေက ပက်လက်ကုလားထိုင်ကြိုက်တော့ ပက်လက်ကုလားထိုင်မှာထိုင်ရင်း အဆစ်ရောင်ပြီး ခိုင်သွားတော့ ခါးကုန်းနေတာများပါတယ်။ သိပ်ဆိုးတဲ့အခြေအနေမှာ ခါးကုန်းနေတော့ ရှေ့ကို သိပ်ကြည့်လို့ မရတော့ပါဘူး။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့အခြေအနေမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။

ဖြေ. ကာကွယ်နည်းမရှိပါဘူး။ ရောဂါဖြစ်တဲ့အခါ အခြေအနေမဆိုးသွားအောင်ပဲ ကာကွယ်လို့ရပါတယ်။ အဲဒီလိုလူနာတွေ ဆရာတို့ဆီ စောစောစီးစီး ရောက်လာရင် ဆရာတို့က အမြဲပြောရပါတယ်။ “ခါးကို မတ်မတ်ထိုင်ပါ၊ ပက်လက်ကုလားထိုင်မှာ မထိုင်နဲ့၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းသက်သာလုပ်ပေးလို့ရတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်တယ်” ဆိုပြီး မှာရပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ခိုင်းတာက အဆစ်ခိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ပုံမှန် အသက်ရှူနိုင်အောင်၊ အဆုတ်အအေးမိဝေဒနာ မဖြစ်အောင် ပုံမှန်ပြုလုပ်ခိုင်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် အိပ်လို့ရှိရင် ခေါင်းအုံးကို နိမ့်နိမ့်လေးနဲ့ အိပ်ခိုင်းပါတယ်။ ခေါင်းအုံးမြင့်မြင့်နဲ့အိပ်ရင် ခေါင်းငိုက်နေတဲ့ပုံစံမှာ လည်ပင်းကြီးတောင့်ပြီး အဲဒီအနေအထားမှာ ခိုင်သွားတတ်လို့ပါ။ ပက်လက်ကုလားထိုင်မှာထိုင်ရင် အဲဒီအနေအထားအတိုင်း ခိုင်သွားရော၊ လမ်းထလျှောက်တဲ့အခါ ပုံပျက်ပန်းပျက်ကြီး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုလူနာတွေလာရင် ဆိုးဆိုးရွားရွားပုံစံမျိုးနဲ့ ခိုင်မသွားအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်ပေးရပါတယ်။ ပေါင်အဆစ်ဆိုရင် မတ်နေတဲ့ အနေအထားမှာ ခိုင်ရင် ခပ်မတ်မတ် ပုံပန်းမပျက်ဘဲ လမ်းလျှောက်လို့ ရတတ်တယ်။ အနေအထားမမှန်ရင် မသန်စွမ်းတဲ့ပုံစံက ဆိုးဆိုးရွားရွားကြီး ဖြစ်သွားတတ်ပါတယ်။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့ အခြေအနေသက်သာအောင် ဘယ်လိုထိန်းသိမ်းသင့်ပါသလဲ ဆရာ။

ဖြေ. အဆစ်တွေရောင်ရမ်းတာက တစ်ခါတလေ သိပ်နာပါတယ်။ အဲဒီအခါ အနာသက်သာစေတဲ့ဆေးတွေ ပေးလို့ရပါတယ်။

မေး. ကျောရိုးအဆစ်ရောင်ရမ်းတဲ့ အဆင့်ကနေ ခိုင်မသွားအောင် လုပ်လို့မရဘူးလား ဆရာ။

ဖြေ. မခိုင်အောင်တော့ လုပ်လို့ မရပါဘူး။ ရောဂါကို ရပ်သွားအောင်လည်း လုပ်လို့မရပါဘူး။ ခိုင်တဲ့ ပုံစံမှာ ဆိုးဆိုးရွားရွားဖြစ်မသွားအောင်ပဲ ထိန်းပေးလို့ရပါတယ်။ တစ်ခုတော့ ရှိတယ်။ လူနာက ဆိုးဆိုးရွားရွား ခိုင်သွားတဲ့ အနေအထားနဲ့ ရောက်လာရင်၊ ခေါင်းကိုလည်း မော့လို့မရဘဲ ရှေ့ကို ကြည့်လို့မရတဲ့ အနေအထားမျိုးဆိုရင် ဆရာတို့က ခွဲစိတ်ပြီး ကုသမှုပေးရပါတယ်။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့လူနာတွေက ဆရာတို့ဆီရောက်လာရင် အသက်ဘယ်လောက် ဖြစ်နေတတ်ပါသလဲ ဆရာ။

ဖြေ. ဆရာတို့ဆီလာပြတဲ့ လူနာတွေမှာ တောရွာတွေက ခါးကြီးခိုင်ပြီး အသက်ကြီးမှ ရောက်လာတဲ့ လူနာတွေလည်း ရှိပါတယ်။ တချို့လူတွေကျတော့ ငယ်ငယ်ရွယ်ရွယ်မှာဖြစ်ပြီး စောစောစီးစီး လာပြတတ်ပါတယ်။ အများအားဖြင့် တောနယ်တွေက လာတဲ့လူတွေက ပုံပျက်ပန်းပျက်ဖြစ်မှ ရောက်လာတာများပါတယ်။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့ အခြေအနေကို ဘယ်လိုရောဂါရှာဖွေ စမ်းသပ်မှုတွေ ပြုလုပ်ရလေ့ရှိပါသလဲ ဆရာ။

ဖြေ. ကျောရိုးအဆစ်ရောင်ရမ်းတဲ့အခါ ပုံပျက်ပန်းပျက်ဖြစ်နေရင် ဆရာတို့က ကြည့်လိုက်တာနဲ့တင် သိပါတယ်။ ရောဂါစောစောစီးစီး အဆင့်မှာဆိုရင်တော့ ဆရာတို့က လူနာရဲ့ ခါးလှုပ်ရှားမှု၊ လည်ပင်းလှုပ်ရှားမှုနဲ့ တင်ပဆုံကွင်းလှုပ်ရှားမှုတွေကိုကြည့်ပြီး စမ်းသပ်ကြည့်ရပါတယ်။ အဲဒီအခါ သံသယရှိတယ်ဆိုရင် ဓာတ်မှန်ရိုက်ကြည့်ရပါတယ်။ ရောဂါဖြစ်တဲ့ အခြေအနေမှာ သွေးစစ်ဆေးကြည့်တာကြောင့် သိနိုင်ပါတယ်။ သွေးစစ်ဆေးတာက အခုလောလောဆယ် ဒီနိုင်ငံမှာ မရသေးဘူးလို့ ဆရာထင်ပါတယ်။ နိုင်ငံခြားကိုပို့ပြီး စစ်ရပါတယ်။ ဒါမှသာ စောစောစီးစီးအဆင့်မှာ ရောဂါကို တွေ့နိုင်မှာပါ။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့ အခြေအနေဖြစ်တဲ့အခါ ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

ဖြေ. ရောဂါက လူနာတစ်ဦးနဲ့ တစ်ဦးမှာ မတူပါဘူး။ ဒီရောဂါက ဘယ်အခြေအနေအထိ ဆိုးရွားသွားမယ်ဆိုတာလည်း လူနာတစ်ယောက်နဲ့ တစ်ယောက်မှာ မတူပါဘူး။ အခြေအနေတစ်ခုရောက်လာရင် ရောဂါက သူ့ဘာသာ ရပ်သွားတတ်တယ်၊ ရှေ့ဆက်မတိုးတော့ပါဘူး။ တချို့လူနာတွေကတော့ ခါးရိုးလောက်ပဲတောင့်ပြီး ခိုင်သွားတာရှိတယ်၊ တချို့လူနာတွေကျတော့ လည်ပင်းလည်းတောင့်တယ်၊ ခါးလည်းတောင့်တယ်၊ အဲဒီအနေအထားနဲ့ ခိုင်သွားတတ်ပါတယ်။ ပေါင်အဆစ်တော့ မပါဘူး။ အဲဒီအခါ အများကြီး နေထိုင်ရသက်သာပါတယ်။ လူနာတစ်ယောက်နဲ့တစ်ယောက် ရောဂါဆိုးရွားတဲ့အတိုင်းအတာက ဘယ်လောက်အထိ ဖြစ်သွားမလဲဆိုတာ ပြောလို့မရပါဘူး။ ရောဂါဆက်ဖြစ်မယ့်အတိုင်းအတာကိုလည်း သေချာပြောလို့မရပါဘူး။ ဆရာ့ အတွေ့အကြုံအရ တချို့လူနာတွေကျတော့ ဆိုးဆိုးရွားရွားအထိ ဖြစ်တတ်တယ်၊ တချို့လူနာတွေကျ တော့ မဆိုးရွားတဲ့ အဆင့်မှာပဲ ရပ်သွားတာကို တွေ့ရပါတယ်။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့ အခြေအနေဖြစ်တဲ့အခါ ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

ဖြေ. အများအားဖြင့်တော့ နာကျင်မှုဖြစ်တဲ့အခါ သက်သာအောင် ဆေးကုသမှုပေးပါတယ်။ ပြီးတော့ အနေအထိုင်မှန်အောင် လမ်းညွှန်ပေးရတယ်။ ပြီးတော့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ ပေးရပါတယ်။

တချို့လူနာတွေကတော့ ခါးရိုးလောက်ပဲ တောင့်ပြီး ခိုင်သွားတာရှိတယ်၊ တချို့လူနာတွေကျတော့ လည်ပင်းလည်းတောင့်တယ်၊ ခါးလည်းတောင့်တယ်၊ အဲဒီအနေအထားနဲ့ ခိုင်သွားတတ်ပါတယ်။ ပေါင်အဆစ်တော့ မပါဘူး။ အဲဒီအခါ အများကြီး နေထိုင်ရသက်သာပါတယ်။

မေး. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့ အခြေအနေဖြစ်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. ကျောရိုးအဆစ်ရောင်ရမ်းပြီး ခိုင်တဲ့ရောဂါက မျိုးရိုးလည်းရှိတယ်၊ ခါးလည်းနာတယ်၊ တင်ပဆုံရိုးလည်း နာတယ်၊ လည်ပင်းတွေ တင်းတယ်၊ တောင့်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ စောစောစီးစီး ပြသသင့်ပါတယ်။ စောစောစီးစီးပြလိုက်ရင် ဆိုးဆိုးရွား ရွားပုံစံမှာ ခိုင်မသွားအောင် အနေအထိုင်၊ လှုပ်ရှားမှုတွေဆင်ခြင်နိုင်မယ်၊ အရိုးအကြောသန်စွမ်းမှုဆိုင်ရာ ကုသမှု (Physiotherapy) လုပ်လို့ရမယ်၊ အဲဒီလိုလုပ်တာကြောင့် ပုံပျက်ပန်းပျက်အနေအထားမှာ မခိုင်တော့ဘဲ ပုံမှန်အနေအထားမှာပဲ ခိုင်သွားပါမယ်။ ဒီလိုပုံမှန်အနေအထားမှာ ခိုင်သွားတယ်ဆိုရင် လူနာအနေနဲ့ နေသာထိုင်သာ အများကြီးရှိသွားပြီး အလုပ်တွေကိုလည်း အများကြီး လုပ်ဆောင်နိုင်သွားမှာ ဖြစ်ပါတယ်။

ဒီရောဂါကြောင့် ခါးရိုးခိုင်တယ်၊ လည်ပင်းရိုး ခိုင်တယ် . . ဒါပေမဲ့ လက်အဆစ်၊ ဒူးအဆစ်တွေ ဘာမှမဖြစ်ပါဘူး။ ဒါကြောင့် ခါးက မတ်မတ်လေးခိုင်တယ်၊ လည်ပင်းရိုးက မတ်မတ်လေးခိုင်တယ်ဆိုရင် လူကောင်းလိုပဲ သွားလာလှုပ်ရှားနေထိုင် လုပ်ကိုင်လို့ ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ စာရေးလို့ရတယ်၊ အကုန်လုပ်လို့ရပါတယ်။ ဒီအဆင့်မှာ နာလည်း မနာတော့ဘူး။ ဒါကြောင့် ဒီရောဂါကြောင့် အဆစ်ခိုင်သွားရင်တောင် စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ပုံမှန် လူကောင်းတစ်ယောက်လိုပဲ လုပ်ဆောင်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top