Healthy Life Ad
Life Style

အခြေခံကျန်းမာရေးပြဿနာရှိသူကို ခွဲစိတ်သင့်သလား

ပါမောက္ခဦးနေ၀င်း (အရိုးအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အခြေခံကျန်းမာရေးပြဿနာရှိသူလူနာတွေ ခွဲစိတ်ကုသမှုတစ်ခုခု လုပ်ရတော့မယ်ဆိုရင် ပြုလုပ်သင့်ပါသလား ဆရာ။

ဖြေ. အရင်တုန်းက ပြောကြတာကတော့ အထွေထွေ ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့် မခွဲသင့် ဘူးလို့ပြောကြပါတယ်။ အခုကတော့ ပြောင်းပြန်ပါ။ အထွေထွေကျန်းမာရေးကမကောင်းခဲ့ရင် ပိုပြီးတော့ မြန်မြန်ခွဲဖို့ပြောကြပါတယ်။ ဒါဟာ လူနာရဲ့ အသက်ရှည်ရာရှည်ကြောင်းဖြစ်တဲ့အတွက်ကြောင့်ပါ။ ခွဲစိတ်တဲ့အခါမှ ကျန်းမာရေးက ပိုမိုတိုးတက်ကောင်းမွန်လာမယ့် အခြေအနေရှိတဲ့အတွက် ပိုပြီး ခွဲစိတ်ကုသမှုခံယူသင့်ပါတယ်၊ မြန်မြန်ခွဲစိတ်ကုသမှု ခံယူသင့်တယ်လို့ ယူဆကြပါတယ်။

မေး. ဒီလိုအခြေခံကျန်းမာရေးပြဿနာရှိသူတွေ ခွဲစိတ်ကုသမှုခံယူတဲ့အခါ အန္တရာယ်ရှိပါသလား ဆရာ။

ဖြေ. ဆရာတို့ တိုင်းပြည်အနေနဲ့ကတော့ များသောအားဖြင့် သွေးတိုးဆီးချိုဖြစ်နေကြတဲ့သူတွေ တွေ့တာများတဲ့အတွက်ကြောင့် ခွဲစိတ်ဆရာဝန်တွေက တခြားရောဂါအထူးကုဆရာဝန်တွေနဲ့ ညှိနှိုင်းပြီး ကုသရပါတယ်။ အဲဒီလူနာတွေကို ခွဲစိတ်တဲ့အခါတွေမှာ လူနာတွေကို ရှင်းပြရပါတယ်။ ဒီလို ခွဲစိတ်တာ အန္တရာယ်ရှိလားလို့မေးခဲ့ရင် ရှိတယ်လို့ပဲပြန်ဖြေရမှာပါ။ ခွဲစိတ်ကုသတဲ့အခါမှာ အန္တရာယ်ရှိတာကတော့ အမှန်ပါပဲ။ အမြဲဖြစ်တတ်တယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဖြစ်တတ်တာကတော့ အမှန်ပါပဲ။ ခွဲစိတ်တဲ့ အခါတိုင်းတော့ အန္တရာယ်မဖြစ်ပေမယ့် အထိုက်အလျှောက်တော့ အန္တရာယ်ရှိပါတယ်။ လူနာအနေနဲ့ ရင်ဆိုင်နိုင်မယ်၊ ခံနိုင်မယ်ဆိုရင် လူနာအတွက် အကျိုးအမြတ်ရှိစေတာကြောင့် ခွဲစိတ်စေချင်ပါတယ်။

မေး. အရိုးကျိုးတဲ့အခါ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး ဆရာ။

ဖြေ. အရိုးကျိုးတဲ့အပေါ် မူတည်ပြီး အစတွေကမများဘူး၊ မကြေဘူးဆိုရင်တော့ ခွဲစိတ်တဲ့အခြေအနေက တော်တော်လေးကောင်းပါတယ်။ တချို့ကျတော့ အ ရိုးကကြေပြီးတော့ အစတွေ အများကြီးဖြစ်သွားတဲ့ အခါကျရင် ခွဲတာခက်ခဲပါတယ်။ ခွဲစိတ်ကုသတာကတော့ မခွဲဘဲကုပြီး စောင့်ကြည့်နေတာထက်တော့ အများကြီးပိုကောင်းပါတယ်။ အလားအလာ ပိုကောင်းနိုင်ပါတယ်။ အရိုးတွေကျိုးတဲ့အခါမှာ အရိုးအနေအထားက ပုံပျက်သွားတယ်။ ပုံပျက်သွားတာကို ပုံမှန်ရောက်အောင် ခွဲစိတ်တဲ့အခါကျရင် အရင်တည့်အောင်လုပ်ရတယ်။ တည့်အောင်လုပ်တဲ့အခါမှာ ပစ္စည်းထည့်ပေးရတယ်။ တည့်နေတဲ့ အနေအထားရောက်အောင် ပစ္စည်းနဲ့ထိန်းထားရပါတယ်။ ခွဲစိတ်လိုက်လို့ အရိုးက တစ်ခါတည်း ဆက်သွားတာမဟုတ်ပါဘူး။

ပစ္စည်းနဲ့ အရိုးကိုတည့်အောင် ထိန်းလိုက်တာပါ။ အဲလိုလုပ်လိုက်တဲ့အခါမှာ သုံးပတ်လောက်နဲ့ အရိုးက တော်တော်လေး ခိုင်သွားပါပြီ။ အရိုးမဆက်ခင်မှာ အများအားဖြင့် အရိုးကျိုးတဲ့ အနေအထား ခွဲစိတ်တဲ့အခါမှာ ထည့်ထားတဲ့ပစ္စည်းအနေအထားကိုမူတည်ပြီးတော့ ပထမတော့ လေးချောင်းထောက်နဲ့ လျှောက်ခိုင်းမယ်။ အရိုးကခဲလာတဲ့အခါမှာ နည်းနည်းဖိလျှောက်မယ်။ ပိုပြီးခဲလာ၊ ခိုင်လာတဲ့အခါမှာ ပိုပြီးဖိလျှောက်မယ်စသဖြင့် ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါတယ်။ တချို့တွေကိုတော့ အသက်အရွယ်အရ အရိုးခိုင်သွားတဲ့အခါမှာလည်း တုတ်ကောက်ကိုအားပြုပြီး လမ်းလျှောက်ဖို့ အကြံပြုချင်ပါတယ်။

မကျိုးခင်ကတည်းက လမ်းမလျှောက်နိုင်ဘူး၊ အစကတည်းက လမ်းမလျှောက်ဘဲ အိပ်ရာပေါ်မှာပဲ နေနေတဲ့သူဖြစ်တယ်၊ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ နေနေရတယ်ဆိုရင် သူတို့တွေကိုတော့ ပေါင်ထိပ်ရိုးကျိုးတဲ့အခါ မခွဲစိတ်တော့ပါဘူး။ နောက်ပြီး တခြားရောဂါတွေကြောင့် လူ့လောကမှာ ကြာကြာနေရဖို့ အခွင့်အလမ်း သိပ်မရှိတဲ့သူတွေကိုလည်း မခွဲစိတ်တော့ပါဘူး။ အဲဒီအခြေအနေနှစ်ခုလုံးကလွဲရင် . . .

မေး. ဘယ်လိုလူမျိုးတွေဆိုရင် ခွဲစိတ်ကုသမှုကို လုံးဝမပြုလုပ်သင့်ဘူးလဲ ဆရာ။

ဖြေ. ဘယ်လိုလူမျိုးတွေကို မခွဲဘူးလဲဆိုရင် မကျိုးခင်ကတည်းက လမ်းမလျှောက်နိုင်ဘူး၊ အစကတည်းက လမ်းမလျှောက်ဘဲ အိပ်ရာပေါ်မှာပဲ နေနေတဲ့သူဖြစ်တယ်၊ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ နေနေရတယ်ဆိုရင် သူတို့တွေကိုတော့ ပေါင်ထိပ်ရိုးကျိုးတဲ့အခါ မခွဲစိတ်တော့ပါဘူး။ နောက်ပြီး တခြားရောဂါတွေကြောင့် လူ့လောကမှာကြာကြာနေရဖို့ အခွင့်အလမ်း သိပ်မရှိတဲ့သူတွေကိုလည်း မခွဲစိတ်တော့ပါဘူး။ အဲဒီအခြေအနေနှစ်ခုလုံးကလွဲရင် တခြားအခြေအနေတွေမှာ ခွဲစိတ်ကုသမှုကို ခံယူဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top