Healthy Life Ad
Child

သွေးလွန်တုပ်ကွေးဖြစ်ဖူးသူတွေ ပြန်မဖြစ်အောင်

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မနှစ်က သွေးလွန်တုပ်ကွေးဖြစ်ဖူးသူတွေအနေနဲ့ ဒီနှစ်မှာ ပြန်ဖြစ်နိုင်ခြေများပါသလား ဆရာ။

ဖြေ. သွေးလွန်တုပ်ကွေးရောဂါ တစ်ကြိမ်ဖြစ်ဖူးထားတယ်ဆိုရင်တော့ နောက်တစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါပြန်ဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ တစ်ကြိမ်ဖြစ်ဖူးထားတယ်ဆိုရင်တော့ နောက်တစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါ ပြန်ဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ အဲဒီလို နောက်တစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါ ပြန်ဖြစ်ချိန်မှာ ပိုပြီး ဂရုစိုက်ပေးရပါတယ်။

မေး. အဲဒီလိုသွေးလွန်တုပ်ကွေးပြန်ဖြစ်ချိန်မှာ ဘယ်လိုဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။

ဖြေ. အဲဒီလို နောက်တစ်ကြိမ် သွေးလွန်တုပ်ကွေး ရောဂါပြန်ဖြစ်ချိန်မှာ ပိုပြီး ဂရုစိုက်ပေးရပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ကလေးက အရင်တစ်ခါ သွေးလွန်တုပ်ကွေးဖြစ်ဖူးတယ်ဆိုရင် ဒီနှစ်မှာ ဖျားတာ၊ နာတာတွေ ဖြစ်ပြီဆိုတာနဲ့ ကိုယ်ပြနေကျ ဆရာဝန်/ကလေးအထူးကု ဆရာဝန်နဲ့သွားပြဖို့ အရေးကြီးပါတယ်။ ဖျားတဲ့အခါမှာလည်း ကလေးကိုသေချာဂရုစိုက်ပေးရပါမယ်။

မျိုးစိတ်အနေနဲ့ လေးမျိုးရှိပါတယ်။ လေးမျိုးရှိတဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါက လေးကြိမ်အထိဖြစ်နိုင်ပါတယ်။ ကျွန်တော် အလုပ်သင် ဆရာဝန်ဘ၀တုန်းက ကလေးတစ်ယောက်ဟာ လေးနှစ်ဆက်တိုက် သွေးလွန်တုပ်ကွေးရောဂါဖြစ်တာကို ကြုံဖူးပါတယ်။ ဒီလိုပြောပြလို့ ကြောက်မသွားပါနဲ့။ ကိုယ့်ကလေးကို ခြင်ကိုက်မခံရအောင် ဂရုစိုက်ပေးဖို့နဲ့ ဖျားနာခဲ့ရင် ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးသွားပြဖို့ လိုအပ်ပါတယ်။

မေး. သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. ကိုယ့်အိမ်အနားမှာ ရေမ၀ပ်အောင်၊ ခြင်မပေါက်ပွားနိုင်အောင် ဖုံး၊ သွန်၊ လဲ၊ စစ် စတာတွေကို ပြုလုပ်ပေးရပါမယ်။ ကလေးကို ခြင်မကိုက်အောင် လိမ်းဆေး (Mosquito Repellent)တွေ လိမ်းပေးရပါမယ်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးဆိုတာတော့ ပေါ်နေပါပြီ။ အဲဒီအထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အသိအမှတ်ပြုထားတာလည်း ရှိပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ လိုအပ်ချက်ရှိတဲ့ တိုင်းပြည်တွေမှာပဲ စတင်သုံးမယ်လို့ သိရပါတယ်။ ဒါက ကာကွယ်ဆေးကို မျှော်လင့်နေတဲ့သူတွေအတွက် ပြောပြပေးတာပါ။

ဘယ်အချိန်မှာအိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်နဲ့ အိပ်သင့်ပါတယ်။ အထူးသဖြင့် ဆေးစိမ်ခြင်ထောင်နဲ့အိပ်ရင် ပိုကောင်းပါတယ်။ ပြီးတော့ အိမ်မှာ လေ၀င်လေထွက်ကောင်းအောင် လုပ်ပေးထားသင့်ပါတယ်။ ခြင်နှိမ်နင်းရေး၊ လောက်လန်းနှိမ်နင်းရေးတွေ လုပ်သင့်ပါတယ်။ ခြင်ဆေးဖျန်းဖို့လိုရင် ဖျန်းသင့်ပါတယ်။ အိမ်နဲ့ အနီးဝန်းကျင်မှာ အိုးခွက်ပန်းကန်အကွဲတွေ၊ တာယာခွံ စတာတွေကို မှောက်ထားရပါမယ်။ ကြောင်အိမ်အောက်မှာ အင်ဂျင်ဝိုင်ထည့်ထားတဲ့ အင်တုံလေးခံထားပေးသင့်ပါတယ်။

မေး. ခြင်နှိမ်နင်းတဲ့ဖျန်းဆေးကို ကလေးတွေမှာလိမ်းတဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို သိပါရစေ ဆရာ။

ဖြေ. ကလေးတွေ သိပ်ငယ်သေးရင် ပါးစပ်ထဲ လက်ထည့်တတ်တဲ့အကျင့်ရှိတာကြောင့် တတ်နိုင်ရင် သူတို့လက်ထိပ်၊ လက်ဖ၀ါးတွေကို ခြင်နှိမ်နင်းဆေးမလိမ်းပေးသင့်ပါဘူး။ ရွေးချယ်တဲ့ ခြင်နှိမ်နင်းဆေးကလည်း ဓာတုပစ္စည်းနည်းပါးပြီး ကလေးအရေပြားအတွက် ဘေးထွက်ဆိုးကျိုးနည်းတာမျိုး ရွေးရပါမယ်။ ကလေးကိုအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးထားပြီးတော့ ဘယ်တော့မဆို ခြင်ထောင်ထဲ သိပ်ပေးသင့်ပါတယ်။

မေး. သွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပြောလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. သွေးလွန်တုပ်ကွေးရောဂါက မိုးရာသီဆိုရင် ဖြစ်နှုန်းများတဲ့အတွက် အထူးဂရုစိုက်သင့်ပါတယ်။ အစိုးရကော ပြည်သူကော အားလုံးပူးပေါင်းပြီး ခြင်နှိမ်နင်းရေး၊ လောက်လန်းနှိမ်နင်းရေးကို ၀ိုင်းဝန်းဆောင်ရွက်သင့်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေးမှူး စတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခြင်ကျားနှိမ်နင်းရေး၊ လောက်လန်း နှိမ်နင်းရေးလုပ်ငန်းစဉ်များမှာ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ မိဘပြည်သူတွေကို လေးစားစွာ တိုက်တွန်းနှိုးဆော်လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top