Healthy Life Ad
Life Style

ပေါင်၄၀ကျော်စီချနိုင်ခဲ့ကြသည့် ၀အတူတူ၊ ပိန်အတူတူကိုရွှေနှင့်မသိမ့်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကုမ္ပဏီအလုပ်များကို ကိုယ်စီလုပ်ကိုင်နေသည့် ကိုရွှေ(ကိုရွှေလဲ့သင်း)နှင့် မသိမ့်(မသိမ့်သိမ့်သူ)တို့သည် အထိုင်များသည် အလုပ်တို့ကို လုပ်ကိုင်နေရင်း အစားအသောက်ကို နှစ်သက်သည့်အတိုင်းစားသောက်နေခဲ့ရာ ကိုယ်အလေးချိန် တိုးမှန်းမသိတိုးလာခဲ့သည်။ ပေါင် ၂၀၀ ကျော်အထိတိုးလာခဲ့ချိန်ကျမှ ကိုရွှေက ၀ိတ်ချရန် ကြိုးစားနေထိုင် စားသောက်ခဲ့ရာ ပေါင် ၁၆၀ ကျော်ရှိနေခဲ့သော မသိမ့်သည်လည်း အလိုလိုကိုယ်အလေးချိန်ကျလာခဲ့သည်။ ကိုယ်အလေးချိန်များနေသူတို့အနေဖြင့် တစ်ဦးတည်း ၀ိတ်လျှော့ခြင်းထက် နှစ်ဦးအတူ ၀ိတ်လျှော့ခြင်းက ပိုအောင်မြင်လွယ်သည်ကို ကိုရွှေနှင့် မသိမ့်တို့ဖြစ်ရပ်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

“ ၀တာက ငယ်ငယ်ကတည်းက ၀တာ၊ အသက် ၉ နှစ်-၁၀နှစ်လောက်ကတည်းက ၀တာ၊ အဲဒီကတည်းက ကိုယ်နဲ့ရွယ်တူတွေကို ငှက်ပျောသီးတစ်လုံးပေးရင် တစ်လုံးနဲ့ မကျေနပ်ဘူး၊ နှစ်လုံးစားရမှ . .အဲဒီကတည်းက တောက်လျှောက် ၀ိတ်တက်လာတာ၊ ဆယ်ကျော်သက်အရွယ်ကျတော့ အရပ်ထွက်လာတာရယ်၊ လှချင် ပချင်တာရယ်ကြောင့် ပြန်ကျသွားတယ်။ တက္ကသိုလ်ပြီးတော့ အလုပ်စ၀င်တဲ့အချိန်မှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ အလုပ်ဆိုတော့ အထိုင်များတယ်။ အဲဒီမှာ ကိုယ်အလေးချိန်က အများကြီးတက်သွားတယ်။ ၂၀၀၃ခုနှစ်လောက်မှာ ပေါင် ၁၉၀ ကျော်သွားတယ်။ အဲဒီတုန်းက မန္တလေးမှာဆိုတော့ ၀ိတ်ပြန်ချတာ ပေါင် ၃၀ ကျော်လောက် ကျသွားတယ်။ အဲဒီကနေ နေရင်း ရန်ကုန်ကို ပြောင်းလာတယ်။ ၀ိတ်မထိန်းတော့ဘဲ စိတ်ကို လွှတ်လိုက်တဲ့အချိန်မှာ ၀ိတ်က ချက်ချင်းတက်လာတယ်။ ဘယ်လောက်တက်သွားသလဲဆိုတော့ ပေါင် ၂၀၀ ကျော် ဖြစ်သွားတယ်” ဟု ကိုရွှေက ကိုယ်အလေးချိန်များ လာသည့်အကြောင်းရင်းကို ပြောပြခဲ့သည်။

၂၀၁၇ ခုနှစ်အထိ ကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော် အ၀လွန်ခန္ဓာကိုယ်နှင့် နေထိုင်နေသော ကိုရွှေသည် မသပြေဦးဆောင်သည့် ကိုယ်အလေးချိန်လျှော့ချသူများအဖွဲ့ PPG Group နှင့် ချိတ်ဆက်ရင်း ၇လအတွင်း ပေါင် ၆၀ ခန့် လျှော့ချနိုင်ခဲ့သူ ဖြစ်သည်။

“ ၂၀၁၇မှာ စပြီး ၀ိတ်လျှော့ခဲ့တာ တကယ်တမ်း ၀ိတ်ကျတာက ၇လလောက်ပဲ ကြာတယ်။ အခုကတော့ အငြိမ်ပိုင်းရောက်သွားတော့ အများကြီး မလျှော့တော့ဘဲ ခန္ဓာကိုယ်ကျစ်လျစ်အောင် Gym ကစားတယ်၊ အစားအသောက်ကို ကျန်းမာရေးနဲ့ အညီစားပါတယ်။ စချတုန်းက တစ်လကို ၁၀ပေါင်၊ တချို့လတွေမှာ ၇ပေါင်-၈ပေါင် စသဖြင့် တောက်လျှောက်ကျသွားတယ်”

ပထမတစ်ကြိမ် ၀ိတ်လျှော့စဉ်က အစားအသောက်ကို ကြိုက်သလောက်စားပြီး Gym ကစားခြင်းဖြင့်ပင် လျှော့ခဲ့သည့်အတွက် နောက်ပိုင်း Gym မကစားသည့်အခါ ကိုယ်အလေးချိန်များစွာ မြင့်တက်လာခဲ့ကြောင်း၊ ယခုတစ်ကြိမ် ၀ိတ်လျှော့သည့်အခါ ကိုယ်နှင့်သင့်တော်မည့် အစားအသောက်ကို ရွေးချယ်စားသောက်တတ်လာသည့်အတွက် သက်သောင့်သက်သာနှင့် ၀ိတ်လျှော့နိုင်ခဲ့ကြောင်း သိရသည်။

“ အစပိုင်းမှာ အစားအသောက်ကို ကယ်လိုရီတွက်စားရတာ အားမသန်ဘူး။ နဂိုကတည်းက အစားမက်တဲ့သူဆိုတော့ အစားအသောက်မြင်ရင်ကို စားချင်နေတာ။ အားကစားကိုတော့ အားသန်တယ်။ အားကစားနဲ့ပဲ ၀ိတ်ချမယ်ဆိုပြီး ရေလည်းကူးတယ်၊ တင်းနစ်လည်း ရိုက်တယ်။ ဒါပေမဲ့ အ၀လွန်နေတော့ ဒူးတွေက နာတယ်၊ ခါးလည်းနာတယ်။ ဒါနဲ့ PPG ထဲဝင်လိုက်တော့ ကယ်လိုရီတွက်စားရမယ်ဆိုတာာ သိသွားတယ်။ အဆီ၊ သကြားရှောင်လိုက်တယ်။ ဥပမာ- ရှမ်းခေါက်ဆွဲ၊ ထပ်တရာလို အစာတွေ မစားတော့ဘူး။ ပြီးတော့ကိုယ်စားတဲ့အစာကို ဘယ်လောက်ပမာဏ စားသင့်တယ်ဆိုတာ နားလည်သွားတယ်။ မနက်စာဆိုရင် ကြက်ဥနဲ့ ပေါင်မုန့်တစ်ချပ် ဒါမှမဟုတ် ကြက်ဥနဲ့ ခရမ်းချဉ်သီးကို ပုံမှန်စားတယ်။ ထမင်းအရမ်းစားချင်ရင် ထမင်းစားဇွန်း သုံးဇွန်းလောက်ထည့်စားတယ်။

နေ့လယ်စာဆိုရင် ထမင်းကို ထမင်းစားဇွန်း ခုနှစ်ဇွန်း-ရှစ်ဇွန်းစားတယ်။ အသားတစ်မျိုး၊ အရွက်တစ်မျိုးစားတယ်။ ကိုယ်မ၀တဲ့ ပမာဏကို အရွက်များများ ဖိစားတယ်။ ဒီတော့ အာသာပြေတယ်။

ညစာဆိုရင် အရွက်သုပ်၊ အသားစားတယ်။

အစပိုင်းမှာတော့ ဒီလိုစားရတာကို မတင်းတိမ်ဘူး၊ တစ်လအတွင်း ဘယ်လိုမှ မတင်းတိမ်ဘူး၊ တော်တော်ခက်ခဲတယ်။ ဒါပေမဲ့ ကိုယ်စိတ်ပိုင်းဖြတ်ပြီးတော့ ကိုယ့်အမူအကျင့်တစ်ခုရဖို့ မရမချင်းပေပြီး ကျင့်တယ်။ နောက်ပိုင်းကျတော့ ဗိုက်ဆာရင် အရင်က ကိတ်မုန့်၊ ကြေးအိုး၊ ကြက်ကြော် တမ်းတခဲ့ပေမယ့် အခုကျတော့ ပေပြီးကျင့်ထားတဲ့အတွက် ဗိုက်ဆာလည်း အသီးအနှံ၊ အရွက်သုပ်စတာတွေကိုပဲ တမ်းတဖြစ်လာတယ်

ဟု ကိုရွှေက တစ်နေ့တာ စားသောက်မှုပုံစံကို လေ့ကျင့်ခြိုးခြံနေထိုင်ရင်း အဆင်ပြေလာပုံကို ပြောပြခဲ့သည်။

ကိုယ်အလေးချိန်များစဉ်က ကျန်းမာရေးပြဿနာအနေဖြင့် ဒူးနာခြင်း၊ ခါးနာခြင်းစသည်တို့ ခံစားခဲ့ရသော်လည်း ပေါင် ၆၀ ခန့် လျော့ကျသွားသည့်အခါ ဝေဒနာအားလုံး ကင်းစင်သွားခဲ့ကြောင်း ကိုရွှေက ပြောသည်။

“ ပေါင် ၃၀ လောက်ကျသွားတော့ အသားအရေ ကျစ်လျစ်အောင် Gym စကစားဖြစ်တယ်။ Gym ကစားတာ အခုဆို လေးလလောက်ရှိပြီ။ ပထမတစ်ကျော့ ၀ိတ်လျှော့တုန်းက စိတ်နဲ့ထိန်းတာ၊ စားချင်သောက်ချင်စိတ်ဖြစ်တာကို အမြဲတမ်းထိန်းပြီး နေရတယ်။ စိတ်ထဲမှာ ငတ်တဲ့ ခံစားချက်က အမြဲဖြစ်ပြီး ပင်ပန်းတယ်။ ၀ိတ်မကျတဲ့အတွက် အစားမလျှော့တော့ဘူးဆိုပြီး စိတ်ကိုလည်း လွှတ်ချလိုက်တဲ့အခါမှာ ၀ိတ်က ပြန်တက်လာတယ်။ အခုတစ်ခေါက် ၀ိတ်လျှော့ချိန်မှာတော့ ကိုယ့်ရှေ့မှာ ပီဇာစားနေလည်း ကိုယ်ဘာမှမဖြစ်တော့ဘူး။ ကိုယ်ဘာစားသင့်သလဲ၊ ဘာရွေးသင့်သလဲဆိုတာကို လုံးဝသိသွားလို့ မစားကိုမစားချင်တော့တာ။ ကိုယ့်ရှေ့မှာ ကြိုက်တာစား၊ ကိုယ်နဲ့တည့်မှစားမယ်၊ ဒီအတွက် စိတ်ဆင်းရဲရတာ မရှိတော့ဘူး”

ကိုရွှေ ကိုယ်အလေးချိန် လျှော့ချစဉ် နေထိုင်စားသောက်မှုပုံစံပြောင်းလဲလိုက်သဖြင့် အတူနေသော မသိမ့်ပါ အလိုလိုကိုယ်အလေးချိန် ကျလာခဲ့သည်။
“ အစ်မအသက် ၂၇ လောက်က ပေါင်ချိန် ၁၂၂ လောက်၊ သိပ်ဝတဲ့အထဲမပါပေမယ့် လှချင်တော့ Gym သွားကစားတယ်။ အဲဒီတုန်းက အလွန်ဆုံး ၁၀ ပေါင်လောက်ပဲကျတယ်။ မန္တလေးမှာပဲ အလုပ်ပြောင်းလိုက်တော့ အဲဒီအလုပ်မှာ အလုပ်ရှုပ်၊ စိတ်ရှုပ်နဲ့ အစားတွေများများ စားဖြစ်သွားတယ်။ အဲဒီကတည်းက၀တာက လုံးဝမရပ်တော့ဘူး၊ ရန်ကုန်ပြောင်းပြီး ကိုရွှေနဲ့အတူ ဘယ်ဆိုင်ကောင်းတယ်ဆို၊ ရောက်ပြီးသားပဲ၊ ပီဇာ၊ ၀က်သားတုတ်ထိုး၊ ကြေးအိုး၊ အသားကင်၊ ချိစ်၊ ကိတ်မုန့် ဒီလိုအစာတွေကို အရမ်းကြိုက်တော့ စားရင်းစားရင်း သုံးနှစ်လောက်ရှိတဲ့ အချိန်မှာ ပေါင်ချိန် ၁၆၆ ပေါင်အထိ ရှိသွားတော့ တယ်။ ရှိသမျှအင်္ကျီတွေကလည်း ၀ယ်လိုက်၊ နောက်နှစ်လလောက်နေရင် ကျပ်သွားလိုက်နဲ့ ဒီတစ်သက် ပိန်တော့မှာမဟုတ်ဘူးလို့ စိတ်ကို လွှတ်ပြီး ပေါင်ချိန်စက်ပေါ်တက်ကို မတက်တော့တာ။

သူငယ်ချင်းတွေက ‘၀ိတ်မလျှော့တော့ဘူးလား’လို့ မေးတိုင်း ‘ဘယ်လောက်လျှော့လျှော့ မပိန်ဘူး၊ ညစာမစားဘူး’လို့ ပြန်ဖြေဖြစ်တယ်။ ညစာမစားဘူးလို့သာ ပြောတာ၊ တကယ်တမ်းစားတာ ကြက်ကြော်တို့၊ ပီဇာတို့။ တင်းနစ်ရိုက်၊ ရေကူးတော့လည်း လေ့ကျင့်ခန်းလုပ်နေတာပဲဆိုတဲ့ စိတ်နဲ့အစားကို မရှောင်ဘူး။ အဲဒီအချိန်ထိလည်း ၀ိတ်လျှော့ဖို့ စိတ်မပါသေးဘူး။

ကိုရွှေက ၀ိတ်ချမယ်ဆိုပြီး ကယ်လိုရီနည်းတာတွေ စစားတော့ နှစ်ယောက်အတူနေတဲ့အတွက် သူစားသလိုလိုက်စားဖြစ်တယ်၊ သူက အပြင်စာ မစားဘူးဆိုတော့ ကိုယ်လည်းမစားဖြစ်တော့ဘူး။ အဲဒီမှာ တစ်လလောက်နေတော့ ကိုယ်က ၀ိတ်မချဘဲနဲ့ စားတဲ့အစာတွေရဲ့ အကျိုးကျေးဇူးကြောင့် ကိုယ်အလေးချိန် ရှစ်ပေါင်လောက်ကျသွားတယ်။

အဲဒီတော့မှ နေလို့လည်း ကောင်းပြီး တော်တော်အံ့သြသွားတာ။ ယုံကြည်ချက်လည်း ရှိသွားတယ်။ ဒါနဲ့ ဒီတစ်ခေါက်တော့ ငါလည်း ၀ိတ်ချတော့မယ်လို့ တွေးပြီး ဒီလ ဘယ်နှပေါင်ချမယ်ဆိုတဲ့ Target လေးတွေ ချလိုက်တယ်။ PPG Group မှာ ဘယ်လိုစားရင် အဆင်ပြေတယ်ဆိုပြီး အားပေးကြတယ်၊ ကိုယ်အာသီသရှိတဲ့အစာကို ကယ်လိုရီနည်းအောင် ပြင်ဆင်ပြီး စားဖြစ်သွားတယ်။ ပေါင်၂၀ လောက်ကျသွားတော့ ခန္ဓာကိုယ်အချိုးအဆစ်ပေါ်အောင် လေ့ကျင့်ခန်းလုပ်မှဖြစ်မယ်ဆိုပြီး ကိုရွှေနဲ့အတူ Gym လည်းကစားဖြစ်သွားတယ်။ အဲဒီကနေ တဖြည်းဖြည်းကျလာလိုက်တာ အခုဆိုရင် ပေါင် ၁၂၄ လောက်ပဲရှိတော့တယ်။

တစ်သက်လုံး ပြန်ဝအောင် မနေတော့ဘူးလို့ တွေးမိတယ်။ စိတ်ကတော့ ထိန်းရတာ ခက်ပါတယ်။ အခုဆိုရင် ကိုယ်စားချင်တာလေးကို သူများစားရင် လိုက်စားပါတယ်။ ဒါပေမဲ့ အရင်က ပီဇာလေးချပ်စားဖြစ်ရာကနေ တစ်ချပ်လောက်ပဲ စားတာမျိုး၊ အချိုရည်ကို လုံးဝရှောင်တာမျိုး . .အစားအသောက်ပေါ်မှာ ချိန်ညှိနိုင်သွားတယ်” ဟု မသိမ့်က ကိုယ်အလေးချိန်ထိန်းနိုင်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့သည်။

အလုပ်သဘောအရ ပွဲလမ်းသဘင်တက်ရချိန်များတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ငါး၊ အသားတို့ကိုသာရွေးစားဖြစ်ကြောင်း ကိုရွှေကဆိုသည်။
ကိုယ်အလေးချိန်လျှော့ချရာတွင် တစ်ဦးတည်း လျှော့ခြင်းထက် နှစ်ဦးအတူ လျှော့ခြင်းက ပိုအားဖြစ်စေသလားဆိုသည်ကို မေးမြန်းကြည့်ရာ-
“ မသိမ့်က အစားမက်တော့ သူစားမယ့်အချိန်ဆိုကိုယ်ကတားဖြစ်တယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်အားနဲ့ ၀ိတ်လျှော့ဖြစ်တာမှာ သူတစ်ယောက် ပါလာတယ်။ ကိုယ့်အနေနဲ့ အားရှိတာကျတော့ ကိုယ်စားသလို သူလိုက်စားပေးတာ၊ ကိုယ်လေ့ကျင့်ခန်းလုပ်သလို သူလိုက်လုပ်ပေးတာ . .မနက်အစာထပြီး လမ်းလျှောက်ထွက်တာ၊ တင်းနစ်ရိုက်တာတွေမှာ သူကချက်ချင်းလိုက်ပေးတယ်။ ဒီတော့ နှစ်ယောက်အတူ ၀ိတ်လျှော့ရာမှာ ပိုပြီး အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ကောင်းကလည်း လိုတဲ့အတွက် ကိုယ်တို့ကို အားဖြစ်စေခဲ့တဲ့ မသပြေရဲ့ PPG Group ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်” ဟု ကိုရွှေက ဆိုသည်။

ယခင်ကသွေးတိုးဝေဒနာခံစားခဲ့ရသော မသိမ့်သည် ကိုယ်အလေးချိန်ပေါင် ၄၀ ကျပြီးနောက်ပိုင်း ပုံမှန်သွေးဖိအားအတိုင်း ပြန်ဖြစ်သွားကြောင်း သိရသည်။” လေးဖက်နာပိုးကလည်း အရင်က များနေပေမယ့် အခုနောက်ပိုင်း ပုံမှန်ပြန်ဖြစ်သွားတယ်။ အစ်မက အထိုင်သမားဆိုတော့ နောက်ကျောအရမ်းတက်တယ်၊ ခဏခဏခေါင်းလျှော်၊ အနှိပ်ဆိုင်သွားရတယ်။ အခုနောက်ပိုင်း Gym ကစားလိုက်တော့ သွေးလှည့်ပတ်မှုမှန်ကန်လာတဲ့အတွက် နောက်ကျောတက်တာ လည်း မဖြစ်တော့ဘူး” ဟု မသိမ့်က လေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ ကျန်းမာရေးအထောက်အကူပြုပုံကို ပြောပြခဲ့သည်။

“ တစ်ယောက်တည်း ၀ိတ်လျှော့တာထက် တခြားဝိတ်လျှော့သူတွေနဲ့အတူ ၀ိတ်လျှော့တာက ပိုပြီး အားဖြစ်စေပါတယ်။ ကိုယ်တို့ နေထိုင်စားသောက်မှုပုံစံကို မပြောင်းလဲနိုင်ခဲ့လို့ အ၀လွန်တဲ့အထိ ဖြစ်ခဲ့ရတာ။ မပြောင်းလဲဘဲကိုယ်စားချင်သလိုစား၊ ကိုယ်နေချင်သလိုနေရတာ စိတ်တော့ချမ်းသာတာပေါ့။ ဒါပေမဲ့ အဲဒီလို Comfort Zone ထဲမှာမနေပါနဲ့၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ၀င်လာနိုင်ပါတယ်။ ဒီထဲကနေရုန်းထွက်နိုင်အောင် ကြိုးစားကြည့်ပါ၊ ပြောင်းလဲပြီးချိန်မှာ ကိုယ်ရတဲ့ရလဒ်၊ ခံစားမှုက အစပေါ့ပါးကျန်းမာပြီးနေလို့ အရမ်းကောင်းပါတယ်။ ၀ိတ်လျှော့ချင်သူတွေအနေနဲ့ –

(၁) စားသောက်မှုပုံစံ မှန်ကန်စနစ်ကျဖို့

(၂) တစ်ပတ်မှာ အနည်းဆုံး လေးရက်လေ့ကျင့်ခန်းလုပ်ဖို့

(၃) ၀ိတ်လျှော့ချင်အောင် လှုံ့ဆော်အားပေးတတ်တဲ့ ပတ်ဝန်းကျင်ကောင်းရှိဖို့နဲ့

(၄) ၀ိတ်ချတဲ့အခါ သည်းခံပြီး ဇွဲလုံ့လနဲ့ မဖြစ်ဖြစ်အောင် လျှော့မယ်ဆိုတဲ့စိတ်ထားဖို့ လိုအပ်ပါတယ်” ဟု အသက် ၄၅နှစ်အရွယ်ကိုရွှေက အခြားအ၀လွန်သူများကို အားပေးစကားပြောကြားထားပြီး အသက် ၃၈ နှစ်အရွယ် မသိမ့်က” ကျန်းမာဖို့ဆိုရင် အားကစားကိုလိုက်စားသင့်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် Metabolism မတူတဲ့အတွက်ကိုယ်နဲ့ သင့်တော်တဲ့ စားသောက်နေထိုင်မှုနည်းလမ်းလေးတွေနဲ့ဝိတ်လျှော့ရင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရင် ပိုပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်မှာပါ’ဟု အကြံပြုအားပေးစကား ပြောကြားထားပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top