Healthy Life Ad
Child

ကလေးများတွင်အဖြစ်များသည့် အရိုးပျော့ရောဂါ

ပါမောက္ခဦးနေ၀င်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အရိုးပျော့ရောဂါအကြောင်း သိပါရစေဆရာ။

ဖြေ. အရိုးပျော့ရောဂါကို ဆေးပညာအရ Osteomalacia လို့ခေါ်ပါတယ်။ ဒါကို မြန်မာလို ဘာသာပြန်မယ်ဆိုရင်တော့ Osteo ဆိုတာကအရိုးပေါ့၊ Malacia ဆိုတာက ပျော့တာကိုပြောတာပါ။ အင်္ဂလိပ်တချို့ကတော့ Softening of Bone လို့ခေါ်ကြတယ်။ မြန်မာလိုဘာသာပြန်တော့ အရိုးပျော့ရောဂါပေါ့။ အရိုးပါးရောဂါနဲ့ မတူပါဘူး။

မေး. အရိုးပျော့ရောဂါ ဘာကြောင့်ဖြစ်ရပါသလဲဆရာ။

ဖြေ. ဒီအရိုးပျော့ရောဂါဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ဗီတာမင်ဒီ ချို့တဲ့လို့ ဖြစ်တာပါ။ ဗီတာမင်ဒီချို့တဲ့ရင် အရိုးက ကယ်လ်စီယမ်စုပ်ယူအား မရှိတော့ပါဘူး။ ကယ်လ်စီယမ်ဓာတ်နည်းသွားတဲ့အခါမှာ အရိုးရဲ့တည်ဆောက်ပုံကတော့ ပုံမှန်ဖြစ်ပေမယ့် သူ့ရဲ့တည်ဆောက်ပုံထဲမှာ ကယ်လ်စီယမ်ပါဝင်မှုကမရှိတော့ဘူး။ ကယ်လ်စီယမ်မရှိတဲ့အတွက် အရိုးကမခိုင်ဘူး၊ ပျော့နေတယ်။ အဲဒါကို အရိုးပျော့ရောဂါ (Osteomalacia) လို့ ခေါ်ပါတယ်။

Osteomalacia ကို အသက်ငယ်ငယ်အရွယ် ကလေးတွေမှာဖြစ်ရင် Ricket ရောဂါလို့ခေါ်တယ်။ အသက်ကြီးတဲ့သူတွေမှာဖြစ်မှသာ Osteomalacia လို့ ခေါ်ပါတယ်။ အသက်ငယ်တဲ့ ကလေးတွေမှာကျတော့ ကြီးထွားလာနေတဲ့ အရိုးတွေမှာ အရိုးပျော့နေတာဖြစ်ပြီးတော့ လူကြီးတွေမှာကျတော့ ကြီးထွားပြီးဖြစ်တဲ့ အရိုးတွေက ပျော့လာတာဖြစ်ပါတယ်။ အရိုးပျော့ရောဂါဖြစ်ရတာကတော့ အများအားဖြင့် စားသောက်နေတဲ့ အစားအသောက်မှာ ဗီတာမင်ဒီဓာတ်ချို့တဲ့လို့ဖြစ်တာပါ။

မေး. အသက်ကြီးတဲ့သူတွေမှာရော အရိုးပျော့ရောဂါ ဖြစ်တတ်ပါသလား ဆရာ။

ဖြေ. တစ်ခါတလေအသက်ကြီးတဲ့လူတွေမှာ အပြင်မထွက်ဘဲ အိမ်မှာ အနေများတဲ့အခါနဲ့ နေရောင်ခြည် ထိတွေ့မှုမရတော့တဲ့အခါတွေမှာလည်း ကယ်လ်စီယမ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ ကျောက်ကပ်ရောဂါကြောင့်လည်း ဗီတာမင်ဒီဓာတ် ချို့တဲ့တတ်ပါတယ်။ တစ်ခါတလေကျရင် အစားအသောက် စားလိုက်ပေမယ့် အစားအသောက်တွေထဲက ဗီတာမင်တွေ မစုပ်ယူနိုင်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ (Malabsorption Symptom)ကြောင့်လည်း အရိုးပျော့ရောဂါ ဖြစ်လာနိုင်ပါတယ်။

မေး. အရိုးပျော့ရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. အရိုးပျော့ရောဂါရဲ့ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ကလေးတွေမှာဖြစ်တာဆိုရင် ဦးခေါင်းခွံက ပုံမှန်မဟုတ်တော့ဘူး။ လက်ကောက်ဝတ်တွေ၊ ဒူးတွေမှာ အရိုးတွေရဲ့ ထိပ်တွေက ဖောင်းနေ၊ ကြီးနေတတ်တယ်။ ကလေးငယ်ငယ်လေးတွေမှာ သွားတွေပေါက်တာနောက်ကျနေမယ်။ ရင်ဘတ်တွေမှာ အရိုးဘုလုံးလေးတွေ ဖြစ်နေတတ်ပါတယ်။ အရိုးနဲ့ အရိုး နုဆက်တဲ့နေရာမှာ အရိုးဘုဖြစ်နေတတ်ပါတယ်။ ရင်ညွန့်ရိုးက ဖောင်းထွက်နေတတ်ပါတယ်။ ပြောရရင် ကြက်ရင်ဘတ် (Chicken Breast) လို ဖြစ်နေတတ်ပါတယ်။ ကလေးရဲ့ဗိုက်က ဖောင်းနေတတ်ပါတယ်။ ဆရာတို့အတွေ့များတာကတော့ ဒူးက ပုံမှန်မဟုတ်တော့ပါဘူး။ ဒူးက အထဲခွင်ပြီး ခြေထောက်က အပြင်ထွက်သလို ဖြစ်နေတာ။ ကြည့်လိုက်ရင် ခြေထောက်က ခွင်သလိုဖြစ်နေပါတယ်။ အဲဒီလိုမျိုး ဒူးက ပုံမှန်မဟုတ်တော့ပါဘူး။

မေး. အရိုးပျော့ရောဂါ ရှိ၊ မရှိ ဘယ်လိုစစ်ဆေးသိရှိနိုင်ပါသလဲ ဆရာ။

ဖြေ. ဓာတ်မှန်ရိုက်ရင်လည်း တွေ့နိုင်ပါတယ်။ သွေးဖောက်စစ်ကြည့်ရင်လည်း ကယ်လ်စီယမ် အရမ်းနည်းနေတာတွေ့မယ်၊ ဖော့စ်ဖရပ်စ်ဓာတ်တွေကလည်း ပုံမှန်မဟုတ်တော့တာကို တွေ့ရမယ်။

ကလေးတွေကို ကုသရာမှာတော့ ဆေးနဲ့ကုသပါတယ်။ ကလေးတွေကို ဗီတာမင်ဒီပေးပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဗီတာမင်ဒီကို တစ်လ- တစ်လခွဲလောက်ပေးလိုက်ရင် သိသိသာသာ ကောင်းမွန်လာနိုင်ပါတယ် . . .

မေး. ဘယ်လို ကုသမှုပေးသင့်ပါသလဲ ဆရာ။

ဖြေ. ကလေးတွေကို ကုသရာမှာတော့ဆေးနဲ့ ကုသပါတယ်။ ကလေးတွေကို ဗီတာမင်ဒီပေးပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဗီတာမင်ဒီကို တစ်လ- တစ်လခွဲ လောက်ပေးလိုက်ရင် သိသိသာသာ ကောင်းမွန်လာနိုင်ပါတယ်။ ပါးစပ်က သောက်ပေမယ့်လည်း အစာအိမ်နဲ့အူလမ်းကြောင်းက စုပ်အားမကောင်းလို့ အရိုးပျော့ရောဂါ ဖြစ်နေတာဆိုရင်တော့ ထိုးဆေးတွေနဲ့ ကုသပေးရပါတယ်။ အခြေအနေကောင်းလာပေမယ့်လည်း နေ့တိုင်း ဗီတာမင်ဒီဓာတ်ကို ဆက်ပေးထားဖို့ လိုအပ်တတ်ပါတယ်။

တစ်ခါတလေမှာ အရိုးတွေက ပုံမမှန်တာဖြစ်လာရင် အထောက်ကူကိရိယာပစ္စည်းတွေနဲ့ ထိန်းထားပေးလို့ရပါတယ်။ ခြေထောက်တွေ၊ လက်တွေပုံပျက်မှုက ဆိုးတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့လိုပါတယ်။ ခွဲစိတ်ကုသတာကလည်း ချက်ချင်းတော့မခွဲပါဘူး။ ခြောက်လလောက် ဗီတာမင်ဒီပေးပြီးတော့မှ အရိုးတွေကို ခွဲစိတ်မှုလုပ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top