Healthy Life Ad
Life Style

သွေးတိုးကြောင့် လေဖြတ်ခြင်းမဖြစ်စေရန်

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ရုတ်တရက် လေဖြတ်ရတဲ့အကြောင်းရင်းကို သိပါရစေ ဆရာ။

ဖြေ. လူနာတွေအနေနဲ့ မနက်က အကောင်းကြီး၊ ညနေကျမှ မူးတယ်.. မူးတယ်ဆိုပြီး လေဖြတ်သွားတယ်ဆိုတာ မကြာခဏ ဖြစ်တတ်ပါတယ်။ သာမန်လူတွေ အိပ်လိုက်ရင် မနက် ၂ နာရီမှာ ခန္ဓာကိုယ်ရဲ့ Metabolism က နှေးသွားပါတယ်။ တချို့သွေးတိုး ရောဂါရှိနေတဲ့ သူတွေမှာတော့ အဲဒီအချိန်မှာ Body Metabolism က နှေးမသွားတာကြောင့် ကြောက်ရပါတယ်။ သူတို့က အဲဒီအချိန်မှာ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တတ်ပါတယ်။ ဒါကို Non-dipping လို့ ခေါ်ပါတယ်။ တချို့ကျတော့ မနက်ကျမှ သွေးဖိအားဆောင့်တက် (Morning Surge)ပြီး ဦးနှောက်သွေးကြောပေါက်ကာ လေဖြတ်တတ်ပါတယ်။ အစားအသောက်ကို မဆင်ခြင်ဘဲ စားသောက်တာနဲ့ စိတ်ဖိစီးမှုများတာတွေကြောင့်လည်း ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်တတ်ပါတယ်။

မေး. သွေးတိုးကြောင့် လေဖြတ်နိုင်ခြေမများအောင် ဘယ်လိုလုပ်ဆောင်ပေးသင့်ပါသလဲဆရာ။

ဖြေ. သွေးတိုးကြောင့် လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်တာတို့က စိုးရိမ်ရပါတယ်။ အကြမ်းဖျင်းအားဖြင့် သွေးဖိအား ၁၄၀/၉၀အောက်ဆိုရင် သွေးတိုးမရှိဘူးလို့ သတ်မှတ်ထားပါတယ်။ အောက်သွေးဖိအား ၁၂၀ ကျော်ရင်တော့ လေဖြတ်နိုင်ခြေများပါတယ်။ သွေးတိုးရောဂါရှိတဲ့သူတစ်ဦးက ရေရှည်ကျန်းမာစေဖို့နဲ့ လေမဖြတ်စေဖို့ အငန်လျှော့စားရပါမယ်။

– အဆီအအိမ့်ကို လျှော့စားရပါမယ်။

– အုန်းနို့ကို လျှော့စားရပါမယ်။

– ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။

– လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်-တစ်ပတ်မှာငါးရက် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပေးရပါမယ်။

သွေးတိုးတာက ရာသက်ပန် ကုသမှုခံယူရင်း အစားအသောက်၊ အနေအထိုင်ကို ထိန်းသိမ်းရမယ့် ရောဂါဖြစ်ပါတယ်။ သွေးပေါင်မှန်မှန် ချိန်ပေးရပါမယ်၊ ဆေးမှန်မှန်သောက်ပေးရပါမယ်။ သွေးတိုးကျဆေးကို အမြဲသောက်သင့်သလားဆိုရင် အမြဲသွေးတိုးနေရင်တော့ အမြဲသောက်သင့်ပါတယ်။ ဒီလိုသိဖို့ကလည်း သွေးပေါင်ချိန်ကြည့်လို့ တစ်ပတ်မှာ ငါးရက်သွေးတိုးနေတယ်ဆိုရင် သွေးတိုးကျဆေး အမြဲသောက်သင့်ပါပြီ။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက သွေးတိုးသမားတွေက တိုင်းရင်းဆေးသောက်ရင် ကောင်းမလားလို့ ဆရာ့ကိုမေးကြတယ်။ တိုင်းရင်းဆေးတချို့က သွေးတိုးကိုကျစေနိုင်ပါတယ်။

ဒါပေမဲ့ တိုင်းရင်းဆေးတွေမှာ ရေရည်အန္တရာယ်ကင်း၊ မကင်းစစ်ဆေးမှု (Long Term Safety Data) မရှိတဲ့အတွက် ဆရာမသိပါဘူး။ သွေးတိုးလည်းရှိတယ်၊ နှလုံးသွေးကြောကျဉ်းရောဂါလည်း ရှိတယ်ဆိုရင် ACEI, B-Blocker ဆေးတွေ သောက်ရမယ်။ ဒီဆေးတွေကတော့ သွေးတိုးလက္ခဏာတွေကိုလည်း ကျစေပါတယ်။ မသန်စွမ်းဖြစ်မှုနှုန်းကိုလည်း ကျစေပါတယ်။ ဒီဆေးတွေက နှလုံးကြောင့် နောက်ဆက်တွဲဖြစ်တတ်တဲ့ရောဂါတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။ နောက်တစ်ချက်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘ၀နေထိုင်စားသောက်မှုပုံစံနဲ့ထိန်းပါ။

သွေးတိုးကိုထိန်းဖို့အတွက် လူနာရဲ့တာဝန်က ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်စားပေးဖို့နဲ့ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့တာဝန်က လိုအပ်တဲ့ ဆေးဝါးတွေကိုပေးဖို့ဖြစ်ပါတယ်။ ဒါဆိုရင် သွေးတိုးကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရောဂါတွေမရအောင် ကာကွယ်နိုင်ပြီး သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ် . . .

မေး. သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဘယ်လိုဆေးကုသမှုကို ခံယူသင့်ပါသလဲ ဆရာ။

ဖြေ. သွေးတိုးရောဂါရှိသူတို့အနေနဲ့ သွေးတိုးမှ သွေးတိုးကျဆေးသောက်တာက မထိရောက်ပါဘူး။ သွေးတိုးကျဆေးကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း အမြဲပုံမှန်သောက်ပေးတာက နောက်ဆက်တွဲရောဂါလက္ခဏာတွေဖြစ်တဲ့ လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ကျောက်ကပ်ရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးတိုးကိုထိန်းဖို့အတွက် လူနာရဲ့တာဝန်က ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်စားပေးဖို့နဲ့ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့တာဝန်က လိုအပ်တဲ့ ဆေးဝါးတွေကိုပေးဖို့ဖြစ်ပါတယ်။ ဒါဆိုရင် သွေးတိုးကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ရောဂါတွေမရအောင် ကာကွယ်နိုင်ပြီး သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top