Healthy Life Ad
Life Style

အိပ်ရာထချိန်တိုင်း ခါးနာနေလျှင်

ပါမောက္ခဦးနေ၀င်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မနက်အိပ်ရာထချိန်မှာ ခါးနာပေမယ့် နေ့လယ်ဆိုရင်တော့ ခါးနာတဲ့ ဝေဒနာက သက်သာသွားပါတယ်။ အဲဒါ ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

ဖြေ. မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊ ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင်မပြေတာကြောင့် ဖြစ်နိုင်ပါတယ်။

အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့သူတွေကို ဆရာတို့က ဘယ်လိုအကြံပေးလဲဆိုတော့ –

– ပက်လက်မအိပ်ပါနှင့်၊ ဘေးတစောင်းအိပ်ပါ

ပက်လက်အိပ်ရင် ခါးနာတတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲ စောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကိုကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီးအိပ်ရင် ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထားဖြစ်ပါတယ်။

– မွေ့ရာတစ်ခုကို ကြာရှည်မသုံးသင့်ပါ

မွေ့ရာက သုံးတာအချိန်ကြာရင် မွေ့ရာအနေအထားမမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွားတတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့အိပ်ရင် ခါးနာတတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းမျဉ်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံးခိုင်းပါတယ်။

– အိကျသောမွေ့ရာနှင့် မအိပ်သင့်ပါ

အိပ်လိုက်ရင် အိကျတဲ့မွေ့ရာတွေ၊ ဟိုးအရင်တုန်းကသုံးတဲ့ စပရိန်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံမာမာတွေထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါမျိုးတွေကိုလည်းမသုံးဖို့ အကြံပြုလိုပါတယ်။

– မှို့မွေ့ရာကို သုံးပါ

ခါးနာတာ သက်သာဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ မှို့မွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် မသုံးသင့်တော့ပါဘူး။ မွေ့ရာအသစ်ကို ပြောင်းသင့်နေပါပြီ။ အခုခေတ်ပေါ် Medium Firm Mattress မွေ့ရာဆိုရင် ကောင်းပါတယ်။ သုံးသင့်တယ်လို့လည်း ဆရာတို့ ယူဆပါတယ်။

ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့ကထင်ပြီး ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေ ခံပြီးအိပ်ကြတယ်။ ဒါက မကောင်းပါဘူး။ မလုပ်ပါနဲ့လို့လည်း အကြံပေးချင်ပါတယ်။

– သစ်သားပြားပေါ်၊ မာသောနေရာပေါ် မအိပ်ရပါ

ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့ကထင်ပြီး ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေခံပြီး အိပ်ကြတယ်။ ဒါက မကောင်းပါဘူး။ မလုပ်ပါနဲ့လို့လည်း အကြံပေးချင်ပါတယ်။

အိပ်ရာနိုးမှ ခါးနာတယ်ဆိုရင် အထက်ပါ အကြောင်းတွေကို လိုက်နာလိုကရင် သက်သာသွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ညည အိပ်တိုင်း၊ အိပ်တိုင်း အိပ်နေရင် နာတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ခါးအရိုးမှာဖြစ်တဲ့ တီဘီ၊ ခါးမှာဖြစ်တဲ့ ကင်ဆာတွေနဲ့ တခြားကျန်းမာရေးပြဿနာတွေကလည်း ညည ခါးနာတာ ဖြစ်တတ်တာကြောင့် ဒီလို အကြောင်းတွေကြောင့် ခါးနာတာ ဟုတ်၊ မဟုတ် စစ်ဆေးမှု ခံယူဖို့လိုပါတယ်။ ဒါတွေက ဆိုးရွားတဲ့ ရောဂါတွေဖြစ်တာကြောင့် ဒီလိုရောဂါတွေကို စောစောစစ်ဆေးမှု ခံယူကြဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top