Healthy Life Ad
Life Style

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် အာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဆီးလမ်းကြောင်း ပိုးဝင်ရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာမ။

ဖြေ. ဆီးလမ်းကြောင်းပိုးဝင်ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ မိန်းကလေးတွေမှာ ရာသီလာတဲ့အချိန်မှာ အခန့်မသင့်ရင် ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ရှိတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ချိန်မှာ Gram Negative တွေ ပိုများတတ်ပါတယ်။ ဆီးပိုက်ထည့်တဲ့အခါ အဆင်မသင့်ရင် ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နှုန်းက ပိုများပါတယ်။

အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက ပိုတိုတာလည်း ပါတယ်၊ နောက်တစ်ချက်က အမျိုးသမီးတွေရဲ့ စအိုနဲ့ မိန်းမကိုယ်အင်္ဂါကလည်း နီးတယ် . . အဲဒီအခါကျတော့မစင်ထဲမှာပါတဲ့ အီးကိုလိုင်ပိုးတွေက ဆီးပြွန်၊ ဆီးပြွန်ကနေ ဆီးအိမ်ထဲကိုဝင်လွယ်ပြီး နောက်ဆုံး ကျောက်ကပ်ထဲ ရောက်သွားပါတယ်။ ပြီးတော့ အမျိုးသားနဲ့ အတူနေတဲ့အခါ အမျိုးသားဆီက ပိုးတွေဟာ အမျိုးသမီးဆီ ရောက်သွားပါတယ်။ အဲဒီအခါ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်တာဖြစ်နှုန်းများတတ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေက ဆီးပိုးဝင်တာကို ပိုပြီးတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ခံအားကျနေတဲ့အတွက် ပိုးဝင်လွယ်ရတာပါ။

မေး. ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ ဆရာမ။

ဖြေ. ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ များသောအားဖြင့် ဆီးသွားတဲ့အခါ ပူတယ်၊ ဆီးကျဉ်တယ်၊ ဆီးသွားနည်းတယ်၊ သိပ်ဆိုးတဲ့အခါ အရမ်းအောင့်တယ်။ ဟန်းနီးမွန်းသွားတဲ့အခါ ဆီးလမ်းကြောင်း ပိုးဝင်တာဖြစ်တတ်တဲ့အတွက် Honeymoon Cystitis လို့ ပြောကြတယ်။ တချို့တွေမှာဆိုရင် ဗိုက်အပေါ်ပိုင်း ခါးတွေအထိ နာတတ်ပါတယ်။ ဆီးသွားလိုက်ရင် အရောင်တွေက သွေးပဲပါသလိုလို ရင့်နေတတ်ပြီး အနံ့ရှိတဲ့အရောင်တွေ ဖြစ်တတ်တယ်။ အဲဒီအချိန်မှာ လူက အရမ်းပင်ပန်းတယ်၊ ချမ်းတုန်ဖျားတာတွေလည်း ဖြစ်တတ်ပါတယ်။

မေး. ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ သက်သာအောင် ဘယ်လိုအစားအသောက်တွေကို စားပေးသင့်ပါသလဲဆရာမ။

ဖြေ. များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်တာ ပြင်းထန်ရင် အီးကိုလိုင်ပိုးဝင်တာများတဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးပေးတာ များပါတယ်။ အခုနောက်ပိုင်း ခရမ်ဘယ်ရီဆေးတွေ ရှိလာတဲ့အခါ အဲဒီဆေးတွေသောက်ရင် ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေပါတယ်။ အကိုက်အခဲပျောက်ဆေး ပေးတာလည်းရှိတယ်။ ဒီလိုဆေးတွေသောက်တာက သောက်တာပဲ၊ အနေအထိုင် အစားအသောက်တွေကိုလည်း ဆင်ခြင်ရပါမယ်။ ဆီးသွားလို့ကောင်းအာင် အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ စားပေးရပါမယ်။ အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေက လိမ္မော်သီး၊ ပန်းသစ်တော်၊ ခရမ်းချဉ်သီး စတာတွေကို များများစားရမယ်။ ဗီတာမင်စီ များများပါတဲ့ သစ်သီးတွေကို စားပေးရင် ဆီးသွားကောင်းသလို ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေပါတယ်။

အဓိက ရေများများ သောက်ပေးရပါမယ်။ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေကို အဓိက စားသောက်ပေးရပါမယ်။ ခရမ်ဘယ်ရီသီးဖျော်ရည်၊ ဒိန်ချဉ် စတာတွေကို သောက်ပေးရပါမယ်။ ကြက်သွန်ဖြူစားပေးရင် ကိုယ်ခံအားစနစ်တက်လာပြီး အလိုအလျောက် ပိုးသေစေပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အထူးသဖြင့် ဟင်းနုနယ်ရွက် စားသင့်ပါတယ်။ ငရုတ်ပွသီး စားသင့်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ချိန်မှာ အချိုနဲ့သကြားများများပါတဲ့ အစားအသောက်တွေကို အများကြီးမစားသင့်ပါဘူး။ အချိုတွေက ပိုးပေါက်လွယ်စေလို့ပါ။ နောက်တစ်ခုက ကဖင်းများတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။

မေး. ဆီးလမ်းကြောင်း ပိုးဝင်ချိန်မှာ ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်ပါသလဲ ဆရာမ။

ဖြေ. ဆီးလမ်းကြောင်း ပိုးဝင်ချိန်မှာ အချိုနဲ့ သကြားများများပါတဲ့ အစားအသောက်တွေကို အများကြီးမစားသင့်ပါဘူး။ အချိုတွေက ပိုးပေါက်လွယ်စေလို့ပါ။ နောက်တစ်ခုက ကဖင်းများတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ကဖင်းပါတဲ့ ချောကလက်၊ ကိုလာစတာတွေကို ရှောင်သင့်ပါတယ်။ သတိထားရမှာတစ်ခုက ဗီတာမင်စီ လိုအပ်တယ်ဆိုပေမယ့် သံပရာရည်တွေကို အများကြီး အလွန်အကျွံ သောက်နေတာမျိုးကတော့ မကောင်းပါဘူး။ ဗီတာမင်စီများများပါတာကို အများကြီးသောက်လိုက်ရင် ဆီးအိတ်ကို သွားလှုံ့ဆော်ပြီး ဆီးခဏခဏသွားစေပါတယ်။ ဆီးဆေးသောက်သလို မျိုးထွက်စေတဲ့အတွက် အလွန်အကျွံမစားသောက်သင့်ပါဘူး။ အပူအစပ်တွေကို ဆင်ခြင်သင့်ပါတယ်။

မေး. ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ထပ်မံပြောပေးပါဦး ဆရာမ။

ဖြေ. ဆီးလမ်းကြောင်း ပိုးဝင်တာက အနေအထိုင် အစားအသောက် ဆင်ခြင်လိုက်ရင် အကြာကြီးမဖြစ်ပါဘူး။ အလွန်ဆုံး ၃ ရက်လောက်ဆို ဝေဒနာသက်သာသွားပါတယ်။ အဓိကကတော့ ရေများများသောက်ပေးသင့်ပါတယ်။

အရင်တုန်းက ဆော်ဒါမှုန့်ဖျော်ရည်သောက်ရင် ကျောက်ကပ်က အဆိပ်တွေ ပြယ်စေတယ်၊ ဆီးပိုးဝင်တာ သက်သာတယ်ဆိုတဲ့ အယူအဆတစ်ခုရှိခဲ့တယ်။ အခုချိန်ထိလည်း တချို့မှာရှိနေတုန်းပဲ။ အခုနောက်ပိုင်း သိပ်တော့မသုံးတော့ဘူး။ ဒါပေမဲ့ ဆီးပိုးဝင်နေတယ်၊ အောင့်နေတယ် . .ဘာဆေးမှ သုံးစရာမရှိတော့ဘူးဆိုရင် ဆော်ဒါမှုန့်ကို လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေတစ်ဖန်ခွက်ထဲ ထည့်ဖျော်ပြီး သောက်လိုက်ရင် နည်းနည်းသက်သာပါတယ်။ ဆရာမတို့ကတော့ အခုနောက်ပိုင်း သိပ်မသုံးတော့ပါဘူး။

ဆီးလမ်းကြောင်း ပိုးဝင်တာမဖြစ်အောင် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဆီးသွားပြီးရင် သေချာရေဆေးရပါမယ်။ ၀မ်းသွားပြီး ရေဆေးတဲ့အခါ နောက်ကနေရှေ့ဘက်ကို သန့်ရှင်းရေးမလုပ်ဖို့နဲ့ ရှေ့ကနေနောက်ကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ ဒါကို ကလေးတွေကိုလည်း သင်ထားပေးသင့်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီး အတူမနေခင်မှာလည်း သန့်ရှင်းရေးကို သေချာလုပ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top