Healthy Life Ad
Life Style

နှာခေါင်းနားရှိ လေပြွန်အကျိတ်ကင်ဆာ ကုသအောင်မြင်ထားသူ ဒေါ်ဝင်းမော်သန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၄ ဧပြီ ၂၀ ရက်နေ့တွင် အသက် ၅၀ အရွယ် ဒေါ်ဝင်းမော်သန်း၏ နှာခေါင်းထဲမှ သွေးခဲများ ထွက်လာခဲ့သည်။ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တစ်ဦးထံသွားပြခဲ့ရာ ထိပ်ကပ်နာဟုယူဆပြီး ဆေးဝါးများပေးခဲ့သည်။ “သုံးရက်လောက်နေတော့ အသက်ရှူလို့မရအောင် နှာခေါင်းပိတ်နေတယ်။ မသက်သာတော့ ဆရာဝန်နဲ့ပြန်ပြတဲ့အခါ CT Scan ရိုက်ခိုင်းပါတယ်။ အထဲမှာ အကျိတ်ရှိပြီး ဘယ်ဘက်ပါးတစ်ခုလုံးပြည့်နေတယ်၊ ခွဲမှရမယ်၊ ခွဲပြီး အသားစယူမယ်လို့ဆိုတယ်။ အာရှတော်ဝင်မှာ ခွဲပြီးအသားစယူလိုက်တော့ ကင်ဆာမဟုတ်ဘူးလို့ဆိုတယ်။ အိမ်ပြန်ရောက်တဲ့အခါ နှာခေါင်းက နှစ်ဖက်စလုံး ပိတ်သွားရော။

ဒါနဲ့ နား၊ နှာခါင်း၊ လည်ချောင်းဆရာဝန်ဆီ ပြန်သွားပြတဲ့အခါ CT ပြန်ရိုက်ရတယ်။ ဖြစ်ချင်တော့ အရင်ရှိတဲ့ အကျိတ်ထက်ပိုကြီးတဲ့ အကျိတ်ကြီးရှိနေတယ်၊ ဒါက ကင်ဆာအကျိတ်ပဲ၊ နှာခေါင်းနားက လေပြွန်နားမှာရှိတဲ့ အကျိတ်ကင်ဆာ (Sinus cancer) ဆိုပြီး ၀ိတိုရိယဆေးရုံမှာ မလေးရှားကလာတဲ့ ဆရာဝန်နဲ့ ခွဲမလားလို့မေးတယ်။ အန်တီလည်း ၀ိတိုရိယမှာ ထပ်မခွဲတော့ဘဲနဲ့ ဘန်ကောက်က ဘန်ရွန်ဂရက်ဆေးရုံကို သွားပြလိုက်တယ်”ဟု ကင်ဆာခရီးလမ်းအစကို ဒေါ်ဝင်းမော်သန်းကပြန်လည်ပြောပြခဲ့သည်။

၂၀၁၄ ဇူလိုင်လတွင် ဘန်ကောက်ရှိ ဘန်ရွန်ဂရက် ဆေးရုံသို့သွားပြခဲ့ရာ ကင်ဆာအမျိုးအစား sacoma ဟု အမည်တပ်ပေးခဲ့ပြီး နှာခေါင်းအကျိတ်ကို ခွဲစိတ်ကုသမှုခံယူကာ ၂၀၁၄ သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လတိတိ နှာခေါင်းကင်ဆာ အဆင့်(၁)အတွက် ဓာတ်ရောင်ခြည်ကုထုံးကို အကြိမ် ၃၀ ခံယူခဲ့ကြောင်း သိရသည်။

“ဓာတ်ရောင်ခြည်ပေးတော့ ဘာစားစား အရသာမရှိဘူး။ အဲဒီအချိန်မှာ အားရှိအောင် စားရမယ်လို့ပြောတယ်။ မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်ဖို့ ဆရာဝန်ကပြောတယ်။ အဲဒါနဲ့ အန်တီ ပန်းသီးနဲ့ မုန်လာဥနီကို ရောကြိတ်ပြီး ရလာတဲ့အရည်ကို နေ့တိုင်းသောက်ပါတယ်။ ပြီးတော့ ကြက်ဥပြုတ် နှစ်လုံး-သုံးလုံးကို နေ့တိုင်းစားတယ်။ ကြက်စွပ်ပြုတ်သောက်တယ်။ ကျန်တဲ့အစာတွေကတော့ မ၀င်ဘူး။ ဒီအစာတွေကိုပဲ မ၀င်ဝင်အောင် ရေနဲ့မျှောချတယ်။ ဓာတ်ကင်ပြီး သုံးလကြာတဲ့အထိလည်း ဘာစားစား ဘာအရသာမှမရှိဘူး။ ရောဂါကို တွန်းလှန်နိုင်ဖို့ ကိုယ်ခံအားကောင်းမှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ အရသာမရှိလည်း ဗိုက်ထဲမ၀င်ဝင်အောင် ထည့်ပါတယ်။ ငှက်သိုက်လည်းသောက်ပါတယ်”ဟု ဓာတ်ရောင်ခြည်ကုထုံးကို အောင်မြင်စွာကျော်လွှားနိုင်ရန် စားသောက်နေထိုင်ခဲ့ပုံကို ဒေါ်ဝင်းမော်သန်းက ပြန်လည်ပြောပြခဲ့သည်။

မျိုးရိုးအနေဖြင့် ဒေါ်ဝင်းမော်သန်း၏ မိခင်ဖြစ်သူက သွေးကင်ဆာဖြစ်ဖူးကြောင်း၊ ကင်ဆာဖြစ်ရခြင်းအကြောင်းရင်းကိုမူ သေချာမသိကြောင်း ဒေါ်ဝင်းမော်သန်းက ပြောသည်။ “ဘာကြောင့် ဖြစ်တယ်ဆိုတာ သေချာမသိဘူး။ အန်တီက အိမ်သန့်ရှင်းရေး ခဏခဏလုပ်တယ်။ နှာခေါင်းစည်းမတပ်ဘဲလုပ်တော့ ဖုန်တွေ၊ ဘက်တီးရီးယားပိုးတွေ ၀င်လို့လားပေါ့။ သေချာတော့ မသိဘူး။ အရင်က အချိုတွေ၊ အဆီတွေ သိပ်စားတယ်။ အဲဒါကလည်း တစ်စိတ်တဒေသပါမယ်လို့ ထင်တယ်။ ကုပြီးတော့လည်း ၁၀၀ ရာခိုင်နှုန်း ပျောက်ပါပြီလို့ မပြောနိုင်ဘူးလေ။ ပြန်ပြန်စစ်နေရမှာပဲ။ ရောဂါပြန်မဖြစ်ဘူးဆိုရင်တော့ အန်တီ ကံကောင်းတာပဲလေ”

၂၀၁၇ ဇူလိုင်လတွင် သွားပြခဲ့ရာ ကျန်းမာရေးကောင်းမွန်နေသဖြင့် တစ်နှစ်နေမှ ထပ်ပြပါဟု ပြောလိုက်ကြောင်း သိရသည်။ “ကုသမှုအားလုံးပြီးတော့ နှစ်ပတ်တစ်ခါ ချိန်းတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ကင်ဆာဆရာဝန်တွဲပြီး ပြရတယ်။ နောက်ပိုင်းကျတော့ တစ်လတစ်ခါချိန်းတယ်။ တစ်ကိုယ်လုံး ဆေးပြန်စစ်တယ်။ နောက်ပိုင်းကျတော့ ကျန်းမာနေတာနဲ့ သုံးလတစ်ခါချိန်းတယ်။ နောက်ပိုင်း ခြောက်လတစ်ခါ ချိန်းတယ်။ အခု ၂၀၁၆ ကျတော့ တစ်နှစ်နေမှပဲ လာပြတော့လို့ပြောတယ်။ ငါးနှစ်ပြည့်သွားရင်တော့ သူတို့မချိန်းတော့ဘူး၊ နောက်ပိုင်း လာချင်လည်းလာပြပါ၊ မလာချင်လည်း မလာနဲ့လို့ ပြောလိုက်တယ်”ဟု ဒေါ်ဝင်းမော်သန်းက ဆိုသည်။

ကင်ဆာကုသမှုခံယူစဉ်က အခက်အခဲကြုံခဲ့သော်လည်း အားမလျှော့ဘဲ ကျော်လွှားခဲ့ပုံကို အန်တီဒေါ်ဝင်းမော်သန်းက ယခုလို ပြောပြခဲ့သည်။ “အန်တီကင်ဆာဖြစ်တော့ သားကြီးက ၁၀ တန်းစာမေးပွဲဖြေရမှာ။ အစ်မကလည်း ကင်ဆာဆိုတာ သေပြီလို့တွက်ပြီး တော်တော်စိတ်ဓာတ်ကျခဲ့တယ်။ လက်ထဲမှာ ငွေကလည်းမရှိတော့ ဘန်ကောက်ကို ဆေးသွားကုဖို့ မလွယ်ဘူး။ ပိုက်ဆံချေးပြီး ဆေးသွားကုရမှာဖြစ်တော့ ‘ကလေးအတွက် အသက်ရှင်မှဖြစ်မယ်၊ ဆေးကုပြီး တိုက်ခန်းတစ်ခန်း ပြန်ရောင်းဆပ်မယ်’လို့ အမျိုးသားကိုပြောပြီး ဆေးသွားကုလိုက်တယ်။ ဆေးကုတာ စုစုပေါင်း သိန်း ၅၀၀ လောက်ကုန်သွားပါတယ်။ နောက်ပိုင်းကျတော့ တိုက်ခန်းတစ်ခန်းရောင်းပြီး ပြန်ဆပ်လိုက်ပါတယ်။ ၂၀၁၄-၂၀၁၅ စာသင်နှစ်မှာ သားကြီးကလည်း ဘာသာစုံဂုဏ်ထူးနဲ့ ၁၀တန်းအောင်မြင်ခဲ့ပါတယ်”

ယခုအခါ ၅၄ နှစ်အရွယ် ဒေါ်ဝင်းမော်သန်းသည် အသက် ၂၀အရွယ်နှင့် ၁၆ နှစ်အရွယ် သားသမီးနှစ်ဦး၊ ခင်ပွန်းသည်နှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်။ “အန်တီကမွေးကတည်းက အမဲသားမစားဘူး၊ နောက်ပိုင်းမှာ ၀က်သားမစားဘူး၊ ကြက်သားစားတယ်၊ ငါးစားတယ်၊ ပုဇွန်စားတယ် . .အဲဒါတွေကလည်း နည်းနည်းပါးပါးပါပဲ။ ဟင်းသီးဟင်းရွက် များများစားတယ်၊ အရွက်ပြုတ်ရည်သောက်တယ်၊ မုန်လာဥနီဖျော်ရည်သောက်တယ်။ ဆီကြော်စာတွေမစားဘူး၊ အချိုမှုန့်ကို လုံးဝရှောင်တယ်၊ သကြားမစားဘူး။ ချိုလွန်းတဲ့ အစားအစာတွေဖြစ်တဲ့ ကိတ်မုန့်၊ ရေခဲမုန့်စတာတွေမစားဘူး”ဟု ယခုနောက်ပိုင်း နေထိုင်စားသောက်မှုပုံစံကို ပြောပြခဲ့သည်။

ဓာတ်ရောင်ခြည်ကုထုံးပေးနေချိန်ကာလတစ်လျှောက်လုံး အန်တီက ရိပ်သာဝင်သလို သဘောထားပြီး ဓာတ်ရောင်ခြည် ကုထုံးမခံယူခင် ဘုရားရှိခိုးတယ်၊ တရားမှတ်တယ်၊ ပုတီးစိပ်တယ်၊ ပဋ္ဌာန်းရွတ်တယ်၊ ပရိတ်ကြီး ၁၁ သုတ်ရွတ်တယ်။ တစ် နာရီခွဲလောက် ဘုရားတရားလုပ်ပြီးမှ ဓာတ်ရောင်ခြည်ကုထုံး ကုတယ်။ ပြန်လာတော့လည်း တစ်ချိန်လုံး တရားမှတ်တယ်၊ ဘုရားရှိခိုးတယ်။ ပြောရရင် . . .

ကင်ဆာပျောက်ရခြင်းမှာ ဘုရားတရားအစွမ်းကြောင့်ဟု ဒေါ်ဝင်းမော်သန်းက ယုံကြည်ထားသည်။ “အန်တီ ကင်ဆာပျောက်တာ ဘုရား၊ တရားကြောင့်လို့ ယုံကြည်ပါတယ်။ ဓာတ်ရောင်ခြည်ကုထုံး ပေးနေချိန်ကာလတစ်လျှောက်လုံး အန်တီက ရိပ်သာဝင်သလို သဘောထားပြီး ဓာတ်ရောင်ခြည်ကုထုံး မခံယူခင် ဘုရားရှိခိုးတယ်၊ တရားမှတ်တယ်၊ ပုတီးစိပ်တယ်၊ ပဋ္ဌာန်းရွတ်တယ်၊ ပရိတ်ကြီး ၁၁ သုတ် ရွတ်တယ်။ တစ်နာရီခွဲလောက် ဘုရားတရားလုပ်ပြီးမှ ဓာတ်ရောင်ခြည်ကုထုံးကုတယ်။ ပြန်လာတော့လည်း တစ်ချိန်လုံးတရားမှတ်တယ်၊ ဘုရားရှိခိုးတယ်။ ပြောရရင် ကိုယ့်ကိုယ်ကိုယ် သေလူလို့ သဘောထားပြီး ဘုရားတရားကိစ္စတွေပဲလုပ်ပါတယ်။ အရင်ကလည်း လပြည့်နေ့တိုင်း ဓာတ်ကြီးလေးပါး ဆွမ်းကပ်ပါတယ်၊ သာသနာပွဲတင်တယ်။ သီလရှင်ကိုလည်း ကင်ဆာမဖြစ်ခင်က တစ်ခါဝတ်တယ်၊ ကင်ဆာဖြစ်ပြီးတော့လည်း နှစ်တိုင်း သင်္ကြန်အကြို ၁၀ ရက်တရားစခန်းမှာ သီလရှင်ဝတ်တယ်။

ကျန်းမာနေသရွေ့ တစ်နှစ်တစ်ကြိမ်၊ နှစ်တိုင်းဆက်တိုက် သီလရှင်အဖြစ်နဲ့ တရားစခန်းဝင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ရက်တရားစခန်းကိုလည်းသွားတယ်။ အိမ်မှာလည်း တရားနာတာ၊ တရားထိုင်တာကိုလည်း ပုံမှန်လုပ်ဖြစ်တယ်။ ပြောရရင် ဒီအထောက်အပံ့တွေကြောင့် ဒီနေ့အထိ အသက်ရှင်ကျန်းမာနေတယ်လို့ အန်တီယုံကြည်တယ်။ ပြီးတော့ ဒီနေ့အချိန်ထိ အသက်ရှင်နိုင်ဖို့ ဘန်ကောက်မှာ ဆေးကုခွင့်ပြုတဲ့ အန်တီ့ခင်ပွန်း၊ ဘန်ကောက်မှာ ဆေးကုဖို့တိုက်တွန်းခဲ့တဲ့ ကုရမယ့် ဆေးရုံအမည်ကိုပြောပေးခဲ့တဲ့ သူငယ်ချင်းညီမ မိတ်ဆွေတွေ၊ ဆေးကုဖို့ပိုက်ဆံကိုရရှိအောင် ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေတွေကျေးဇူးကြောင့် အခုလိုကုသနိုင်ပြီး အခုချိန်ထိ အသက်ရှင်နိုင်သေးလို့ ကျေးဇူးအမြဲတင်နေပါတယ်”ဟု ပြောပြခဲ့ပြီး-

တစ်ခုက ကံကြောင့်၊ တစ်ခုက ကိုယ့်နေထိုင်စားသောက်မှု ပုံစံကြောင့်လို့ထင်ပါတယ်။ အရင်က ကျန်းမာရေးဗဟုသုတ မရှိခဲ့တဲ့အတွက် ဖြစ်ခဲ့တယ်လို့ထင်တယ်။ အခုနောက်ပိုင်းကျမှ အချို၊ အဆီတွေရှောင်ပြီး အချဉ်နဲ့ အခါးတွေ စားဖြစ်တယ်။

အခြားကင်ဆာဝေဒနာ ဖြစ်နေသူများသို့-

“လူတိုင်းကတော့ ဒီရောဂါကို မဖြစ်ချင်ဘူးလေ၊ ကံကံ၏ အကျိုးပေါ့ . . တစ်ခုက ကံကြောင့်၊ တစ်ခုက ကိုယ့်နေထိုင်စားသောက်မှုပုံစံကြောင့်လို့ ထင်ပါတယ်။ အရင်က ကျန်းမာရေးဗဟုသုတမရှိခဲ့တဲ့အတွက် ဖြစ်ခဲ့တယ်လို့ထင်တယ်။ အခုနောက်ပိုင်းကျမှ အချို၊ အဆီတွေရှောင်ပြီး အချဉ်နဲ့ အခါးတွေ စားဖြစ်တယ်။ ဖြစ်လာရင်တော့ သေချာကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုးကွယ်ရာ ဘာသာတရားကိုလည်း ကိုးကွယ်အားထားပြီး ကုမယ်ဆိုရင် ကျော်လွှားနိုင်မှာပါ”ဟု ဒေါ်ဝင်းမော်သန်းက သူ့အတွေ့အကြုံကို အခြေခံပြီး အားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top