Healthy Life Ad
Life Style

အနာဂတ်ကို ဖတ်နိုင်တဲ့သူ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရှေးရှေးတုန်းက ကြယ်တွေကိုကြည့်ပြီး အနာဂတ်ကို ဖတ်နိုင်တယ်လို့ ယုံကြည်တဲ့ အမျိုးသားတစ်ဦးရှိပါသတဲ့။ သူက ညညဆိုရင် ကြယ်တွေကို ငေးကြည့်ပြီး အချိန်ဖြုန်းလေ့ရှိတယ်။ ပြီးတော့ သူ့ကိုယ်သူ ဗေဒင်ဆရာလို့ ဆိုတယ်။ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြတဲ့ ရွာသားတွေက သူ့ဆီကို လာရောက်လေ့ရှိကြတယ်။

တစ်ညနေခင်းမှာ သူက ရွာအပြင်ဘက်က လမ်းပေါ်လျှောက်ရင်း သူ့မျက်စိက ကြယ်တွေကို စူးစိုက်ကြည့်နေခဲ့တယ်။ သူ့အမြင်အရ ကမ္ဘာကြီး ရဲ့ အဆုံးသတ်က နီးလာပြီလို့ သူထင်တယ်။ အနာဂတ်ကိုသိတဲ့ သူ့အတွေးတွေ ဆုံးရှုံးသွားခဲ့တယ်။ သူက ကြယ်တွေကို အကြည့်မပျက်ဘဲ အောက်ကို ငုံ့မကြည့်ဘဲ လမ်းဆက်လျှောက်နေခဲ့တယ်။ ရုတ်တရက်ဆိုသလို ရွှံ့ရေတွေပြည့်နေတဲ့ တွင်းထဲကို ပြုတ်ကျသွားခဲ့တယ်။

ရွှံ့ရေထဲ နစ်နေတဲ့အတွက် သူက တွင်းဘေးကနေ အပေါ်ကိုပြန်တက်ဖို့ ခြေလက်တွေကို အားပြုရင်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူက တွားသွားပြီး မတက်နိုင်တော့တဲ့အဆုံး သူ သေရပါတော့မယ် ဆိုပြီး အကြောက်ကြီး ကြောက်ခဲ့တယ်။ ဒါနဲ့ အကူအညီရလိုရငြား စူးစူးရှားရှား အော်ဟစ်တော့တာပေါ့။ သူရဲ့ ငိုယိုအကူအညီတောင်းသံကြားမှ ရွာသားတွေက ပြေးလာကြတယ်။
ရွာသားတွေက သူ့ကို ရွှံ့နွံထဲက ဆွဲထုတ်ရင်း တစ်ယောက်က ပြောတယ်။

“ကြယ်တွေကို ကြည့်ပြီး အနာဂတ်ဖတ်နိုင်တယ်ဆိုတာ ခင်ဗျားညာတာပဲ။ အခု ခင်ဗျား ဒီလို ဖြစ်မယ်ဆိုတာတောင် မသိဘူးလား။ အနာဂတ်ကို မျှော်ကြည့်ရင်း ကမ္ဘာမြေပေါ်က အဟန့်အတား တွေကိုတောင် မသိတော့ဘူးလား”လို့ ဆိုတယ်။

ဒီအခါမှာ ကြယ်ကြည့်တဲ့သူဟာ နောင်တရသွားတော့တယ်။ လူတိုင်းဟာ ကိုယ့်အနာဂတ်ကို ပျော်ရွှင်ဖို့နဲ့ တောက်ပဖို့ မျှော်လင့်ကြတယ်။ တကယ်တော့ အချိန်ဆိုတာ မရပ်မနား သွားနေမယ့် အရာ၊ မနက်ဖြန်ဆိုတာ ဒီနေ့ပြီးရင် ဖြစ်လာမယ့် အရာပါ။ လက်ရှိပစ္စုပ္ပန်ကာလတိုင်းကို ဟန်ချက် ညီညီ၊ သတိရှိရှိနဲ့ ဆင်ခြင်နေထိုင်ရင် ပိုကောင်းမွန်တဲ့ အနာဂတ်ကာလကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top