Healthy Life Ad
Life Style

မောင်နှမအချစ် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မကို ရွာလေးတစ်ရွာမှာ လယ်စိုက်တဲ့ မိဘတွေက မွေးပါတယ်။ တစ်နေ့မှာ ကျွန်မအရွယ် မိန်းကလေးတိုင်းမှာရှိတဲ့ လက်ကိုင်ပ၀ါလေး တစ်ထည်ကို လိုချင်တာနဲ့ အဖေ့အံဆွဲထဲက ပြား ၅၀ ကို ခိုးယူခဲ့ပါတယ်။ အဖေက သူ့ငွေပျောက်သွားမှန်း သိတော့-

“အံဆွဲထဲက ပိုက်ဆံ ဘယ်သူခိုးတာလဲ”
ကျွန်မနဲ့ မောင်လေးကို မေးတဲ့အခါ ပြောရမှာ အကြောက်ကြီးကြောက်ပြီး ကျွန်မ ကြက်သေသေနေခဲ့ပါတယ်။ တစ်ယောက်မှ ၀န်မခံရင် နှစ်ယောက်စလုံးမှာ အပြစ်ရှိတယ်လို့ ယူဆပြီး အပြစ်ပေးမယ်လို့ အဖေကဆိုပါတယ်။ ရုတ်တရက်ဆိုသလိုပဲမောင်လေးက “ကျွန်တော်ခိုးတာပါ အဖေ” လို့ ၀န်ခံလိုက်ပါတယ်။ အဖေက သူ့ကို အပြစ်ပေးပါတော့တယ်။ အဲဒီနေ့ ညဥ့်လယ်မှာ ကျွန်မရုတ်တရက်အော်ငိုလိုက်တဲ့အခါ မောင်လေးက ကျွန်မပါးစပ်ကို သူ့လက်ဖ၀ါးသေးသေးလေးနဲ့ လာအုပ်ပါတယ်။
“အစ်မ မငိုနဲ့တော့လေ၊ အားလုံးပြီးသွားပြီ”

ကျွန်မကို ကာကွယ်ပေးတဲ့ မောင်လေးရဲ့ အပြုအမူကို ဘယ်တော့မှ မမေ့ပါဘူး။ မောင်လေး အသက်က ရှစ်နှစ်၊ ကျွန်မ အသက်က ၁၁ နှစ်ပါ။ အပြစ်ကိုဝန်မခံရဲတဲ့၊ သတ္တိမရှိတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းလိုက်တာ။
_ _ _
ကျွန်မမောင်လေးဟာ အလယ်တန်းအောင်ပြီး အထက်တန်းတက်ရမယ့်နှစ်မှာ ကျွန်မလည်း တက္ကသိုလ်ဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီညမှာ အဖေက အမေကို တစ်ယောက်ကိုပဲ ကျောင်းထားနိုင်တော့မယ့်အကြောင်းပြောတော့ အမေက ငိုနေခဲ့ပါတယ်။
အဲဒီညမှာမောင်လေးက အဖေ့ရှေ့ကိုရပ်ပြီး-

“ကျွန်တော် ပညာဆက်မသင်ချင်တော့ဘူး အဖေ၊ စာအုပ်တွေ အလုံအလောက် ဖတ်ခဲ့ပြီးပြီ”လို့ ဆိုတော့ အဖေက စိတ်တိုပြီး ငွေရအောင်ရှာမယ်လို့ ဆိုပါတယ်။
ကျွန်မက မောင်လေးမျက်နှာကို ညင်ညင်သာသာထိတွေ့ပြီး “ယောက်ျားလေးဆိုတာ ပညာဆက်သင်ရမယ်။ ဒါမှ မမတို့ကြုံတွေ့နေရတဲ့ ဆင်းရဲခြင်းက လွတ်မြောက်မှာ”လို့ ပြောတော့ မောင်လေးက “ကျွန်တော် ဘယ်အလုပ်လုပ်ပြီး မမ တက္ကသိုလ်တက်နိုင်အောင် ငွေပို့ပေးမယ်”လို့ အခိုင်အမာပြောပါတယ်။
_ _ _

ကျွန်မ တက္ကသိုလ်တက်နေတော့ တစ်နေ့မှာ အခန်းဖော်က “အပြင်မှာ နင့်ကို စောင့်နေတဲ့ ရွာသားတစ်ယောက်ရောက်နေတယ်။ ရွာသားက ဘာလို့ နင့်ကို လာစောင့်နေတာလဲ”လို့ ဆိုတယ်။
ကျွန်မ ပြေးသွားလိုက်တော့ တစ်ကိုယ်လုံး ဖုန်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေ ပေကျံနေတဲ့ မောင်လေးကို တွေ့ရတယ်။

“မမ အခန်းဖော်ကို မောင်လေးပါလို့ ဘာလို့ မပြောလိုက်တာလဲ”
“ကျွန်တော့်ပုံစံလည်း ကြည့်ဦးလေ၊ မမ မောင်လေးလို့ပြောရင် သူတို့ မမကို လှောင်ကြမှာပေါ့” ပြုံးပြီး ပြောပါတယ်။
ကျွန်မ မျက်လုံးမှာ မျက်ရည်တွေ အပြည့်နဲ့ မောင်လေးကိုယ်ပေါ်က ဖုန်တွေ၊ အညစ်အကြေး တွေကို သုတ်ပေးနေခဲ့တယ်။

“ဘယ်သူဘာပြောပြော မမဂရုမစိုက်ဘူး။ မင်းဘယ်လိုအသွင်အပြင်ဖြစ်ဖြစ် မမရဲ့မောင်လေးပဲ”
သူ့အိတ်ကပ်ထဲက လိပ်ပြာပုံဆံညှပ်လေး ထုတ်ပြီး ကျွန်မ ဆံပင်တွေမှာတပ်ပေးရင်း “မိန်းကလေးတွေ တပ်တာတွေ့လို့ မမအတွက် တစ်ခု ၀ယ်ခဲ့တာ”လို့ ဆိုတယ်။ ကျွန်မ မထိန်းနိုင်လောက်အောင် မျက်ရည်တွေကျတော့ သူက မျက်ရည်သုတ်ပေးနေခဲ့တယ်။ အဲဒီနှစ်က မောင်လေး အသက် ၂၀နှစ်၊ ကျွန်မအသက် ၂၃ နှစ်။
_ _ _
ကျွန်မ အိမ်ထောင်ကျတော့ မြို့မှာနေဖြစ်ခဲ့တယ်။ ကျွန်မခင်ပွန်းက ကျွန်မမိဘတွေကို အတူလာနေဖို့ မကြာခဏခေါ်ပေမယ့် သူတို့က မနေချင်ကြဘူး။ မောင်လေးကလည်း အတူတူပဲ။
“မမ ယောက္ခမတွေကို ဂရုစိုက်ပါ၊ ကျွန်တော်က ဒီမှာ အဖေနဲ့ အမေကို ဂရုစိုက်ပါ့မယ်”တဲ့။

ကျွန်မခင်ပွန်းက သူ့စက်ရုံမှာ ဒါရိုက်တာ ဖြစ်လာတော့ မောင်လေးကို မန်နေဂျာအဖြစ် ကမ်းလှမ်းပေမယ့် သူက ငြင်းတယ်။
တစ်နေ့မှာတော့ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရပြီး မောင်လေး ဆေးရုံရောက်သွားတယ်။ ကျွန်မနဲ့ ခင်ပွန်း သူ့ကို ဆေးရုံမှာ သွားတွေ့ရင်း “ဘာလို့ မန်နေဂျာအလုပ်ကို ငြင်းရတာလဲ၊ မန်နေဂျာဆိုရင် ဒီလို အန္တရာယ်များတဲ့ အလုပ်မလုပ်ရဘူး၊ ဘာလို့ စကားနားမထောင်ရတာလဲ”လို့ မြည်တွန် တောက်တီးမိတော့ မောင်လေးက ဆိုတယ်။

“ကျွန်တော့်လို ပညာမတတ်တဲ့သူကို မန်နေဂျာခန့်ထားရင် ယောက်ဖအလှောင်ခံရမှာပေါ့”တဲ့။
“မောင်လေး ပညာမတတ်ရတာက မမ ကြောင့်လေ”လို့ ဆိုတော့ အရင်က အကြောင်းတွေ မပြောနဲ့တော့လို့ မောင်လေးက ဆိုတယ်။ သူ့အသက် ၂၆ နှစ်၊ ကျွန်မအသက် ၂၉ နှစ်။
မောင်လေးက ရွာက လယ်သူမလေးနဲ့ လက်ထပ်ခဲ့တယ်။ မင်္ဂလာဧည့်ခံပွဲမှာ အခမ်းအနားမှူးက မောင်လေးကို မေးတယ်။

“ဘယ်သူ့ကို အချစ်ဆုံးနဲ့ အလေးစားဆုံးလဲ”
တစ်ချက်မှမစဉ်းစားဘဲ မောင်လေးကဖြေတယ်။
“ကျွန်တော့်အစ်မပါ။ ကျွန်တော် မူလတန်းကျောင်းတက်တုန်းက ကျောင်းက တခြားရွာမှာ။ အဲဒီကို ကျွန်တော်နဲ့ အစ်မက နှစ်နာရီကြာ လမ်းလျှောက်ရင်း တက်ခဲ့ရတာ။ တစ်နေ့ကျတော့ ကျွန်တော့်လက်အိတ်တစ်ဖက် ပျောက်သွားခဲ့တယ်။ အစ်မက သူ့လက်အိတ်တစ်ဖက်ကို ပေးခဲ့တယ်။ သူက လက်အိတ်တစ်ဖက်တည်းနဲ့ လမ်းလျှောက်ခဲ့တာ။ အေးလွန်းလို့ အိမ်ပြန်ရောက်တဲ့အခါ သူ့လက်တွေ တုန်ယင်နေခဲ့တယ်။ ထမင်းစားတော့ တူတောင် မကိုင်နိုင်ရှာခဲ့ဘူး။ အဲဒီနေ့ကစပြီး ကျွန်တော်ဆုံးဖြတ်ခဲ့တာက အစ်မကိုစောင့်ရှောက်ပြီး အစ်မကောင်းဖို့ အရာရာကို ပံ့ပိုးပေးသွားမယ်ဆိုတာပဲ”

ခန်းမတစ်ခုလုံး လက်ခုပ်သံတွေပြည့်သွားတယ်။ ဧည့်သည်အားလုံးက ကျွန်မကိုအာရုံစိုက်နေတာနဲ့ “ကျွန်မဘ၀တစ်ခုလုံး ကျေးဇူးအတင်ရဆုံးသူက မောင်လေးပါပဲ”ဆိုတဲ့စကားကို ခက်ခက်ခဲခဲပြောရင်း မျက်ရည်တွေကို သုတ်နေမိပါတော့တယ်။
_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top