Healthy Life Ad
Life Style

အတွေးမှားခြင်းနှင့် မနာလိုစိတ် (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အခုတစ်ပတ် စိတ်ကျန်းမာရေးအဖွဲ့ဝင်များ အပတ်စဉ် ပညာပေးဆွေးနွေးပွဲမှာ စိတ္တဇယုံကြည်မှုမှား ယွင်းခြင်းအကြောင်းကို ဆွေးနွေးကြပါတယ်။ စိတ်ပညာရှင် ပီတာက သူကုသနေတဲ့ လူနာ မစ္စတာအေရဲ့ ရာဇ၀င်ကို ဦးစွာတင်ပြတယ်။
“ မစ္စတာအေ(ကိုအေ)ဟာ အသက် ၃၉ နှစ် အရွယ် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါတယ်။ အိမ်ထောင်သက် ၁၄ နှစ်အတွင်းမှာကိုအေဟာ သူ့ဇနီး အပေါ် သံသယစိတ်လွန်ကဲမှု ရှိနေတယ်။ သူ့ဇနီးက သစ္စာမရှိဘူး။ တခြားယောက်ျားတွေနဲ့ ဖောက်ပြန် နေတယ်လို့ စွပ်စွဲတယ်။ ဆွေမျိုးသားချင်းထဲက ယောက်ျား၊ မိတ်ဆွေယောက်ျား၊ အလုပ်ထဲက အလုပ်သမား စသဖြင့် လူတကာနဲ့ မကင်းဘူးလို့ အတိ အကျ ပြောနေပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစပြီး သူရဲ့ စွပ်စွဲချက် တွေက ပိုမိုပြင်းထန်လာတယ်။ သူရဲ့ မနာလိုစိတ်၊ သံသယစိတ်ကို အထောက်အကူပြုတဲ့ အချက်အလက်တွေကို ကြံဖန်စဉ်းစားပြီး စွပ်စွဲနေပါတယ်။ အ ကြမ်းဖက်ပြီး သူ့ဇနီးကို ၀န်ခံခိုင်းတာလည်း ရှိတယ်။ သူ့ကို ပြန်ပြောရင်၊ ချေပပြောဆိုရင် ကိုယ်ထိလက် ရောက် ရိုက်နှက်တဲ့အကျင့်ပေါ်လာပါတယ်။ တစ်ကြိမ်မှာတော့ သူ့ဇနီး ဦးခေါင်းကွဲတဲ့အထိ လက်လွန် ခြေလွန်ဖြစ်သွားတယ်။ ဒါကြောင့် လူရိုက်မှုနဲ့ တရားစွဲဆိုတာ ခံရပါတယ်။ တရားရုံးက ကိုအေရဲ့ စိတ် ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့ အမိန့်ချမှတ်ပါတယ်”

“ အဲဒီတရားရုံးအမိန့်ကြောင့် ဆေးစစ်ဖို့ ကျွန် တော်တို့ဆေးရုံကို ရောက်လာတာလား” လို့ စာရေး သူက မေးလိုက်တော့ ပီတာက ဖြေပါတယ်။

“ ဟုတ်ပါတယ်။ ကျွန်တော်က မှုခင်းစိတ်ပညာရှင်ဖြစ်လို့ ကိုအေကို ကျွန်တော်လည်း စမ်းသပ်စစ် ဆေးရပါတယ်”
“ အိမ်ထောင်ရေးကိစ္စမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ပြောဖို့ ခက်တယ်နော်။ လင်မယားတစ်ယောက်နဲ့ တစ်ယောက် စွပ်စွဲကြတာ၊ မယုံသင်္ကာဖြစ်တာ၊ မနာလိုစိတ်ပွားနေကြတာက အိမ်ထောင်ထဲမှာ ဖြစ်တတ်တဲ့ သဘာဝပါ။ ‘လင်နဲ့ မယားလျှာနဲ့သွား’ဆိုတဲ့ ပြောစကားကို ကြားဖူးတယ် မဟုတ်လား။ ဒါကြောင့် ကိုအေပြောနေတာတွေကို စိတ်ရောဂါလက္ခဏာလို့ သတ်မှတ်နိုင်၊ မနိုင် သတိ ထားရမယ်လို့ ကျွန်မထင်တယ်။ ချစ်ခင်မြတ်နိုးလွန်းလို့ ဆုံးရှုံးသွားရမှာကို စိုးရိမ်နေတာ မဖြစ်နိုင်ဘူးလား” လို့ သူနာပြုမေရီက ၀င်ပြောပါတယ်။

ပီတာက” ကျွန်တော် သဘောပေါက်ပါတယ် မေရီ၊ ဒါပေမဲ့ ကိုအေရဲ့ ကိစ္စက သဘာဝထက် ပိုနေတယ်လို့ ကျွန်တော် ယူဆတယ်။ ကိုအေရဲ့ ခွင့်ပြု ချက်ရလို့ သူ့ဇနီးကို ကျွန်တော် တွေ့ဆုံမေးမြန်းစုံ စမ်းကြည်ပါတယ်။ သူ့ဇနီးက ရိုးရိုးသားသား ငြင်းဆို ပါတယ်။ သူမ ထောက်ပြတဲ့ အကျိုးအကြောင်းတွေ ကို ချင့်ချိန်ကြည့်တော့ ကိုအေရဲ့ ယုံကြည်ချက်ကို မှားတယ်လို့ ပြောနိုင်တယ်။ သူ့ဇနီးအပြင် ကိုအေရဲ့ အစ်ကိုနဲ့ အမေကိုလည်း တွေ့ဆုံဆွေးနွေးခွင့် ရပါ တယ်။ သူတို့ကလည်း ကိုအေပြောတာတွေကို မယုံနိုင်ဖြစ်နေတယ်။ သူ့ကျန်းမာရေးအတွက်သာ စိတ်ပူနေကြပါတယ်”

အိမ်ထောင်ရေးကိစ္စမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ပြောဖို့ခက်တယ်နော်။ လင်မယားတစ် ယောက်နဲ့တစ်ယောက် စွပ်စွဲကြတာ၊ မယုံသင်္ကာ ဖြစ်တာ၊ မနာလိုစိတ်ပွားနေကြတာက အိမ်ထောင်ထဲမှာ ဖြစ်တတ်တဲ့သဘာဝပါ။ ‘လင်နဲ့မယား လျှာနဲ့သွား’ဆိုတဲ့ ပြောစကားကို ကြားဖူးတယ်မဟုတ်လား . . .

ထိုစဉ် ဒေါက်တာတွမ်က “ ပီတာပြောတာ ကျွန်တော်သဘောတူပါတယ်။ ကိုအေရဲ့ သံသယစိတ်၊ မနာလိုစိတ်က လွန်ကဲနေပါတယ်။ လုံလောက် တဲ့အထောက်အထားတွေမရှိဘဲ စွဲစွဲမြဲမြဲယုံကြည် နေတာဖြစ်တယ်။ နောက်ပြီး သူ့ယုံကြည်ချက်နဲ့အညီစိတ်ခံစားတုန့်ပြန်မှုတွေရှိတယ်။ အပြုအမူပြောင်း လဲလာတာတွေရှိပါတယ်”

“ ဒေါက်တာတွမ်က ကိုအေကိုသိလို့လား” လို့ မေရီက မေးတော့-
“ ကျွန်တော်လည်း သူ့ကို စစ်ဆေးရပါတယ်။ ကိုအေက သူ့ဇနီးကို ကိုယ်ထိလက်ရောက်စစ်ဆေး တာရှိတယ်။ သူ့အလုပ်က အိမ်ပြန်လာရင် သူ့ဇနီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို စစ်ဆေးတယ်၊ အတွင်းခံ ဘောင်းဘီကို စစ်ဆေးတယ်” လို့ ဒေါက်တာတွမ်က ဖြေပါတယ်။
“ ဘာကို သိချင်လို့ ဒီလိုစစ်ဆေးတာလဲ” လို့ မေရီက ပြန်မေးတော့-
“ မေရီ စဉ်းစားကြည့်ပေါ့။ နောက်ပြီး ရှိသေးတယ်။ သူ့ဇနီးအပြင်ထွက်ရင် နောက်ကလိုက်ပြီး ချောင်းတယ်။ တစ်ခါတလေ အလုပ်က အိမ်ကိုစောစောပြန်လာပြီး မထင်မှတ်ဘဲ အငိုက်ဖမ်းစစ်ဆေး တာတွေလည်းရှိတယ်တဲ့”

“ အဲဒီလို အထောက်အထားတွေရှိတော့ကို အေရဲ့ယုံကြည်ချက်ဟာ “ စိတ္တဇယုံကြည်မှု မှားယွင်းခြင်း” လို့ ပြောနိုင်ပါတယ်” လို့ စာရေးသူက ပြောတဲ့အခါ မေရီက မေးပါတယ်။

“ မနာလိုစိတ်လွန်ကဲတဲ့ ယုံကြည်မှုမှားယွင်း ခြင်း(Delusion of Jealousy) လို့ခေါ်နိုင်သလား”

“ မှန်ပါတယ်။ ကိုအေမှာ တခြားစိတ္တဇရောဂါ မရှိရင် ‘စိတ္တဇယုံကြည်မှုမှားယွင်းရောဂါ’တစ်မျိုးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ မနာလိုစိတ်လွန်ကဲခြင်းကို တခြားစိတ်ရောဂါတွေမှာလည်းတွေ့ရှိနိုင်ပါတယ်”

စာရေးသူရဲ့ အပြောကို တွမ်က ဖြည့်စွက်ပြီး-
“ တခြားစိတ်ရောဂါရှိ၊ မရှိ ကျွန်တော် စစ်ဆေး ကြည့်ပါတယ်။ စိတ်ကစဥ့်ကလျားစိတ္တဇရောဂါ၊ စိတ်ကြွ-စိတ်ကျရောဂါစတဲ့ စိတ္တဇရောဂါတွေ မရှိပါဘူး။ ဒါပေမဲ့ ကိုအေမှာ အရက်စွဲရောဂါလို့ သတ်မှတ်နိုင်တဲ့ လက္ခဏာတွေရှိတယ်။ ကိုအေကိုယ်တိုင်ကလည်း သူအရက်သောက်တာ များတယ်လို့ ၀န်ခံထားပါတယ်” လို့ ပြောပါတယ်။

“ အရက်မူးတဲ့အချိန်မှာ မသင်္ကာစိတ်များလာတာလား” ဆိုတဲ့ မေရီရဲ့ မေးခွန်းကို စာရေးသူ-
“ မဟုတ်ပါဘူး။ အရက်စွဲရောဂါ ကြာရှည်လာရင် အဲဒီလို မနာလိုစိတ်လွန်ကဲတဲ့ စိတ္တဇလက္ခဏာ ပေါ်လာတတ်ပါတယ်။ အရက်စွဲရောဂါရှိရင် အရက် သောက်တာကြောင့် အိမ်ထောင်ရေးပဋိပက္ခဖြစ်ပွား နိုင်တယ်။ ငွေရေးကြေးရေးအခက်အခဲရှိလို့ လင်မ ယားအဆင်မပြေတာရှိမယ်။ အရက်စွဲတဲ့ ယောက်ျား တွေမှာ ပန်းသေပန်းညှိုးရောဂါ ဖြစ်တတ်လာလည်း ရှိတယ်။ အဲဒီလို အချက်အလက်တွေကြောင့် မယုံသင်္ကာစိတ်၊ မနာလိုစိတ်ဖြစ်ပေါ်လာနိုင်တယ်။ ဒီတော့ ကိုအေကို ဘယ်လိုကူညီနိုင်သလဲ” လို့ မေးလိုက်ပါတယ်။

တွမ်က-“ ဆေးရုံတက်စမှာ အရက်ဖြတ်လက္ခ ဏာတွေရှိလို့ ဗီတာမင်ဆေးနဲ့ စိတ်ငြိမ်ဆေး ပေးပါတယ်။ စိတ္တဇယုံကြည်မှုမှားယွင်းတဲ့ လက္ခဏာအ တွက် စိတ္တဇရောဂါကုသဆေးတစ်မျိုး ပေးထားပါတယ်”

ပီတာကလည်း” ကျွန်တော့်ဘက်ကတော့ စိတ် ကုထုံးနဲ့ စတင်ကူညီနေပါတယ်။ ရည်ရွယ်ချက်နှစ် မျိုးထားပြီး ကုသပေးနေတာပါ။ ကိုအေ အရက်ပြန် မသောက်အောင်၊ အရက်ဖြတ်နိုင်အောင် ကူညီအား ပေးတဲ့ ကုထုံးက ပထမဖြစ်ပါတယ်။ ဒုတိယစိတ်ကု ထုံးကတော့ အယူမှားကို တိုက်ဖျက်ပေးဖို့ အတွေး ပြုပြင်ပြောင်းလဲပေးတဲ့ ကုထုံး ဖြစ်ပါတယ်။ ကိုအေ ဆေးရုံကဆင်းသွားရင်လည်း အပြင်လူနာအဖြစ် သုံးလက ခြောက်လလောက်အထိ ဆက်လက်ကုသ ဖို့ရည်ရွယ်ထားပါတယ်” လို့ ဆိုပါတယ်။

စာရေးသူက-“ ကောင်းပါတယ်။ စိတ္တဇရောဂါ ကုသဆေးနဲ့ ပီတာပြောတဲ့ စိတ်ကုထုံးတွေကို အတူတွဲပြီး ကုသပေးရင် ကိုအေရဲ့ရောဂါသက်သာပျောက်ကင်းဖို့ အလားအလာကောင်းပါတယ်။ ဒါပေမဲ့ ဒီကု ထုံးတွေကို ကိုအေတစိုက်မတ်မတ် လိုက်နာဖို့တော့ လိုလိမ့်မယ်” ပြောတော့ မေရီက ဖြေတယ်။

“ ဒီအတွက် ကျွန်မ တာဝန်ယူပါတယ်။ ကုသမှု မှန်မှန် ခံယူဖို့နဲ့ အိမ်ထောင်ရေး ပြန်လည် အဆင်ပြေဖို့ ကျွန်မဘက်က ကူညီပံ့ပိုးပေးမှာပါ”

“ ဒီနေ့ဆွေးနွေးခဲ့တာကတော့ စိတ္တဇယုံကြည်မှု မှားယွင်းခြင်းတစ်ခု ဖြစ်တဲ့ မနာလိုစိတ်လွန်ကဲတဲ့ အကြောင်း ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာ . .”

စာရေးသူ စကားအဆုံးမှာတော့ မေရီက ဖြည့်စွက်ပြောပါတယ်။
“ နောက်တစ်ပတ်မှာ ကျွန်မကြည့်နေတဲ့ လူနာ တစ်ယောက်အကြောင်း တင်ပြပါမယ်။ လူနာက အ မျိုးသမီးပါ။ ကိုအေက သူ့မိန်းမဟာ တခြားယောက်ျား တွေကို ချစ်နေတယ်လို့ ယုံကြည်တာ၊ ကျွန်မလူနာကတော့ တခြားမိန်းမရဲ့ ယောက်ျားက သူမကို ချစ် နေတယ်လို့ ပြောနေသူပါ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top