Healthy Life Ad
Life Style

နောက်က လူအုပ်ကြီး လိုက်နေတယ် ဆရာ

ပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော်(ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“ ဒီကောင့်ကိုမိရင် အသေသတ်မယ် . . ဒီကောင့်ကို ရအောင်ဖမ်း . . မိရင် အသေပဲကွ”

သွေးဆာနေတဲ့ လူအုပ်ကြီးက ကောင်းစည် နောက်ကနေ သည်းသည်းမည်းမည်း လိုက်နေတယ်။ ကောင်းစည်ဟာ ကြောက်အား လန့်အားနဲ့ လူအုပ်ကြီး လွတ်ရာရောက်အောင် ခြေကုန်ပြေးရပါတော့တယ်။

ပြေးရင်း ပြေးရင်း ခြံစည်းရိုးတွေကို တွေ့တော့လည်း ကောင်းစည် အားကုန်ခုန်တက်၊ ခုန်ဆင်းပြီး အားကုန်ပြေးရတယ်။ ကောင်းစည်က ပြေးလေ၊ နောက်က လူအုပ်ကြီးက တုတ်တွေကိုင်ပြီး လိုက်လေ . .

“ ကိုကြီး မပြေးနဲ့ . . ဘာလို့ ပြေးနေတာလဲ”
လမ်းခုလတ်မှာ ကောင်းစည်ရဲ့ ညီဖြစ်သူက ရှေ့က ပိတ်ရပ်ပြီး မေးတော့ ကောင်းစည် သူ့ကို အမောတကော ဖြေတယ်။

“ ငါ့နောက်မှာလေ . . ဟိုးမှာ တုတ်တွေနဲ့ လူ အုပ်ကြီး မတွေ့ဖူးလား . . သူတို့ ငါ့ကို ရိုက်မလို့ လိုက်နေကြတာလေ . . မိရင် အသေသတ်မှာကွ”

ကောင်းစည် ပြောလည်းပြော ပြေးလည်းပြေး။ နောက်ဆုံးမှာ ကောင်းစည်ကို ဦးလေးနဲ့ ညီတွေ ၀ိုင်း ချုပ်ပြီး အိမ်ကို ပြန်ခေါ်ခဲ့ကြတော့တယ်။
_ _ _

အသက် ၃၃ နှစ်အရွယ် ကောင်းစည်ဟာ သူ့ညီတွေ၊ ဦးလေးတွေနဲ့အတူ ဆရာ့ဆီကို ရောက်လာခဲ့ပါတယ်။
“ ဆရာရယ် . .သူ့နောက်က လူတွေ လိုက်နေတယ်ဆိုပြီး ထွက်ထွက်ပြေးနေတယ်။ ညဆိုရင်လည်း တစ်ညလုံးအော်ဟစ်နေပြီး ခြံစည်းရိုးပေါ်က ခုန်ချပြေးတယ်။ ရပ်ကွက်ထဲမှာ ကျွန်တော်တို့ ဆွေမျိုးတွေရှိလို့ ၀ိုင်းဖမ်းပြီး ဘယ်လိုဖြစ်လို့ ပြေးနေရတာလဲ ပြောပါဦးလို့ မေးရတယ်။ သူ့နောက်ကနေ လူလေးယောက်က လိုက်နေတယ်၊ သူတို့က ရိုးရိုးတန်းတန်း လိုက်တာမဟုတ်ဘဲ တုတ်တွေ ကိုယ်စီနဲ့ နောက်ကနေ ရိုက်ဖို့ ပြေးလိုက်နေလို့ ထွက်ပြေးရတာပါလို့ သူက ပြန်ပြောတယ် ဆရာ” လို့ ဦးလေးဖြစ် သူက ပြောပြပါတယ်။

ဒီကောင်တွေ သွေးဆာနေတာ . .တကယ်တော့ သူတို့နဲ့ ကျွန်တော် ဘာရန်ငြှိုးမှ မရှိပါဘူး။ အဲဒါကို ကျွန်တော့်ကို ရိုက်မယ်၊ နှက်မယ်နဲ့ လိုက်ကြတာ. . . သူတို့ လိုက်တာကို ပြေးရလွှားရ ရှောင်ရတိမ်းရတာနဲ့ ကျွန်တော့်မှာ ညညဆို အိပ်လို့တောင်မရဘူး . . .

“ သူတို့က နောက်ကနေ ဘယ်လို လိုက်တာလဲ။ သူတို့ လိုက်တာကို မြင်ရလား” လို့ ဆရာက ကောင်းစည်ကို မေးကြည့်တော့-
“ မြင်ရတယ် ဆရာ . .ဒီကောင်တွေ သွေးဆာနေတာ . .တကယ်တော့ သူတို့နဲ့ ကျွန်တော် ဘာရန် ငြှိုးမှမရှိပါဘူး။ အဲဒါကို ကျွန်တော့်ကို ရိုက်မယ်၊ နှက်မယ်နဲ့ လိုက်ကြတာ . . . သူတို့ လိုက်တာကို ပြေးရလွှားရ ရှောင်ရ တိမ်းရတာနဲ့ ကျွန်တော့်မှာ ညညဆို အိပ်လို့တောင် မရဘူး” လို့ ကောင်းစည်က ဖြေပါတယ်။

ကောင်းစည်နဲ့ ပါတဲ့ ညီတွေ၊ ဦးလေးတွေက ၀င်ပြီး-
“ သူ့နောက်မှာ ဘယ်သူမှပါတာ မတွေ့ပါဘူး ဆရာ . .သူ တစ်ယောက်တည်း ပြေးနေတာပဲ တွေ့ပါတယ်. .သူ့ကို မေးတော့ တစ်နေရာ လက်ညှိုးထိုးပြပြီး ကျွန်တော့်နောက်က လိုက်နေပါတယ်ဆိုပြီး ပြောတာပဲ “ လို့ ပြောပါတယ်။

“ အရင်ကကော ဘာဖြစ်ဖူးသေးလဲ၊ အရက် တွေ ဘာတွေကော သောက်သလား” လို့ ဆရာက မေးကြည့်တော့ ကောင်းစည်အကြောင်း အကုန်သိတဲ့ ညီဖြစ်သူက ၀င်ပြောပါတယ်။

“ ဟုတ်တယ် ဆရာ . . သူက အရက်ကို တော်တော်ကြိုက်တယ်။ အရက်သောက်တာက သူ ၁၀ တန်းအောင်ပြီးကတည်းက သူ့ထက် နှစ်နှစ်-သုံးနှစ် ကြီးတဲ့သူတွေနဲ့ ပေါင်းပြီး အရက်အတူတူ စသောက် ခဲ့တာ။ စသောက်ကတည်းက အရက်အပြင်းစားတွေ သောက်ခဲ့တာ ဆရာ . . အသက် ၁၇-၁၈နှစ်လောက် ကစပြီး သောက်ခဲ့တာ . . သောက်ခါစတုန်းကတော့ နည်းနည်းပေါ့၊ တစ်ခွက်-နှစ်ခွက်လောက်ပဲသောက် ခဲ့ရာက အခုနောက်ပိုင်းမှာ တစ်ပုလင်း၊ နှစ်ပုလင်း ကနေ သုံးပုလင်းလောက်အထိ သောက်နိုင်လာတယ်။ ပြောရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက သုံးပုလင်းလောက် သောက်နိုင်နေပြီ ဆရာ . . နောက်ပိုင်း ဗိုက်နာတယ်၊ ဗိုက်အောင့်တယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်မှာ အရက်ကို ရုတ်တရက် ဖြတ်လိုက်တယ်။

အဲဒီအရက် မသောက်ဘူးလို့ ဆုံးဖြတ်တဲ့ ညမှာပဲ သူအိပ်မပျော်တော့တာ ဆရာ . . ပထမညက အိပ်မပျော်ဘူးဆိုပြီး ချွေးသီးချွေးပေါက်တွေ ကျတယ်။ လျှောက်အော်တယ်။ ဒုတိယညကျတော့ အိပ်မပျော်ရုံတင်မကဘဲ ၀င်းထရံပေါ်ကနေ ခုန်ချ ပြေးတဲ့အဆင့်အထိ ဖြစ်လာတယ်ဆရာ”

သူ့ညီရဲ့ အဖြေကြားတော့ ကောင်းစည် ဘာကြောင့် ဒီလို ဖြစ်နေသလဲဆိုတာ ဆရာ သိလိုက်ပါပြီ။

“ ဟုတ်ပြီ . . ဒါဆိုရင် အရက်ပြတ်လို့ ပေါ်လာတဲ့ လက္ခဏာတွေပဲ . . အရက်ပြတ်တဲ့ လက္ခဏာတွေ ပျောက်ဖို့ဆိုရင် စနစ်တကျကုသမှုခံယူဖို့ လိုအပ်တယ်။ အရင်တုန်းက နှစ်ရှည်လများအရက်ကို တစ် နေ့သုံးပုလင်းကျော်လောက် သောက်ထားတော့ အိမ်မှာ အရက်ဖြတ်ရင် အန္တရာယ်များတယ်။ ဆေးရုံ မှာပဲတက်ပြီး အရက်ဖြတ်တာကသင့်တော်တယ် . . ကဲ . . မောင်ကောင်းစည်ကရော အရက်ဖြတ်ချင်တဲ့ စိတ်တကယ်ရှိရဲ့လား၊ အရက်ကို တကယ်မသောက်ဘဲ နေတော့မှာ သေချာတယ်ဆိုရင်တော့ ဆေးရုံ တက်ပြီး လိုအပ်တဲ့ ကုသမှုတွေရအောင် ဆရာစီစဉ် ပေးမယ်” လို့ ဆရာက မေးကြည့်လိုက်ပါတယ်။

“ ဆရာ . . ကျွန်တော့် နောက်က လိုက်ပြီး နှောင့်ယှက်နေတဲ့ သူတွေ မနှောင့်ယှက်နိုင်တော့ဘူး၊ သူတို့ ပျောက်သွားမယ်ဆိုရင်တော့ အရက်ကို လုံးဝ ဖြတ်ပါ့မယ် ဆရာ၊ ဆေးရုံတက်ပြီး ကုမှရမယ်ဆိုလည်း ဆေးရုံကိုသာ တင်ပေးပါတော့ ဆရာရယ်” လို့ ကောင်းစည်က ပြောပါတယ်။

ဒါနဲ့ မောင်ကောင်းစည်ကို ဆေးရုံတင်ပြီး လိုအပ်တဲ့ သွေး၊ ဆီး၊ ၀မ်းစတာတွေကို စစ်ဆေးပေး လိုက်ပါတယ်။ ပြီးတော့ စိတ်ကယောင်ခြောက်ခြား ဖြစ်နေတာတွေ သက်သာအောင် လိုအပ်တဲ့ ဗီတာမင်၊ ရေနဲ့ အာဟာရဓာတ်တွေ ပြည့်ပြည့်၀၀ ဖြည့်တင်းပေးရသလို တခြားသင့်တော်တဲ့ ထိုးဆေး၊ စားဆေးတွေ ပေးထားလိုက်ပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top