Healthy Life Ad
Life Style

အနင်းခံပြီး အပူထုတ်တာက ကောင်းသလား

ပါမောက္ခဦးနေ၀င်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

လက်တွေ၊ ခြေထောက်တွေမှာ သွေးကြောတွေရှိသလို ပေါင်အရင်းမှာဆိုရင် ခြေထောက်ကို သွားတဲ့ သွေးကြောမကြီး (Femoral Artery) ရှိပါတယ်။ အဲဒီသွေးကြောမကြီးကို စမ်းကြည့်လိုက်ရင် ဒုတ်ဒုတ်..ဒုတ်ဒုတ်နဲ့ မြည်နေတတ်ပါတယ်။ အနှိပ်သည်တွေက အဲဒီသွေးကြောမနေရာကို အားနဲ့ အကြာကြီး ဖိနင်းထားတော့ သွေးက မလျှောက်တော့ဘူး။ သွေးအေးသွားပါတယ်။ အချိန် နည်းနည်းကြာမှ ဖိနင်းထားတာကို ရုတ်တရက် လျှော့လိုက်တော့ သွေးတွေက ဆင်းသွားတယ်၊ အဲဒီအခါ ရုတ်တရက် ပူပြီး ဆင်းသွားတဲ့ခံစားမှုကိုရပါတယ်။ ဒါကို အပူထုတ်တယ်လို့ သူတို့ကခေါ်ကြပါတယ်။ ဆရာတို့ကတော့ ဒီလိုအပူထုတ်တာကို သိပ်အားမပေးချင်ပါဘူး။ ပူတဲ့ ခံစားမှုရပေမယ့် ညောင်းညာတာကို ပြေ တာမျိုးမဟုတ်ပါဘူး။

ဒီလို အပူထုတ်ရင် စိုးရိမ်ရတာက သွေးကြောနဲ့ ကပ်ရက်မှာ အာရုံကြောတွေ ရှိတာကြောင့် အပူထုတ်ရင်း အာရုံကြောတွေကို ဖိမိသွားရင် အဲဒီအာရုံကြောတွေ ထိခိုက်မှာကို စိုးရိမ်ရပါတယ်။ တစ်ခါတလေ အနှိပ်ခံတာ ကောင်းပေမယ့် အပူထုတ်တာကိုတော့ မလုပ်သင့်ပါဘူး။ လက်မှာလည်း ဒီလိုပါပဲ။ သွေးကြောတွေကို ဖိပြီး ပြန်ဖြေလျှော့လိုက်ရင် သွေးတွေပူဆင်းသွားတဲ့ ခံစားမှုကို ရရှိစေပါတယ်။ ဒီလို အပူထုတ်ရင် အာရုံကြောတွေကို မတော်တဆ ဖိမိသွားတဲ့အခါ အာရုံကြောတွေထိခိုက်မှာကို စိုးရိမ်ရပါတယ်။ ဒါကြောင့် အပူထုတ်တာကိုတော့ မလုပ်သင့်ပါဘူး။

နှိပ်တာနဲ့ နင်းတာက အတန်အသင့် ခံနိုင်ရည်ရှိသလောက်ဆိုရင် ပေါ့ပါးသွားစေတယ်ဆိုပေမယ့် အလွန် အကျွံမဖြစ်အောင်တော့ ဂရုစိုက်ရပါတယ်။ တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း သတိထားသင့်ပါတယ်။ ခွန်နဲ့အားနဲ့နှိပ်ရင်၊ နင်းရင် အသားတွေကြေသွားတာ၊ အထဲမှာ သွေးတွေထွက်ပြီး အရေပြားက ညိုမည်းနေတာတွေ ဖြစ်တတ်ပါတယ်။ အပူထုတ်တာကတော့ . . .

အနင်းခံတာကြောင့်လည်း ဆရာ့လူနာတွေ မကြာခဏ ပြဿနာတက်ကြပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကိုယ်အလေးချိန်ပေါ့ပေါ့ပါးပါးလေးက နင်းတယ်ဆိုရင် ပြဿနာ သိပ်မရှိနိုင်ပေမယ့် နင်းတဲ့ သူက ကိုယ်အလေးချိန်များတယ်၊ လူကောင်ကြီးတယ်ဆိုရင် ခန္ဓာကိုယ်တချို့နေရာတွေကို အမှတ်တမဲ့နင်းမိတဲ့အခါ ထိမိ၊ ခိုက်မိ ဖြစ်တတ်ပါတယ်။ အနာတရလည်း ဖြစ်တတ်ပါတယ်။ ဒါကိုတော့ တော်တော်လေး ဂရုစိုက်သင့်ပါတယ်။

တချို့လူတွေဆိုရင် အနင်းခံရင်း အနင်းမခံရဘဲ မနေနိုင်အောင်ကို အကျင့်ပါနေတတ်ကြပါတယ်။ လူတွေမှာ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် လုပ်ပါများရင် အကျင့်ပါသွားတတ်ပါတယ်။ ဒါကို Addition (စွဲလမ်းမှု)လို့ ခေါ်ပါတယ်။ အရက်၊ ဆေးလိပ်၊ အစားအသောက်တွေဆို ရင်လည်း စားနေကျ၊ သုံးနေကျဆိုရင် စွဲတတ်သလိုပဲ အနှိပ်ခံတာ၊ အနင်းခံတာကလည်း အကျင့်ပါတတ် ပါတယ်။ အနှိပ်ခံနေကျလူက အနှိပ်ခံလိုက်ရမှ နေသာထိုင်သာရှိသလိုလို၊ အနင်းခံနေကျလူကလည်း အနင်းခံလိုက်ရမှ စိတ်ပေါ့ပါးသွားတတ်ပါတယ်။ အားကစားလုပ်နေကျ လူတွေကလည်း ဒီအတိုင်းပဲ . . . အားကစားကို မှန်မှန်လုပ်လိုက်ရမှ နေသာ ထိုင်သာ ရှိသွားတယ်။ ဒါကတော့ ကောင်းတဲ့ ကိစ္စပဲ ဖြစ်တယ်။ အားကစားလုပ်ရင် အန်ဒေါ်ဖင် (Endorphin) ဟော်မုန်းတွေထွက်ပြီး စိတ်ကြည်ပြီး စိတ်ချမ်းသာမှု (Euphoria) ရတတ်နိုင်ပါတယ်။

နှိပ်တာနဲ့ နင်းတာက အတန်အသင့် ခံနိုင်ရည် ရှိသလောက်ဆိုရင် ပေါ့ပါးသွားစေတယ်ဆိုပေမယ့် အလွန်အကျွံ မဖြစ်အောင်တော့ ဂရုစိုက်ရပါတယ်။ တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း သတိထားသင့်ပါတယ်။ ခွန်နဲ့အားနဲ့ နှိပ်ရင်၊ နင်းရင် အသားတွေ ကြေသွားတာ၊ အထဲမှာ သွေးတွေ ထွက်ပြီး အရေပြားက ညိုမည်းနေတာတွေ ဖြစ်တတ်ပါတယ်။ အပူထုတ်တာကတော့ သွေးကြောကို အကြာကြီး ဖိထားတာဖြစ်လို့ ကိုယ့်အတွက် အကျိုးမရှိပါဘူး။ ဒါကိုတော့ မလုပ်စေချင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top