Healthy Life Ad
Life Style

အဆုတ်ဝေဒနာရှင်များနှင့် လေထုထဲက မီးခိုးငွေ့အန္တရာယ်

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းရာက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့နဲ့ ကာဗွန်မိုနောက်ဆိုက်(CO)ဓာတ်ငွေ့ကြောင့် ချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်း၊ မျက်စိစပ်ခြင်းနှင့် မျက်ရည်ယိုခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်းစတာတွေ ဖြစ်နိုင်ကြောင်း၊ မီးခိုးငွေ့ကို ဆက်တိုက်ရှုသွင်းနေရတာကြောင့် အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ ရင်ကြပ်ပန်းနာရောဂါ ပိုမိုဆိုးရွားစေခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုခြင်း၊ ပန်းနာရင်ကျပ်ထပြီး ရွှီရွှီအသံများ ထွက်လာခြင်းစတာတွေ ဖြစ်တတ်ကြောင်း၊ အမှိုက်ပုံမီးလောင်ရာမှာ ပေါ်ထွက်လာတဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကြောင့် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတို့ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ၊ အဆုတ်တီဘီ၊ နာတာရှည်လေပြွန်ကျဉ်းရောဂါ အစရှိတဲ့ အဆုတ်ဝေဒနာရှင်တွေအနေနဲ့ မီးခိုးငွေ့တွေကို ရှူရှိုက်မိရင် ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်သလဲ၊ ကျန်းမာရေးပြဿနာတွေမရအောင် ဘယ်လိုကာကွယ်သင့်သလဲဆိုတာ သိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

မေး. အဆုတ်ကင်ဆာ၊ အဆုတ်တီဘီရောဂါ၊ နာတာရှည်လေပြွန်ကျဉ်းရောဂါ အစရှိတဲ့ အဆုတ်ကျန်းမာရေးမကောင်းသူတွေက မီးခိုးငွေ့တွေကို ရှူရှိုက်မိရင် ဘယ်လိုဝေဒနာတွေ ဖြစ်စေနိုင်ပါသလဲ ဆရာ။

ဖြေ. မီးခိုးငွေ့ထဲမှာ ဘာတွေပါသလဲဆိုတာကို အရင်ကြည့်ရမယ်။ ထင်းမီးလောင်ရင် ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်တို့ အဓိကထွက်တယ်။ အခုကျတော့ အမှိုက်ပုံကလောင်တဲ့အတွက် မီးခိုးငွေ့ထဲမှာ အဆိပ်ရှိ ဓာတုပစ္စည်းတွေလည်း ပါလာနိုင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟိုက်ဒရိုဂျင်ကလိုရိုက်၊ ကလိုရင်း၊ အမိုးနီးယား၊ ဆိုင်ယာနိုက် စတာတွေတောင် ရောပါလာနိုင်တယ်။ ဒါတွေက အန္တရာယ်ရှိတယ်။ ခန္ဓာကိုယ်ထဲရောက်ရင် အသက်ရှူလမ်းကြောင်းကတစ်ဆင့် သွေးထဲက အောက်ဆီဂျင်ကို ကျစေပါတယ်။ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေက ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒီမီးခိုးတွေကိုရှူမိရင် အသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ထဲရောက်၊ အဆုတ်ကနေတစ်ဆင့် သွေးထဲရောက်ပါမယ်။

ဒီတော့ အဓိက ဂရုစိုက်ရမယ့်သူတွေက ရင်ကျပ်ပန်းနာသမားတွေပါပဲ။ ရင်ကျပ်ပန်းနာရောဂါရှိသူတွေမှာ ဒီမီးခိုးငွေ့တွေရှူမိရင် Bronchospasm ရမယ်၊ ချောင်းဆိုးပြီး အောက်ဆီဂျင်ကျသွားတယ်၊ အဲဒီအခါ အမောဖောက်လာနိုင်တယ်။ နာတာရှည် လေပြွန်ကျဉ်းမြောင်းတဲ့ရောဂါ (COPD)ရှိသူတွေကလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ သူတို့မှာ နဂိုကတည်းက အဆုတ်မသန်စွမ်းတဲ့အတွက် Gas Exchange မှာ အားနည်းနေပါတယ်။ အပြင်က မီးခိုးငွေ့ ၀င်လာတဲ့အခါ Gas Exchangeထပ်လုပ်ရင် သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ကျပြီး အမောဖောက်နိုင်တယ်၊ ခေါင်းကိုက်တာနဲ့ သတိလစ်မေ့မျောတာတွေ ဖြစ်နိုင်ပါတယ်။

အဆုတ်တီဘီရောဂါရှိရင် အဆုတ်က သာမန်လူလို မသန်စွမ်းဘူး။ အဆုတ်တီဘီကြောင့် အဆုတ်ထိခိုက်ပျက်စီးပြီး Gas Exchange ထိခိုက်ထားတဲ့သူ၊ နဂိုကတည်းက အောက်ဆီဂျင်အဆင့်နည်းနေပြီး မောနေတဲ့သူတွေမှာ အပြင်က မီးခိုးငွေ့ဝင်လာတဲ့အခါမှာ ခေါင်းကိုက်တာ၊ ပြောတာဆိုတာမမှန်တာ၊ မျက်စိပြာပြီး မူးခနဲ မိုက်ခနဲဖြစ်တာတို့ဖြစ်ပြီး သတိလစ်မေ့မျောတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ တီဘီပိုးတော့ မရှိပေမယ့် တီဘီကြောင့် အဆုတ်ထိခိုက် ပျက်စီးထားသူတွေမှာဆိုရင် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ တီဘီရှိပေမယ့် လောလောဆယ် ဆေးလည်းသောက်နေတယ်၊ အဆုတ်ကလည်း ပုံမှန်အခြေအနေရှိတယ်ဆိုရင်တော့ သာမန်လူလိုပါပဲ။

အထူးသဖြင့် နာတာရှည်အဆုတ်ထိခိုက်ထားသူတွေမှာ သွေးထဲအောက်ဆီဂျင်ကျနေမယ်၊ ဦးနှောက်ကို အောက်ဆီဂျင် ကောင်းကောင်းမပို့နိုင်ဘူး၊ ဒါဆိုရင် သတိလစ်မေ့မျောတဲ့အထိ ဖြစ်နိုင်ပါတယ်။

အဆုတ်ကင်ဆာဝေဒနာရှင်တွေမှာ အဆင့်ပေါ်မူတည်ပြီး တစ်နေရာတည်းမှာဖြစ်နေတဲ့ အဆုတ်ကင်ဆာလားဆိုတာ ကြည့်ရမယ်။ တစ်နေရာတည်းမှာ အကျိတ်ဖြစ်ထားပေမယ့် ကုသမှုခံယူပြီး သက်သာနေတယ်ဆိုရင် မီးခိုးငွေ့ကြောင့် ထိခိုက်ခံစားရမှုနည်းမယ်။ အဆုတ်ကင်ဆာကပြန့်နှံ့ပြီး သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏက ၉၀ အောက်ရှိနေတဲ့သူတွေဆိုရင် မီးခိုးငွေ့ရှူရှိုက်ရတဲ့အခါ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ မူလကတည်းက အဆုတ်က ထိခိုက်ပျက်စီးနေတယ်ဆိုရင်တော့ လေကောင်းလေသန့်ရတဲ့နေရာကို သွားနေဖို့လိုပါတယ်။ မီးခိုးငွေ့တွေများတဲ့ နေရာမှာနေရင်တော့ အခန့်မသင့်ရင် သတိလစ်မေ့မျောတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

မေး. အဆုတ်ကျန်းမာရေးမကောင်းသူတွေအနေနဲ့ မီးခိုးငွေ့တွေကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာမဖြစ်အောင် ဘယ်လိုကာကွယ်ထိန်းသိမ်းသင့်ပါသလဲ ဆရာ။

ဖြေ. ကိုယ့်ပတ်ဝန်းကျင်မှာ မီးခိုးငွေ့ပမာဏ ဘယ်လောက်များသလဲဆိုတာကို အရင်ဆန်းစစ်ကြည့်ရပါမယ်။ အမှိုက်ပုံ မီးလောင်တဲ့နေရာနဲ့ကပ်ပြီး ရှိနေတဲ့၊ မီးခိုးငွေ့တွေ မှုန်ဝါးဝါးဖြစ်နေတဲ့ နေရာမျိုးမှာ နေရရင်တော့ အဆုတ်ကျန်းမာရေးမကောင်းသူတွေအတွက် အန္တရာယ်ရှိတယ်၊ အဲဒီလိုနေရာမျိုးမှာ မနေသင့်ပါဘူး။ ညှော်နံ့လေးပဲရတဲ့နေရာမှာဆိုရင်တော့ ဒီလောက်ပြဿနာကြီးကြီး သိပ်မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်နေတဲ့အခန်းကို လေ၀င်လေထွက်ကောင်းအောင် လုပ်ထားပေးရပါမယ်။ အခန်းကို မီးခိုးငွေ့ လုံးဝမ၀င်နိုင်အောင်ပိတ်ပြီး အထဲမှာ အဲကွန်းနဲ့ ပန်ကာနဲ့ နေနိုင်ရင် ပိုကောင်းတယ်။

ဒါမှမဟုတ်ရင် လေ၀င်လေထွက်ကောင်းအောင် ပန်ကာလေနဲ့ အခန်းထဲမှာ လေလှည့်ပတ်မှုရှိနေအောင် လုပ်ထားရင်လည်း ရပါတယ်။ မီးခိုးငွေ့တွေ မှုန်ဝါးဝါးဖြစ်နေတဲ့နေရာ (Haze)လို နေရာမျိုးမှာနေရင်တော့ ၀င်လာနိုင်တဲ့ ပြတင်းပေါက်မှာ ရေစိုဝတ်နဲ့ကာပြီး မီးခိုးငွေ့ကို တားထားသင့်ပါတယ်။ အဲဒီလိုမလုပ်နိုင်ရင် မီးခိုးငွေ့တွေနဲ့ မှုန်ဝါးဝါးဖြစ်နေတဲ့ ၀န်းကျင်မှာမနေဘဲ တခြားနေရာကို ယာယီပြောင်းရွှေ့နေထိုင်သင့်ပါတယ်။

မေး. ကိုယ်ဝန်ဆောင်တွေအနေနဲ့ မီးခိုးငွေ့တွေရှူရှိုက်ရတာကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ အောက်ဆီဂျင် အဆင့်နည်းရင် သားသမီးကို သွားထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ အခန့်မသင့်လို မီးခိုးငွေ့နဲ့အတူရောပါလာနိုင်တဲ့ အဆိပ်ရှိဓာတုပစ္စည်းတွေကို ရှူရှိုက်မိတယ်ဆိုရင် အချင်းကနေတစ်ဆင့် သန္ဓေသားဆီ ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မီးခိုးငွေ့တွေနဲ့ ဝေးတဲ့နေရာမှာ ပြောင်းရွှေ့ပြီး ယာယီနေသင့်ပါတယ်။

မေး. အဆုတ်ကျန်းမာရေးမကောင်းသူတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ ဆရာ။

ဖြေ. လွယ်လွယ်ကူကူရတဲ့ Pulse Oxymeter ဆိုတဲ့ စက်ကလေးတွေရှိပါတယ်။ ဆရာတို့ဆိုရင် အိတ်ထဲမှာ အမြဲထည့်ထားပါတယ်။ မောတဲ့သူတစ်ယောက်၊ ရင်ကျပ်ပန်းနာဖြစ်တဲ့သူတစ်ယောက်ကို Pulse Oxymeter လေးထိုးပြီး စမ်းလိုက်တာပဲ။ ၉၄ နဲ့ အထက်ရှိတယ်ဆိုရင် အောက်ဆီဂျင်ကုထုံး မလိုဘူး။ အေးအေးဆေးဆေး ဆေးကုသမှုပေးရင် ရပါတယ်။ နဂိုကတည်းက အဆုတ်ကျန်းမာရေး မကောင်းတဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် Pulse Oxymeter စက်ကို ဆောင်ထားပြီး တိုင်းတာကြည့်လို့ ၉၀အောက်ကျသွားရင် နီးစပ်ရာ ဆေးရုံ၊ ဆေးပေးခန်းမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူရပါမယ်၊ အောက်ဆီဂျင်ကုထုံး ခံယူဖို့ လိုမလို စစ်ဆေးသင့်ပါတယ်။

မေး. မီးခိုးငွေ့တွေကို ကာကွယ်ဖို့ ရိုးရိုးနှာခေါင်းစည်းနဲ့ဆိုရင် အဆင်ပြေပါသလား၊ N95 သုံးရမလားဆိုတာကို အများပြည်သူက သိချင်နေကြပါတယ် ဆရာ။

ဖြေ. ရိုးရိုးနှာခေါင်းစည်းကို တပ်ဆင်သွားလာရင် အဆင်ပြေပါတယ်။ N95က ဗိုင်းရပ်စ်ပိုးကာကွယ်ဖို့ လုပ်ထားတာပါ။ မီးခိုးငွေ့ထူထဲတဲ့ နေရာတွေမှာ သွားလာလှုပ်ရှားတယ်ဆိုရင် ရိုးရိုးနှာခေါင်းစည်းကို လုံအောင် သေချာတပ်ဆင်ရင် ရပါတယ်။ လည်ချောင်းစပ်နဲ့ ချောင်းဆိုးတာတွေ ဖြစ်ပွားနေရင် ရေများများ သောက်ပေးရပါမယ်။

အထူးသဖြင့် အိပ်တဲ့အချိန်မှာ ကာဗွန်မိုနောက်ဆိုက်တွေ တစိမ့်စိမ့်ဝင်နေရင် ရှူမိ၊ ရှူမိရင်း သတ်မှတ်တဲ့ ပမာဏကျော်သွားတဲ့အခါ သတိလစ်သွားမယ်။ သတိလစ်ရင်း အသက်ဆက်ရှူနေရင် အိပ်ရင်း သေဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် မီးခိုးငွေ့တွေရှိတဲ့ဝန်းကျင်မှာ ညရေးညတာက သိပ်ကိုအရေးကြီးပါတယ်။ တံခါးတွေဖွင့်ပြီး လေ၀င်လေထွက်ကောင်းအောင် လုပ်ရပါမယ်။ ဒါမှမဟုတ် အဲကွန်းဖွင့်ထားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top