Healthy Life Ad
Life Style

ခါးသွယ်စေမည့် အိမ်တွင်းလေ့ကျင့်ခန်း

၊ သဒ္ဒါထက် ၊

လှပပြီးအချိုးအစားကျတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့အတွက် သေးသွယ်ကြည့်ကောင်းတဲ့ ခါးအရွယ်အစားကလည်း အရေးကြီးလှပါတယ်။ လှပတဲ့ ခါးအရွယ်အစားဖြစ်ဖို့အတွက် အားကစားခန်းမတွေမှာအချိန်ပေးပြီး လေ့ကျင့်ခန်း မပြုလုပ်နိုင်သူတွေအတွက် အိမ်တွင်းပြုလုပ်နိုင်မယ့် ခါးလေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ခြေထောက်လှည့် လေ့ကျင့်ခြင်း

ရှေးဦးစွာကြမ်းပေါ်မှာ လှဲလျောင်းနေပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီချထားပါ။ အဲဒီနောက် ခြေနှစ်ဖက်ကိုစုလျက် အပေါ်သို့မြှောက်လိုက်ပါ။ ပြီးရင် ခြေနှစ်ဖက်ကိုစုထားပြီး ခန္ဓာကိုယ်ကိုပါ အနည်းငယ်မြှောက်ပြီး အပေါ်သို့စောင်းလိုက်ပါ။ ၂ စက္ကန့်နေပြီး အလယ်သို့ပြန်ထားပါ။ ပြီးနောက် ခြေနှစ်ဖက်ကိုစုလျက် ညာဖက်သို့စောင်းပြီး ၂ စက္ကန့်ခန့်နေပါ။ ပြီးနောက် ဘယ်ဘက်သို့တစ်ခါ၊ အောက်သို့တစ်ခါ ပြုလုပ်ပေးပါ။ တစ်နေရာမှာ နှစ်စက္ကန့်ခန့်နေပြီး လေးဖက်လုံးပြီးမှ ခြေထောက်ကို ပြန်ချရပါမယ်။ ခြေထောက်ကို အပေါ်ဘက်သို့ရွေ့တဲ့အချိန် တစ်ချိန်မှာသာ ခါးကိုအနည်းငယ်မြှောက်ပေးပြီး ကျန်တဲ့အချိန်တွေမှာ ကြမ်းမှာကပ်ထားဖို့ အရေးကြီးပါတယ်။


(၂) ဆန့်တန်း လေ့ကျင့်ခြင်း

ကြမ်းပေါ်မှာထိုင်လျက် အနေအထားနေပါ။ ခြေနှစ်ဖက်ကိုဆန့်ပြီး အနည်းငယ်ချဲထားပေးပါ။ ခါးကို မတ်မတ်ထားပြီး လက်နှစ်ဖက်ကိုလည်း ဘေးသို့ဆန့်တန်းထားပေးပါ။ ပြီးနောက်ခါးကို ဘယ်ဘက်သို့ ၉၀ ဒီဂရီခန့်လှည့်ပြီး ညာလက်ဖြင့် ဘယ်ခြေထိပ်ကိုထိအောင် ဆန့်လိုက်ပါ။ ပြီးနောက် မူလအနေအထားအတိုင်းနေပြီး တစ်ဖက်ကပြောင်းလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၃၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လေကျင့်ခန်းပြုလုပ်နေချိန် တစ်လျှောက်လုံး ခါးကိုမတ်မတ်ထားဖို့အရေး ကြီးပါတယ်။


(၃) အလေးဖြင့် လေ့ကျင့်ခြင်း

ဒီလေ့ကျင့်ခန်းပြုလုပ်ဖို့အတွက် အလေးချိန် အသင့်အတင့်ရှိတဲ့ အလေးတုံးတစ်ခု လိုအပ်ပါတယ်။ ထိုက်လျက်အနေအထားနဲ့ထိုင်ပြီး ဒူးကိုအနည်းငယ်ကွေးပြီး ထောင်ထားပါ။ ခြေဖ၀ါးတွေကို ကြမ်းပေါ်မှာ ကပ်ထားပေးပါ။ ကျောကို နောက်သို့ ၄၅ ဒီဂရီခန့်စောင်းထားပါ။ အလေးတုံးကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး ရှေ့သို့ဆန့်ထုတ်ထားပါ။ ပြီးနောက်ခန္ဓာကိုယ်ကို ညာဘက်သို့လှည့်လိုက်ပါ။ နဂိုနေရာအတိုင်းပြန်နေပြီး ဘယ်ဘက်သို့လှည့်ပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၃၀ ပြုလုပ်ပေးရပါမယ်။


(၄) ဘေးတစောင်း လေ့ကျင့်ခြင်း

တင်ပါးတစ်ဖက်တည်းပေါ်ကိုအားပြုပြီး ဘေးတစ်စောင်းပုံစံထိုင်ကာ လက်တစ်ဖက်ထောက်ထားပါ။ ကျန်လက်တစ်ဖက်ကို ခြေထောက်ပေါ်တင်ထားပါ။ လက်ကိုအားပြုပြီး တင်ပါးကို ကိုယ်နဲ့ တစ်ဖြောင့်တည်းဖြစ်သွားအောင် ခါးကိုဆန့်တန်းလိုက်ပါ။ ခြေထောက်ပေါ်တင်ထားတဲ့ လက်ကိုလည်း ခေါင်းပေါ်သို့ကျော်ပြီး လွှဲတင်လိုက်ပါ။ ပြီးနောက် ဖြည်းဖြည်းချင်း မူလအနေအထားသို့ ပြန်နေပါ။ ၁၅ ကြိမ်ပြုလုပ်ပြီး နောက်တစ်ဖက် ပြောင်းလုပ်ပေးရပါမယ်။


(၅) ရေကူးပုံစံ လေ့ကျင့်ခြင်း

ဝမ်းလျားမှောက်အနေအထားနေပြီး ခြေတွေ၊ လက်တွေကို ဆန့်တန်းထားပါ။ ပြီးနောက် လက်နှစ်ဖက်၊ ခြေနှစ်ဖက်နဲ့ရင်ဘတ်ကို ကြမ်းပြင်နဲ့မထိအောင် မြင့်တင်လိုက်ပါ။ ထိုပုံစံတိုင်းနေပြီး ခြေနဲ့လက်တွေကို တစ်ဖက်စီ နှိမ့်လိုက်၊ မြင့်လိုက် ပြုလုပ်ပေးရပါမယ်။ ခြေရောလက်ရော ကြမ်းမြင်ကိုမထိရပါဘူး။ တစ်ကြိမ်လုပ်ရင် စက္ကန့် ၂၀ ခန့် လုပ်ပေးရမှာဖြစ်ပြီး ၁၀ ကြိမ်ခန့် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top