Healthy Life Ad
Life Style

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (Effective Altruism in medical needs). . . (၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ပထမလူနာ

သင်္ဃန်းကျွန်းစံပြဆေးရုံမှာ လွန်ခဲ့တဲ့ ၁၀နှစ် ခန့်ကဖြစ်ပါတယ်။ ပဲခူးဘက်ကလာတဲ့ မြွေပွေးကိုက်ခံရသူ ဦးမြဟာ မြွေဆိပ်ပြင်းပြီး ဆိုးရွားတဲ့ အခြေအနေနဲ့ဆေးရုံတက်လာပါတယ်။ မြွေဆိပ်ဖြေ ဆေးထိုးပေးလိုက်လို့ အသက်မသေပေမယ့် ကျောက်ကပ်တော်တော်လေးပျက်သွားခဲ့ပါတယ်။ ဆီးလည်း လုံးဝမထွက်တော့ပါဘူး။ ဒီလိုလူနာတွေက ကျောက်ကပ်တုစက်နဲ့ သွေးသန့်စင်ပေးခြင်း (Hemodialysis) ဒါမှမဟုတ် ကျောက်ကပ်ဆေးတာကို ယာယီလုပ်ဖို့လိုအပ်လာပါတယ်။ ဒါက ကျောက်ကပ်ကို တာရှည်ဆေးရတာမဟုတ်ပါဘူး။ အသက်လုနေရတဲ့ အချိန်မှာ ယာယီကျောက်ကပ်ဆေးလိုက်လို့ကျောက် ကပ်ပြန်ကောင်းလာရင် အသက်ရှင်တာများပါတယ်။ ကုသမှုအတွက် စုစုပေါင်း ဘယ်လောက်ကုန်ကျနိုင်သလဲ မေးကြည့်တော့ အလွန်ဆုံး ၅သိန်းပဲရှိပါတယ်။

ဦးမြရဲ့ မိသားစုအဖို့က ရှိသမျှစုဆောင်းထားတာထုတ်ပြီး ရန်ကုန်ရောက်လာတာ ကုန်သလောက် ရှိနေပါပြီ။ လူနာရဲ့ပုံစံကြည့်ရင် အသက်ရှင်ဖို့ လုံးဝ မမြင်ရတဲ့ အခြေအနေမျိုးဖြစ်နေတော့ လက်လျှော့ပြီးပြန်ဖို့ ဆုံးဖြတ်ထားကြတာဖြစ်ပါတယ်။ ငွေကြေးချမ်းသာတဲ့ သူဌေးသားတစ်ယောက်အဖို့ ၅သိန်းဟာ နေ့စဉ်သုံးတဲ့ မုန့်ဖိုးသာသာ ဖြစ်နိုင်ပေမယ့်လည်း သူတို့အဖို့ကတော့ ၅သိန်းရှာနိုင်ဖို့ မလွယ်ပါဘူး။

ဦးခင်ဆိုတဲ့ စီးပွားရေးသမားတစ်ဦးက ဒီအစီအစဉ်မျိုးကိုစိတ်ဝင်စားလို့ ကတိပြုထားတာရှိပါတယ်။ တစ်ဦးချင်းအတွက် အသက်ဆက်ပေးနိုင်တဲ့ ကြေးအကြီးစား ဒါမှမဟုတ် အလတ်စားအလှူမျိုးကို ကြိုတင်စီစဉ်ထားတာ ရှိတဲ့အတွက် ဦးမြကိုဒီအလှူ မျိုးသုံးပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးမြဟာ ငွေ ၅သိန်းလေးလိုလို့ အသက်ကို အဆုံးခံရမလိုဖြစ်နေတာကြောင့်ပါပဲ။ လိုတဲ့အခါ သုံးပေးပြီး ဦးခင်ကိုအကြောင်းကြားရပါတယ်။ နောက်မှ ကုန်ကျငွေကိုလာပို့ပေးပါတယ်။ လူနာကို ငွေတိုက်ရိုက်ပေးရတဲ့အတွက် ပိုပြီးဝမ်းသာပီတိဖြစ် စေပါတယ်။ ဆေးရုံဆင်းခါနီးမှာ လူနာကိုယ်တိုင်က အလှူရှင်ကို ဖုန်းနဲ့တိုက်ရိုက်ကျေးဇူးတင်စကားပြော ကြားတဲ့အခါ အလှူရှင်ရဲ့ပီတိဟာ အဆုံးထိရောက်လို့ သွားပါတော့တယ်။ နောက်ထပ်လည်း လှူချင်စိတ်တွေတဖွားဖွားဖြစ်စေပါတယ်။ အလွန်ထိရောက်ပြီး မွန်မြတ်လှတဲ့ ဇီဝိတဒါနအလှူပဲ ဖြစ်ပါတယ်။

ဒုတိယလူနာ

ထိုနည်းတူစွာ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့အကြောင်းလေးကို ဆက်လက်ဖော်ပြလိုက်ပါတယ်။ သူမက ကိုယ်ဝန်လရင့်လို့ မွေးခါနီးမှာ ဆီးပိုးဝင်ပြီး သွေးပေါင်လည်းကျ၊ အသက်ရှူလည်း ကျပ်ပြီး ဆေးရုံရောက်လာပါတယ်။ ရှိတဲ့ သာမန်ပဋိဇီဝပိုးသတ်ဆေးသုံးပြီးကုရင် ပိုးဆိပ်ပြင်းလို့ အသက် ရှင်ကိန်းသိပ်မရှိပါဘူး။ ဒီလိုလူနာတွေကို အထိရောက်ဆုံး ပဋိဇိဝပိုးသတ်ဆေးအပြင်းစား(Highly potent antibiotics)ကိုပေးနိုင်မှ အသက်ရှင်ကိန်းရှိပါမယ်။ ပဋိဇီဝပိုးသတ်ဆေးတစ်ရက်ကို ရှစ်သောင်းခန့် ကုန်ကျစရိတ်ရှိပြီး ၅ရက်ခန့် အနည်းဆုံး လိုအပ်ပါတယ်။ စုစုပေါင်း ငွေ ၄-၅ သိန်းခန့်လှူပေးနိုင်ရင် သူမကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ သူမကို ဒီလိုကယ်တင်ဖို့ ဘာကြောင့် ရွေးချယ်ရသလဲဆိုတော့ ကလေးငယ်ရဲ့အသက်ကလည်း သူမအသက်ရှင် ရေးအပေါ် မူတည်နေပါတယ်။ အသက်နှစ်ချောင်းကို တစ်ပြိုင်တည်း ကယ်ပေးနိုင်မှာဖြစ်လို့ပါပဲ။ ဒါကြောင့် ဆရာတော်တစ်ပါးက အသက်ကယ်ဖို့ လှူထားတဲ့ ငွေ ၅သိန်းကို သုံးပေးလိုက်ပါတယ်။ သူမရောကလေးပါ အသက်နှစ်ချောင်းရှင်သန်ခွင့် ပေးလိုက်နိုင်တဲ့ အလှူကတော့ မြင်သာထင်သာရှိ လှပါတယ်။ ၅သိန်းသော အလှူငွေကို ချက်ချင်း လိုက်ရှာလို့မလွယ်ပါဘူး။ ကြိုတင်ဖယ်ထားပြီး အလုံးလိုက် များများပေးသုံးလိုက်နိုင်ဖို့ လိုပါတယ်။ တကယ်လို့ ဒီငါးသိန်းသော အလှူငွေကို ဆေးရုံရှိ လူနာတွေအားလုံးဆီ အညီအမျှခွဲပေးရင် ဘာအကျိုးမှသိသိသာ သာမဖြစ်ပေါ်နိုင်ပါဘူး။

‘အဆို့ရှင်ချဲ့ရင် ၁၀ သိန်းခန့် ကုန်ကျပါတယ်။ နှလုံးဌာနကလည်း ပံ့ပိုးကူညီသလို နောက်ထပ်လိုတဲ့ အလှူငွေ ငါးသိန်းကို အလှူရှင်ရှာဖွေပေးလိုက်တော့ အဆို့ရှင်ကိုချဲ့ ဖြစ်ခဲ့ပါတယ်။ သူမအဖို့မမောတော့လို့ များစွာကျေးဇူးတင် နေခဲ့ပါတယ်။ ဒီလိုဈေးကြီးတဲ့ ကုထုံးမျိုးကို ဒေါ်စန်းလို ချို့တဲ့သူတွေအဖို့ အိပ်မက်တောင်မမက်နိုင်ပါဘူး …’

တတိယလူနာ

ဒေါ်စန်း၊ အသက် ၄၀ ခန့်ရှိပြီး နှလုံးအဆို့ရှင်ကျဉ်းတဲ့ နှလုံးလေးဖက်နာရှိပါတယ်။ သူက ဆေးကျောင်းသားတွေ စာသင်ကြားရေးမှာရော စာမေးပွဲတွေမှာပါ အစမ်းသပ်ခံလူနာအဖြစ် အမြဲပါဝင်ကူပေး နေကျလူနာတစ်ဦး ဖြစ်ပါတယ်။ သူ့အမျိုးသားက အသက် ၅၀ကျော်ရှိပြီး လေငန်းရောဂါဖြစ်ထားလို့ အလုပ်မလုပ်နိုင်တော့ပါဘူး။ အိမ်မှာပဲ မိန်းမလုပ်စာ ထိုင်စားနေရတဲ့ အခြေအနေ ရှိပါတယ်။ သားသမီးက သုံးယောက်ရှိပါတယ်။ ကျောင်းတက်နေတုန်းပါပဲ။ သူမရဲ့ နှလုံးရောဂါက တဖြည်းဖြည်းဆိုးလာတော့ ခွဲစိတ်ပြီး အဆို့ရှင်အစားထိုးလဲရမယ့်အဆင့်ဖြစ်နေပါတယ်။ တစ်ခါတစ်ခါ အမောဖောက်ပြီး ဆေးရုံတက်ရပါတယ်။ အဆို့ ရှင်ကျဉ်းတာက မခွဲစိတ်ဘဲ သွေးကြောတွင်းကနေ ဘောလုံးလိုကိရိယာနဲ့ ကျဉ်းနေတာကို ချဲ့ပေးလို့ ရနိုင်ပါတယ်။ အဆို့ရှင်ချဲ့ရင် ၁၀ သိန်းခန့် ကုန်ကျပါတယ်။ နှလုံးဌာနကလည်း ပံ့ပိုးကူညီသလို နောက်ထပ်လိုတဲ့ အလှူငွေ ငါးသိန်းကို အလှူရှင်ရှာဖွေပေးလိုက်တော့ အဆို့ရှင်ကို ချဲ့ဖြစ်ခဲ့ပါတယ်။ သူမအဖို့ မမောတော့လို့ များစွာ ကျေးဇူးတင်နေခဲ့ပါတယ်။ ဒီလို ဈေးကြီးတဲ့ ကုထုံးမျိုးကို ဒေါ်စန်းလို ချို့တဲ့သူတွေအဖို့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒီလိုပဲမောလိုက်၊ ဆေးရုံပြန်တက်လိုက်နဲ့ အသက်ကုန်ဆုံးမယ့်နေ့ကို ရောက်သွားရမှာ ဖြစ်ပါတယ်။ ဒီအလှူရဲ့အကျိုးကျေးဇူးရလဒ်တွေကို ကြည့်မယ်ဆိုရင် တစ်ဦးတည်းကို ပုံပေးရတာဖြစ်ပေမယ့် သိသိသာသာ ပျောက်ကင်းလုနီးပါးသက်သာသွားတဲ့ ကုထုံးဖြစ်လို့ ပေးသင့်ပါတယ်။ အလွန် ထူးခြားတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါသက်သာသွားလို့ အလုပ်မပျက်တော့ရင် အိမ်က မိသားစုလေးဦးရဲ့ စားဝတ်နေရေးကိုလည်း ပြေလည်စေတဲ့အတွက် လှူပေးရတာများစွာအကျိုးရှိပါတယ်။

စတုတ္ထလူနာ

ထင်ထားသလို စင်းလုံးချောပျော်ရွှင်စရာ နိဂုံး ဖြစ်မလာတာလည်း ရှိခဲ့ဖူးပါတယ်။ ကံဆိုးရင် ဆန့်ကျင်ဘက် မလိုလားအပ်တဲ့ ရလဒ်တွေလည်း တွေ့ ကြုံရတတ်ပါတယ်။ အထူးသဖြင့် အရင်ဖော်ပြခဲ့တဲ့ လူနာတွေလို သေခါနီးမို့ ကယ်တင်ရတာမျိုး မဟုတ်ခဲ့ရင် ပိုပြီး စိတ်မကောင်း ဖြစ်ရတတ်ပါတယ်။ လှူဒါန်းရသူအဖို့ ကောင်းသွားရင် လူနာရှင်နဲ့အတူ မျှဝေပျော်ရွှင်ကြည်နူးရသလို မကောင်းခဲ့လို့ တစ်ခုခု ဖြစ်သွားရင်လည်း စိတ်မကောင်းဖြစ်ရတတ်ပါတယ်။ အခု လူနာရဲ့ အဖြစ်လေးကတော့ တောကနေ ဟော် မုန်းရောဂါဌာနကို လာပြတာပါ။ ခန္ဓာကိုယ်နဲ့ လက်တွေ၊ ခြေထောက်တွေ အထွားလွန်ပြီး ဆီးချိုနဲ့ သွေးတိုးလည်း ဖြစ်လာပါတယ်။ မျက်စိလည်း ကွယ်ခါနီး ဖြစ်နေပါတယ်။ Acromegaly လို့ခေါ်တဲ့ အကြီးထွား လွန်ရောဂါတစ်မျိုး ဖြစ်နေတာပါ။ ဦးနှောက်အောက် ခြေဘက်မှာ ပီကျူထရီ(pituitary)အကျိတ်ဖြစ်နေလို့ ဖြစ်ပါတယ်။ ဒီအကျိတ်ကို ဖယ်လိုက်နိုင်ရင် ရောဂါလည်း အပြီးပျောက်မယ်၊ မျက်စိမကွယ်အောင်လည်း ကာကွယ်ထားနိုင်မယ်။ ဒါကြောင့် ခွဲစိတ်မှု ခံယူဖို့လိုအပ်ပါတယ်။ တိုက်တွန်းကြည့်တဲ့အခါ စရိတ်မတတ်နိုင်လို့မခွဲဖြစ်တာလို့ သိရတယ်။ လွန်ခဲ့တဲ့သုံး နှစ်ကတည်းက အထူးကုဆရာဝန်တစ်ဦးက ခွဲစိတ်ဖို့ လိုကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါဆိုရင် သူမရဲ့ အကျိတ်က ခွဲစိတ်ဖို့ စရိတ်ရှာပေးရင် ခွဲဖြစ်မယ်၊ ခွဲတာ အောင်မြင်ရင် အပြီးမပျောက်ရင်တောင် တော်တော်သက်သာသွားမယ်။ အလှူရှင်က သိပ်မရှာရပါဘူး။ ၇ သိန်းလှူလိုက်ပါတယ်။ ဆေးရုံမှာခွဲဖြစ်ပါတယ်။ ခွဲစိတ်တာ အောင်မြင်ပေမယ့် ခွဲစိတ်ပြီးနောက်ပိုင်း မမျှော်လင့်တဲ့ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်လာလို့ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ အလှူရှင်ကလည်း သူရဲ့ အလှူကြောင့် သူမအသက်တိုခဲ့ရသလားဆိုပြီး စိတ်မကောင်းဖြစ်နေပါတယ်။ ခွဲစိတ်ဖို့တိုက်တွန်းကူညီရ သူအဖို့မှာလည်း စိတ်မကောင်းလို့ မိသားစုကို မျက်နှာပူရပါတယ်။ ဘယ်သူမဆို ခက်ခဲတဲ့ခွဲစိတ်မှုလုပ်ရင် ဒီလိုအတွေ့အကြုံမျိုး တွေ့ရနိုင်ပေမယ့် အတွင်းကျ ကျကူညီထားသူအဖို့ ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။

See More

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (၁)

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (၂)

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (၄)

အကျိုးရှိပြီး ထိရောက်သည့် ကျန်းမာရေးအလှူ (၅)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top