Healthy Life Ad
Child

ဆယ်ကျော်သက်လူငယ်လူရွယ်တို့ အရပ်မြင့်ပြီး သန်စွမ်းကျန်းမာမှုရှိစေရန်

ကိုမိုး
ဆယ်ကျော်သက်အရွယ်မှာ လေ့ကျင့်ခန်းကို အလွန်အမင်း ပြင်းပြင်းထန်ထန်လုပ်တာ၊ အစားအသောက်ကို အလွန်အကျွံ လျှော့စားတာတွေလုပ်ရင် အာဟာရဓာတ်ချို့တဲ့ပြီး အားအင်ပြတ်လပ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ အရပ်မြင့်မြင့်နဲ့ ကျန်းမာသန်စွမ်းပြီး ကြည့်ကောင်းတဲ့ လူငယ်တစ်ဦး အသွင်အပြင်မျိုးဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။

(၁) ကိုယ်အလေးချိန်ထိန်းနိုင်အောင် လေ့ကျင့်ခန်းလုပ်ပါ
ဆယ်ကျော်သက်အရွယ်မှာ အ၀လွန်တာနဲ့ ပိန်လွန်းတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ညစ်နေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက ဖွံ့ဖြိုးကြီးထွားနေတဲ့ ခန္ဓာကိုယ်ကိုကျန်းမာမှုရှိစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များနေရင် တစ်နေ့မှာ မိနစ် ၃၀လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ခြင်းအပေါ် အကောင်းမြင်ပါ
လေ့ကျင့်ခန်းလုပ်ရတာက သင့်ကိုယ်သင် သူများထက် ပိုဝလို့၊ ပိုကြည့်မကောင်းလို့ဆိုပြီး မတွေးပါနဲ့။ တကယ်တော့ လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်ခန္ဓာက ပိုပြီး ကြည့်ကောင်းလာတဲ့အပြင် စိတ်ခံစားမှုပိုကောင်းကာ လန်းဆန်းတက်ကြွမှု ရှိနေစေပါတယ်။

(၃) နာကျင်မှု၊ ပျင်းရိမှုနှင့် ငြီးငွေ့မှုတို့ လျော့နည်းသည့် လေ့ကျင့်ခန်းကို ရွေးပါ
သင့်အနေနဲ့ ပြေးစက်ပေါ်မှာ တစ်ယောက်တည်း ပြေးနေရတာကို သဘောမကျရင် အသင်းလိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ တချို့မိန်းကလေးတွေက ကခုန်ရတာ၊ ယောဂကျင့်ရတာနဲ့ ကိရိယာတွေသုံးပြီး လေ့ကျင့်ခန်းလုပ်ရတာကို သဘောကျတတ်ပါတယ်။ ယောက်ျားလေးတွေကတော့ ဘောလုံးကန်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာလို လေ့ကျင့်ခန်းမျိုးကို သဘောကျတတ်ပါတယ်။

(၄) လိုချင်သော အကျိုးကျေးဇူးရစေမည့် လေ့ကျင့်ခန်းကို လုပ်ပါ
သင်လိုချင်တဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတာကို တိတိကျကျသိရင် အောက်ပါလေ့ကျင့်ခန်းတွေထဲက သင့်အတွက် လိုအပ်တာကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။

အေရိုးဗစ်လေ့ကျင့်ခန်း
ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ – နှလုံးနဲ့ အဆုတ်ကို သန်စွမ်းကျန်းမာစေပါတယ်။
ကခုန်တာ၊ ခပ်သွက်သွက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာနဲ့စကိတ်စီးတာတွေက အေရိုးဗစ်လေ့ကျင့်ခန်းတွေပဲ ဖြစ်ကြပါတယ်။

ခန္ဓာကိုယ် သန်စွမ်းစေမည့် လေ့ကျင့်ခန်း
ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ – ကြွက်သားနဲ့ အရိုးတွေကို သန်စွမ်းစေပါတယ်။
အလေးမတာ၊ အလေးပြားတွေနဲ့ လေ့ကျင့်တာ၊ ယောဂကျင့်တာနဲ့ တောင်တက်တာတွေက ခန္ဓာကိုယ်သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေပဲ ဖြစ်ကြပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းလေ့ကျင့်ခန်း
ဘယ်လို ကောင်းကျိုးတွေ ရနိုင်သလဲ- ခန္ဓာကိုယ် အောက်ပိုင်းတင်ပါး၊ တင်ပဆုံရိုး၊ ခါးနေရာတွေ သန်စွမ်းစေပြီး ခန္ဓာကိုယ်က ဟန်ချက်ညီမျှစေပါတယ်။
ထိုင်ထလေ့ကျင့်တာ၊ ခြေထောက်မြှင့် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာနဲ့ အိပ်ထမတင် လေ့ကျင့်တာတွေက ခန္ဓာကိုယ်အောက်ပိုင်း လေ့ကျင့်ခန်းတွေပဲ ဖြစ်ကြပါတယ်။

(၅) လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်မလုပ်ပါနှင့်
လေ့ကျင့်ခန်းကို အလွန်အမင်းလုပ်တာက ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်ပြီး နာကျင်ကိုက်ခဲရတာကြောင့် နောက်တစ်ချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ ကြောက်ရွံ့သွားနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။ လေ့ကျင့်ခန်းကို အလွန်အမင်းလုပ်လိုက်ရင် တစ်ချိန်လုံး ပင်ပန်းနေတာ၊ လန်းဆန်းရမယ့်အစား အားနည်းနေတာ၊ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေတာတွေကို ခံစားရတတ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top