Healthy Life Ad
Child

ဂိမ်းဆော့လွန်းတဲ့ ကလေးကို ဘယ်လို ထိန်းချုပ်သင့်သလဲ . . .

ဒေါက်တာဦးဇော်စိန်လွင်(ဆေးရုံအုပ်ကြီး-ငြိမ်း) စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး

“သား . . စာလုပ်ရမှာလေ . . ကျောင်းက ပေး လိုက်တဲ့ အိမ်စာတွေမလုပ်ရသေးဘူးလေ . . ဂိမ်း ဆော့တာ ရပ်လိုက်တော့”
မနှင်းသူက ဂိမ်းဆော့နေတဲ့ သားကိုလှမ်းသတိ ပေးလိုက်သော်လည်း သားဖြစ်သူက ဂိမ်းကစားပင် မပျက်။ နှုတ်ကနေ “ဟုတ်ကဲ့ပါ . . ဒီတစ်ပွဲပြီးရင် ရပ်ပါ့မယ်”ဆိုပြီး ၀တ်ကျေတန်းကျေ ဖြေလိုက်ပေမယ့် သူ့အာရုံက သူဆော့နေတဲ့ ဂိမ်းထဲမှာသာ စူးစူး စိုက်စိုက် နစ်ဝင်နေတယ်။

မနှင်းသူလည်း လုပ်လက်စ အိမ်မှုကိစ္စလေးတွေ လုပ်ရင်း သားဖြစ်သူ ဂိမ်းဆော့နေတာကို မေ့ သွားပြန်တယ်။ အတန်ကြာမှ-
“ဟဲ့ . . ဖြိုးသူ . . ဂိမ်းဆော့တာ ရပ်တော့လို့ မေမေ ပြောထားတယ်လေ . . အခုထိ မရပ်သေးဘူး လား . .” ဆိုပြီး လေသံကျယ်ကျယ်နဲ့ အော်လိုက် တော့-“မေမေ . . ဒီတစ်ပွဲ . . ဒီတစ်ပွဲတည်းပါ” “ဒီတစ်ပွဲ . . ဒီတစ်ပွဲနဲ့ ဘယ်လောက်ကြာနေပြီ လဲ . . မိုးလင်းကတည်းက ထိုင်ဆော့နေတာ၊ ထမင်း ဟင်းတောင် ကောင်းကောင်းမစားဘူး၊ ပေးတော့ အဲဒီ iPad . .”
ပြောပြောဆိုဆို မနှင်းသူက သားဆီက iPad ကို ဆွဲလုလိုက်တော့ ဖြိုးသူကလည်း ပြန်ဆွဲတယ်။ သားက ဆော့လက်စဂိမ်းကို ပိတ်လိုက်မှာစိုးလို့ ဇွတ် အတင်းလုပြီး အခန်းထဲ ထွက်ပြေးကာ အခန်းတံခါး ကို Lock ချထားတော့တယ်။ မနှင်းသူ အတော် စိတ်ညစ်လှတယ်။ သူ့ကလေးက အခုမှ ပထမတန်း တက်နေတယ်ဆိုပေမယ့် ဂိမ်းကစားနည်းမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် ဆော့တတ်နေပြီ။ ကျောင်းက ပေးလိုက်တဲ့ အိမ်စာကို ကောင်းကောင်း မလုပ်၊ ကျောင်းကနေ အိမ်ပြန်ရောက်တာနဲ့ ဂိမ်းနဲ့ နှစ်ပါး သွားနေတာ၊ လှုပ်ရှားမှုလည်း မရှိ၊ တိုက်ခန်းကကျဉ်းတော့ ပြေးလွှားဆော့ကစားစရာ နေရာကျယ်ကလည်း မရှိတာနဲ့ အစပိုင်းမှာတော့ ထိန်းရသက်သာ တယ်ဆိုပြီး လွှတ်ထားခဲ့ပေမယ့် အခုတော့ ကလေး က ဂိမ်းစွဲနေပြီ။ မနှင်းသူ ဘယ်လို လုပ်ရပါ့ . .။
_ _ _
အရင်ဆုံး ပြောချင်တာကတော့ မိဘတွေက ကိုယ့်ကလေးကို ဂိမ်းပေးဆော့တာကိုက မှားပါတယ်။စင်ကာပူရဲ့ နိုင်ငံ့ဦးသျှောင်ဖြစ်တဲ့ လီကွမ်ယုက သူတို့နိုင်ငံမှာ ဂိမ်းဆော့တာနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်တာကြောင့် ဥပဒေနဲ့တောင် တားမြစ်ခဲ့ရပါတယ်။ ဂိမ်းရောင်းတဲ့ ဆိုင်တွေကို မရောင်းရဘူးဆိုပြီး တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ပါတယ်။ဂိမ်းစွဲတယ်ဆိုတာဖြစ်ရတဲ့ အကြောင်းရင်းက အဓိက သုံးချက်ရှိပါတယ်။

(၁)– အာရုံဆိုတာ စွဲတတ်ပါတယ်။
(၂)– စွဲပြီးရင် မြဲတတ်ပါတယ်။
(၃)– မြဲသွားပြီဆိုရင် စွန့်ဖို့ ခက်ခဲသွားပါတယ်။

ဂိမ်းစွဲလမ်းခြင်းတင်မက အရက်စွဲလမ်းခြင်း၊ ဆေးလိပ်စွဲလမ်းခြင်း၊ ကွမ်းစွဲလမ်းခြင်း၊ မူးယစ်ဆေး စွဲလမ်းခြင်း၊ နှစ်လုံးထီ စွဲလမ်းခြင်း စတဲ့ စွဲလမ်းခြင်း အားလုံးဟာ စွဲစေတတ်တဲ့ အကြောင်းရင်းတွေ ရှိပါ တယ်၊ စွဲအောင် ဖန်တီးတဲ့ အခြေအနေတွေ ရှိပါတယ်၊ ကိုယ်ကိုယ်တိုင်ကလည်း စွဲချင်တဲ့ စိတ်အခြေခံ ရှိတယ်ဆိုရင် သုံးမျိုးသုံးဖလှယ် ပေါင်းစပ်ပြီး စွဲလမ်းသွားတာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဂိမ်းဆော့တာကို ဆရာတို့ က စိတ်ကျန်းမာရေး ပြဿနာလို့ မသတ်မှတ်ခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ဂိမ်းကို စွဲလမ်းတဲ့ ရောဂါလို့ စိတ်ကျန်းမာရေးထဲမှာ ထည့်ထားပါတယ်။ စွဲလမ်းမှု တစ်ခုကို ကုသဖို့ ဆိုရင် အလွယ်ဆုံး ဥပမာ … ပေးချင်တာက ပလတ်စတာကို ခြေသလုံးပေါ် ကပ်လိုက်တဲ့အခါ ကပ်တာကို သိပ်မသိလိုက်ဘူး၊ ခွာပြီ ဆိုရင်တော့ နာတယ်၊ ဘယ်စွဲလမ်းမှုမဆို ခွာရင် ဝေဒနာရှိတယ်၊ ဝေဒနာကို ကျော်ဖို့ အတွက် ကာယကံရှင်က ယုံကြည်မှု ရှိရမယ်၊ ကြိုးစားမှု ရှိရမယ်၊ ဘေး က အခြေအနေကို ပံ့ပိုးမှုရှိရမယ်၊ ကောင်းသော အစားထိုးမှုတွေနဲ့ ကောင်းတဲ့ ပီတိကို ခံစားနိုင်မယ်ဆို ရင် ဂိမ်းက ပြတ်ပါတယ်။ ဂိမ်းက စကစားမိပြီဆိုရင် စွဲလမ်းတယ်၊ အဲဒီအချိန်မှာ ပလတ်စတာကို ချက်ချင်း ဆွဲခွာလိုက်ရင် အမွှေးတွေကျွတ်ပြီး နာတတ် ပါတယ်။ ဒါကြောင့် ဂိမ်းစွဲတဲ့ ပြဿနာကို မိဘရော ကျောင်းသားရော၊ ပညာရှင်တွေပါ အားလုံး ၀ိုင်းဝန်းပြီး ဖြေရှင်းဖို့ လိုပါတယ်။

မိဘတွေက နေပူထဲ ထွက်မလည်ရင် ပြီးရော၊ နားအေးရင် ပြီးရော ဆိုပြီး ထားလိုက်တဲ့အခါ ကျန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ၀င်လာတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top