Healthy Life Ad
Child

အစာနဲ့ဆေး တလွဲမသုံးမိဖို့ ကျောင်းမှာ ကလေးကော ဆရာကိုပါ အဓိကပညာပေးဖြစ်တယ် . . .

ဒေါက်တာဒေါ်ဇင်ဇင်နွယ် (ညွှန်ကြားရေးမှူး၊ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)

မေး။. ဆရာမတို့ FDAအနေနဲ့ ကျောင်းတွေမှာ သွားရောက်ပြီး အစားအသောက်အန္တရာယ်ကင်းရှင်းဖို့ လိုက်လံ ပညာပေးဟောပြောနေတာ သိရပါတယ်။ အဲဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။. ဆရာမတို့က စားသုံးသူရေးရာဦးစီးဌာနနဲ့ တွဲပြီး ၂၀၁၄ခုနစ်ကတည်းက ကျောင်းတွေမှာ လိုက်လံပညာ ပေးခဲ့တာဖြစ်ပါတယ်၊ အခုနောက်ပိုင်းမှာ ပညာပေးလက်ကမ်းစာစောင်တွေဝေတယ်၊ Boardတွေလည်းထောင်ထားတယ် အတော်လေး ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့ပါတယ်။

မေး။ ကျောင်းတွေမှာ ပညာပေးတဲ့အခါ ကျောင်းဆရာ၊ ဆရာမတွေကို အဓိကထားပညာပေးတာလား၊ ကလေးတွေကို အဓိကထား ပညာပေးတာ လား ဆရာမ။

ဖြေ။ ကျောင်းတွေကို သွားရောက်ပညာပေးတဲ့အခါ ဆရာ၊ဆရာမတွေကိုလည်း အဓိကထားသလို ကလေး တွေကိုလည်း အဓိကထားပြီး ပညာပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ၊ ဆရာမတွေသိမှကလေးတွေကို ပြန်လည်ပညာပေးလို့ရမှာဖြစ်သလို ကလေးတွေသိမှလည်းသူတို့မိဘတွေကို ပြန်ပညာပေးလို့ရ မှာ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဆရာ၊ဆရာမကော ကလေးတွေကို Targetထားပြီး ပညာပေးခဲ့တာပါ။

အဓိကက အစားအသောက်တွေကို ဘေးအန္တရာယ်ကင်းအောင် ဘယ်လိုရွေးဝယ်စားသုံးမလဲ၊ အလှကုန်၊ ဆေး ၀ါးတွေနဲ့ပတ်သက်ပြီး ဘယ်လိုရွေးချယ်ဝယ်ယူ မလဲ စတာတွေကို ပညာပေးဖြစ်ပါတယ်။ အထူးသဖြင့် အစားအ သောက်ကို အဓိကထားပြောဖြစ်ပါတယ်။ အစားအသောက်မှာ ဆိုးဆေးဆိုးထားရင် ဘယ်လို အန္တရာယ်ရှိသလဲ၊ အစားအသောက်မှာ ရောဂါပိုးပါနိုင်တာတွေ ရှင်းပြတယ်။ ထုပ်ပိုးပုံအနေနဲ့ အမှတ်တံဆိပ်မှာ လိပ်စာပါရမယ်၊အစားအသောက်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြထားရမယ်၊ အဓိကကတော့ သက်တမ်းကုန်မယ့်ရက်စွဲ ( Expired Date)ကို သေချာကြည့်ရမယ်ဆိုပြီး ကလေးနဲ့ ဆရာ၊ဆရာမတွေ ကို ပြောပြပါတယ်။ ဒါပေမဲ့ သောက်ရေသန့်လုပ်ငန်းကလွဲရင် စားသောက်ကုန်လုပ်ငန်းတွေအားလုံး FDAထောက်ခံချက်ရမှ ထုတ်လုပ်ရမယ်လို့ သတ်မှတ်ထား တာမရှိပါဘူး။ ထောက်ခံချက်ရပြီးသား လုပ်ငန်းတွေကတော့ အမှတ်တံဆိပ်မှာ FDAထောက်ခံချက် အမှတ်ကိုထည့်သွင်း ဖော်ပြလေ့ရှိတယ် (ဥပမာ-စ၁/၁၁၁၆၃ /ထလ)။

အစားအသောက်တိုင်းမှာ FDAရဲ့ ထောက်ခံချက်ရပြီးသားလား၊ မရသေးဘူးလားဆိုပြီး ကြည့်လို့မရဘူးလေ။ ဒီ အစားအသောက်အကုန်လုံးကFDAမှာ လာလျှောက်ရမယ်ဆိုပြီး ဥပဒေနဲ့သတ်မှတ်ထားတာမရှိပါဘူး။ ဒါကြောင့် တချို့က သူတို့သဘောနဲ့ သူတို့လာလျှောက်ကြတယ်၊ လျှောက်ပြီး ခွင့်ပြုထားတဲ့ အစာဆိုရင်တော့ FDAက ဘယ်လိုအမှတ်တံဆိပ်တွေ ထည့်သွင်းပေးထားတယ်ဆိုတာတွေကို နားလည်အောင်ရှင်းပြပါတယ်။ ဥပမာပြောရရင် FDAရဲ့ ထောက် ခံချက်ပါတဲ့ အစားအသောက်တွေက စလုံးနဲ့ စတယ်၊ စ-၁၊ စ-၂ဆိုပြီး မျိုးစုံရှိတယ်၊ ပြီးရင် ဂဏန်းပါမယ်၊ ပြီးတော့“ထလ”(ထုတ်လုပ်)ပါမယ်၊ ရေသန့်ဘူးတွေ၊ မုန့်ထုပ်တချို့တွေယူသွားပြီး လက်တွေ့ပြပါတယ်၊ မုန့်ထုပ်လေးတွေမ၀ယ်ခင် ဒီလိုလေးတွေကြည့်ရမယ်ဆိုတာမျိုး ဟောပြောတဲ့အခါမှာလည်း ထည့်ပြောပါတယ်။ FDAမှာတင်ပြီး ခွင့်ပြုထားတဲ့ အစားအသောက်ဆိုရင် ဘယ်လိုမျိုးဆိုတာရှင်းပြတယ်၊ မုန့်တွေမှာ အင်္ဂလိပ်စာလုံးပါရမယ်၊ မြန်မာလိုပါရင် အကောင်းဆုံးပေါ့၊ အထူးသဖြင့် သက်တမ်းကုန်ရက်စွဲ (Expired Date )က အဓိကပဲ၊ ကျော်ရင် လုံးဝမစားသင့်ဘူး . .

အစားအသောက်မှာ အိမ်တွင်းလုပ်ငန်းသေးသေးလေးတွေက ထုတ်ထားတဲ့ အစာတွေရှိတယ်၊ အဲဒါတွေကျတော့ FDAထောက်ခံချက်မရှိဘူး၊ အဲဒီအစာတွေ ကျတော့ အနံ့ကို နမ်းကြည့်ရမယ်၊ ထုပ်ပိုးပုံကောင်းရဲ့လား ကြည့်ရမယ်၊ Expired Date မပါတဲ့အစာတွေဆိုရင်တော့ တင်ကိုမရောင်းသင့်ဘူး။

ဆိုးဆေးပါတဲ့ အစာဆိုတာကတော့ မျက်စိနဲ့ ကြည့်လို့ မသိနိုင်ဘူးလေ၊ ကျောင်းတွေမှာ ရောင်းတဲ့တချို့ အစာ တွေကျတော့ ဆိုးဆေးတွေပါမှန်းသိသာတယ်၊ ဒါပေမဲ့ ဆိုးဆေးပါတယ်ဆိုပြီး သွားသိမ်းလို့လည်းမဖြစ်ပါဘူး၊ဒါ က ခွင့်ပြုဆိုးဆေးလည်း ဖြစ်နိုင်တယ်လေ၊ တကယ်တော့ဆိုးဆေးတွေက ဓာတုဗေပစ္စည်းဖြစ် တာကြောင့် ဆေးဆိုးထားတဲ့ အစားအသောက်တွေကိုတော့ဝယ်မစားသင့်ကြောင်း၊၀ယ်စားမယ်ဆိုရင်လည်းသတင်းစာထဲ ကြေညာထားတဲ့ အစာတွေကို မစား သင့်ကြောင်း ပြောပြရတယ်။ Board ပေါ်မှာ မစားသင့်ကြောင်း ကြေညာထားတဲ့ အစားအသောက်တွေကို ဓာတ်ပုံရိုက်ပြီး တံဆိပ်ပါမြင်ရအောင် ကပ်ပြထား တယ်၊သတင်းစာထဲမှာကြေညာထား တာတွေကို စာလုံးကြီးကြီးနဲ့ ကပ်ထားလိုက်တယ်။

ဆေးဝါးနဲ့ ပတ်သက်လာရင် နိုင်ငံခြားဆေးမှန်သမျှ FDAမှာ မှတ်ပုံတင် (Registration) ထားရမယ်၊ အဲဒီတော့ FDA ခွင့်ပြုထားရင် Registration No.ပါကိုပါရမယ်၊ မပါတဲ့ဟာတွေဆိုရင် တရားမ၀င်ဆေးဝါးလို့ သတ်မှတ်ရ မယ်၊ အဲဒီလိုဆေးတွေကို ရောင်းချခွင့်လည်းမရှိဘူး၊ ဒီလိုဆေးတွေက အာမခံချက် မရှိတာကြောင့် ၀ယ်မသုံးဖို့ ပြောပြရပါတယ်၊ ဆေးတွေဆိုတာ အန္တရာယ်ရှိတဲ့အတွက် FDA မှာမှတ်ပုံတင်ရမယ်၊ မှတ်ပုံတင်မထားတဲ့ ဆေးတွေဆိုရင် လုံးဝကို ၀ယ်မသုံးသင့်ပါဘူး။

ကျောင်းတွေမှာ ဆေးဘူးပေါ် Registration No.ကို ဘယ်လိုဖတ်ရသလဲ ဆိုတာပြောပြပါတယ်။ ဗလို့ပါရင် တစ်ကြိမ် မှတ်ပုံတင်ထားတဲ့ ဆေး၊ ဗဗ ဆိုပြီးပါ ရင် သက်တမ်းကုန်သွားလို့ သက်တမ်းတိုးထားတဲ့ဆေးဆိုပြီး မှတ်ပုံတင်ထားတဲ့ဆေးကို ဘယ်လိုဖတ်ရတယ်ဆိုတာ ကလေးတွေကော ဆရာ၊ဆရာမတွေကိုပါ သင်ပေးတယ်။

မေး။. အဲဒီလို သွားရောက်ပညာပေးတဲ့အခါ ကျောင်းဈေးတန်းတွေမှာ ရောင်းချနေတဲ့ မုန့်ပဲသရေစာတွေနဲ့ ပတ် သက်ပြီး စစ်ဆေးခဲ့တာ မျိုးရှိပါသလားဆရာမ။

ဖြေ။. လိုက်ကြည့်တာမျိုးတော့ရှိတယ်။ ဒါပေမဲ့ အပေါ်ယံကြည့်ပြီး မရောင်းသင့်ဘူးဆိုပြီး သိမ်းလို့မရပါဘူး။သေချာဓာတ်ခွဲစမ်းသပ်ပြီးမှ မရောင်းသင့်တဲ့ မုန့်ပဲသရေစာတွေတွေ့မှ သိမ်းလို့ရတာပါ။

မေး။ ကျောင်းဈေးတန်းတွေမှာ ခွင့်ပြုချက်မရှိတဲ့ မုန့်တွေရောင်းချနေရင် ဘယ်လို အရေးယူသွားဖို့ရှိပါသလဲ ဆ ရာမ။

ဖြေ။ ခွင့်ပြုချက်မရှိတဲ့ မုန့်တွေ ရောင်းချနေရင် အရေးယူလို့ရပေမယ့် အခု လောလောဆယ်မှာတော့ ပညာပေး ကာလပဲ ဖြစ်နေပါတယ်။ ခွင့်ပြုချက်မရှိတဲ့ မုန့်တွေရောင်းနေရင် ပြင်းပြင်းထန်ထန်အရေးယူလို့ရအောင် အခုရှိ နေတဲ့ ဥပဒေကိုပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ Networkingကော်မတီဖွဲ့ဖို့ ကြိုးပမ်းနေတယ်။ အဲဒီအ ဖွဲ့ဖွဲ့ပြီးရင်တော့ ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ ရှိပါတယ်။

မေး။. ကျောင်းတွေမှာ ဒီလို ပညာပေးတဲ့အတွက် ဘယ်လောက်အထိ ထိရောက်တယ်လို့ ထင်ပါသလဲ ဆရာမ။

ဖြေ။. ထိရောက်မယ်လို့တော့ထင်ပါတယ်။ အခုဆို ဆရာ၊ဆရာမတွေက ကျောင်းတွေမှာ ဒီလိုမုန့်တွေ မရောင်း သင့်ဘူးဆိုတာမျိုး သိလာပါတယ်။ အရင်တုန်းက ကျောင်းဝင်းထဲမဟုတ်ပေမယ့် ကျောင်း ခြံစည်းရိုးမှာကပ်ပြီး ရောင်းတဲ့ ဆိုင်ခန်းတွေမှာ တရုတ်စာတွေနဲ့ ဘာမှန်းမသိတဲ့ မုန့်ပဲသရေစာတွေကို ကလေးတွေက ၀ယ်စားနေ တာတွေ တွေ့ရပါတယ်။ အဲဒီလို ဘာမှန်းမသိတဲ့ အစာတွေကိုစားတာက ကလေးတွေအတွက် အတော်လေး အန္တရာယ်များပါတယ်။

မေး။. ဒီလိုအစီအစဉ်တွေကို ဆက်လုပ်သွားဖို့ရှိပါသလား ဆရာမ။

ဖြေ။. နောက်ပိုင်းမှာ ပိုလုပ်သွားမယ့် အစီအစဉ်ရှိပါတယ်။ အခုအငယ်တွေကို Technical Sharingဆိုပြီး တစ် ယောက်နဲ့ တစ်ယောက်ပညာဖလှယ်ကြတယ်၊ နိုင်ငံခြားမှာ ကိုယ်သင်ခဲ့ရတဲ့ ဘာသာရပ်တွေကို ရှင်းပြကြတယ် ၊၊သူတို့ကို အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေ ပညာပေးမလဲဆိုတာသင်ပေးတယ်၊ ပြီးတော့ ဆေးဝါးပညာ ရှင်(Pharmacist)တွေကိုဆေးဝါးနဲ့ပတ်သက်ရင် ဘယ်လိုပညာပေးမလဲဆိုတာတွေ လက်တွေ့ပြောခိုင်းတယ်၊ သူတို့တွေလည်း အခုဆိုရင် အတော်လေးပြောတတ်နေပါပြီ။

Most Popular

Healthy Life Ad
To Top