Healthy Life Ad
Life Style

ဆရာဝန်ကြီးတို့၏ ဘ၀လျှောက်လမ်း

ဆရာဝန်ကြီးတို့၏ ဘ၀လျှောက်လမ်း

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်တို့မိသားစု

အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်

ဆေးကျောင်းသားအဖြစ်မှ ဆရာဝန်၊ ဆရာဝန်အဖြစ်မှ အထူးကု ဆရာဝန် စသဖြင့် ကုသရေးဆိုင်ရာ ပါမောက္ခ ရာထူး အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ရသော ဆရာဝန်ကြီးတို့၏ ဘ၀သည် လွယ်ကူချောမွေ့စွာ ဖြတ် သန်းနေရခြင်းမဟုတ်။ အထူးသဖြင့် ယခုအချိန်အထိ လူနာများစွာကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေဆဲ ဆရာဝန်ကြီးတို့အတွက် ကုသမှုဆိုင်ရာ အခက်အခဲများကို နိစ္စဓူဝ ကြုံတွေ့နေရနိုင်သည်။ သို့ဖြစ်ပါ၍ ဆရာဝန် ကြီးတို့ ကျင်လည်ဖြတ်သန်းခဲ့ရသော ဘ၀ လျှောက်လှမ်းအကြောင်းကို အများပြည်သူတို့ သိရှိ နားလည်စေရန် အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းဖော်ပြလိုက်ရပါသည်။
အယ်ဒီတာ

တောင်ကြီးဇာတိဖြစ်သော အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့် သည် ငယ်စဉ် ကတည်းက မိဘက ဆရာဝန်ဖြစ်စေလိုသည့်အပြင် သူကိုယ်တိုင်ကလည်း ဆရာဝန် ဖြစ်ချင်ခဲ့သူ ဖြစ်သည်။

“ မမက ၁၉၈၃ကနေ ၁၉၉၃ ခုနှစ်အထိမန္တလေး ဆေးကျောင်းတက်ခဲ့တယ်၊ မမက အဆောင်ကျောင်းသူလည်း ဖြစ်၊ ဆေးကျောင်းကိုလည်း ၀ါသနာပါလို့ တက်တာဆိုတော့ ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်။ မမတို့တုန်းက လူသေအလောင်း (Dead Body) တစ်လောင်းဆိုရင် ကျောင်းသား/သူ ၁၀ ယောက်အဖွဲ့နဲ့ပဲ လေ့လာခဲ့ရတာ၊ အဲဒီလို အဖွဲ့ သေးသေးလေးနဲ့ သင်ယူလေ့လာခဲ့ရတော့ မမတို့တွေက စည်းလုံးတယ်၊ စာမေးပွဲနီးရင် စာအတူ ကျက်ကြတယ်၊ အဲဒီလို စည်းလုံးခဲ့တော့ အခု ဆရာဝန်ကြီးတွေဖြစ်တဲ့အထိ တရင်းတနှီးဖြစ်နေတုန်းပဲ. . ပြီးတော့ အဲဒီတုန်းက တစ်တန်းမှာ စုစုပေါင်း ဆေးကျောင်းသား/သူက ၁၅၀ ၀န်းကျင်ပဲရှိတဲ့အတွက် စီနီယာ၊ ဂျူနီယာ ခြောက်တန်းလောက်နဲ့ အရမ်းခင်တယ်၊ ရင်းနှီးမှုရှိတယ်၊ အဲဒီတော့ အကြီးတန်းတွေ စာမေးပွဲ ဖြေရင် သွားဂရုစိုက်ပေးသလို ကိုယ် အကြီးတန်း ရောက်လို့ စာမေးပွဲဖြေချိန်မှာလည်း အငယ်တန်းက လာဂရုစိုက်ပေး ကြတယ်” ဟု ဆေးကျောင်းသူ ဘ၀၏ ပျော်စရာကောင်းပုံကို ပြောကြားခဲ့သည်။

“ မမရဲ့ တကယ့်ရည်ရွယ်ချက်က ခွဲစိတ်ဆရာ ၀န်ဖြစ်ချင်ခဲ့တာ၊ ခွဲရ၊ စိတ်ရတာ ၀ါသနာပါတဲ့အတွက် သားဖွား မီးယပ်အထူးကု ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်လုပ်မယ်လို့ အမြဲ ရည်မှန်းခဲ့တာ၊ လက်ထောက်ဆရာဝန်ဘ၀မှာ အ ရေးအခင်းမိတော့ သုံးနှစ်လုံးလုံး တောင်ကြီး စ၀်စံထွန်းဆေးရုံက ခွဲစိတ်ဆောင်မှာ သုံးနှစ် လုပ်အားပေးခဲ့ရ တယ်၊ အစိုးရက In-Service (အစိုးရ၀န်ထမ်းအဖြစ်) မဖြစ်မနေ ၀င်ခိုင်းပါတယ်။ မမက ရန်ကုန်မှာ အိမ်ထောင် ကျသွားတော့ မ၀င်နိုင်တော့ဘူး၊ အမျိုးသားကလည်း အင်ဂျင်နီယာဆိုတော့ ကိုယ်ပိုင်ကုမ္ပဏီ ထောင်တာရယ်၊ သားလေး စမွေးတာရယ် နယ်ကို မသွားနိုင်တဲ့အတွက် အလုပ်ထွက်ခဲ့ရတယ် . .” ဟု ဒေါက်တာဒေါ် ၀င်းဝင်း မြင့်က ဆိုသည်။

ထိုအခါ In-Service မ၀င်နိုင်တော့သည့် အတွက် ဆေးပညာ၊ ခွဲစိတ်ကု၊ ကလေးနှင့် သားဖွား မီးယပ်ဆိုင်ရာ ဆေးပညာMaster ဆက်တက်ရန် ခက်ခဲသွားခဲ့တော့သည်။ သို့သော် ဒေါက်တာဒေါ်ဝင်းဝင်းမြင့်သည် စိတ် ဓာတ်မကျဘဲ သားဖြစ်သူ အနည်းငယ် အရွယ်ရောက်လာချိန်တွင် စင်ကာပူ Mt.Elezabeth ဆေးရုံ၌ သားဖွား မီးယပ်အထူးကု ဆရာဝန်၏ လက်ထောက် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ဖြစ်ခဲ့တော့သည်။
“ အဲဒီမှာဖြစ်ချင်တော့ အာဟာရဆိုင်ရာ အထူးကုဆရာဝန်တွေကိုတွေ့တယ်၊ အဲဒီအချိန်မှာ အဲဒီ ဘာသာရပ်ကို ရွေးမယ်လို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒါနဲ့ သြစတြေးလျ ဆစ်ဒနီတက္ကသိုလ်မှာ မာစတာတက်ဖို့ ကျောင်း လျှောက်တော့ အဲဒီက စကော်လာပေးတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ မြန်မာနိုင်ငံက စစ်အစိုးရဖြစ်နေတော့ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းက Sanction ဖြတ် (စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု)ထားတဲ့အတွက် မမစကော်လာ ပြုတ်သွားတော့တယ်၊ အဲဒါနဲ့ အမေရိကားမှာရှိတဲ့ မမအမျိုးသားက စီစဉ်ပေးလိုက်လို့ အမေရိကားမှာရှိတဲ့ ကိုလံဘတ်စ်တက္ကသိုလ်မှာ ၂၀၀၃ စတက်ပြီး ၂၀၀၅မှာ MScရခဲ့ပါတယ်။ ပြီးတော့ မမက Academy Of Nutrition and Dietitian အဖွဲ့အစည်းရဲ့Membeship ရခဲ့သလို စင်ကာပူ SNDA ရဲ့ Membership လည်း ရခဲ့ပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အာဟာရဆိုင်ရာအထူးကု ဆရာဝန်ဖြစ်လာပုံကိုပြောပြခဲ့သည်။
မြန်မာနိုင်ငံပြန်လာချိန်တွင် ခေတ်အခြေအနေအရ အာဟာရဆိုင်ရာ အထူးကုဆရာဝန်တို့၏ အရေးပါမှုက မရှိသေးသည့်အတွက် PCMLရေနံ ကုမ္ပဏီတစ်ခု၌ အာဟာရဆိုင်ရာ ပရောဂျက်တွင် တာဝန်ထမ်းဆောင်ဖြစ်ခဲ့တော့သည်။
“ အဲဒီမှာ အဓိက ၀တဲ့ သူတွေများတယ်၊ ပင်လယ်ပြင်ထဲ သွားရတော့ ၀ရင်အဆင်မပြေတဲ့အတွက် သူတို့ရဲ့ကိုယ်အလေးချိန်ကို အာဟာရနဲ့ထိန်း ပေးခဲ့ရတယ်”

အာဟာရဘာသာရပ်ကိုအရင်ကဆိုရင် လူတွေက လုံးဝမသိကြဘူး၊ အခုတော့ လူတစ်ယောက်က ၀နေပြီဆိုရင် ဒါမှမဟုတ် ပိန်နေပြီဆိုရင် အာဟာရဆိုင်ရာ အထူးကုနဲ့ပြရမယ်ဆိုတာ သိလာကြပါတယ်။
အထူးသဖြင့် . . .

အလုပ်လုပ်ရာတွင် အခက်အခဲများ ကြုံခဲ့ရသော်လည်း မြန်မာအစားအသောက်များနှင့် ပတ်သက်၍ပါဝင်သော ကယ်လိုရီပမာဏ၊ ကောင်းကျိုး၊ ဆိုးကျိုးစသည့်သုတေသနများစွာပြုလုပ်ခဲ့ဖူးကြောင်း ဒေါက်တာဒေါ်ဝင်းဝင်း မြင့်က ပြောသည်။
“ အခုဆိုရင် ဆေးရုံတွေမှာ သမားတော်တွေ ကုပေးနေတဲ့ လူနာတွေက အာဟာရချို့တဲ့နေရင် တွဲပြီး ကြည့်ရှုပေးရတာများပါတယ်၊ အဲဒီလူနာတွေ ကို သင့်တော်တဲ့ အာဟာရဓာတ်တွေ အပြည့်အ၀ ပေး လိုက်နိုင်တယ်ဆိုတဲ့အခါ လူနာတွေရဲ့ ရလဒ်တွေက အရမ်းကောင်းလာတယ်ဆိုရင်၊ အာဟာရ အလုံ အလောက်ရတာကြောင့် လေဖြတ်လူနာတွေ ရဲ့ တိုးတက်မှုက သိသာလာတယ်ဆိုရင် ကိုယ်က အဓိက ကုပေးတဲ့ သူမဟုတ်ပေမယ့် ကိုယ်ပံ့ပိုးပေးလိုက်လို့ လူနာက အာဟာရပြည့်ဝလာပြီး ဆေးကုသမှု ပိုရလဒ်ကောင်းတယ်ဆိုရင် တကယ်ကို ၀မ်း သာပီတိဖြစ်ရပါတယ်” ဟု ဆေးကုသခြင်း၏ ထိရောက်သော တုံ့ပြန်မှုအတွက် ကျေနပ်ရပုံကို ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောပြခဲ့သည်။သို့ရာတွင် ဆရာဝန်တစ်ဦးအတွက် ဆေးကုသ ရာတွင် အမြဲတမ်းစိတ်ကျေနပ်စရာချည်းတော့ မကြုံနိုင်ပေ။
“ ပြီးခဲ့တဲ့ တစ်ပတ်က ကျောက်ကပ်ဆရာဝန်တစ်ဦးက အာဟာရချို့တဲ့နေတဲ့ ကျောက်ကပ်လူနာတစ်ဦးကို လွှဲခဲ့ပါတယ်။ သူရောက်လာတဲ့အချိန်မှာ အတော်လေးကို အာဟာရချို့တဲ့နေပါပြီ၊ တစ်လ-နှစ်လလောက် ကုပေးလိုက်တဲ့အခါ အနည်းငယ်တိုး တက်လာပေမယ့် တကယ့်ကို အာဟာရချို့တဲ့နေတဲ့ လူနာ၊ အစားမ၀င် တော့တဲ့အချိန် နောက်ဆုံးအဆင့်ကျမှ ရောက်လာတဲ့အတွက် ရေဖျဉ်းစွဲတာတွေဝင်နေတော့ သိပ်မကောင်း တော့ဘူး၊ အဲဒီလို လူနာတွေ ကြုံရရင် စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

မြန်မာလူမျိုးများ၏ ကျန်းမာရေးအသိမှာ ယခင်ကနှင့်စာလျှင် လွန်စွာတိုးတက်မှုရှိလာကြောင်း၊ မြန်မာလူငယ် များကအစ ကျန်းမာရေးကောင်းမွန်စေရန် မည်သို့မည်ပုံနေထိုင်ရမည်၊ ရောဂါဝေဒနာ မဖြစ်စေရန် မည်သို့ ကာကွယ်ရမည်ဆိုသည်တို့ကို အထိုက်အလျောက် သိရှိနားလည်နေကြပြီဖြစ်ကြောင်း သူ၏ အတွေ့အကြုံအရ ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောပြခဲ့သည်။

“ မမတို့ရဲ့ အာဟာရဘာသာရပ်ကို အရင်က ဆိုရင် လူတွေက လုံးဝ မသိကြဘူး၊ အခုတော့ လူတစ်ယောက်က ၀နေပြီဆိုရင် ဒါမှမဟုတ် ပိန်နေပြီ ဆိုရင် အာဟာရဆိုင်ရာ အထူးကုနဲ့ ပြရမယ်ဆိုတာ သိလာကြပါတယ်။ အထူးသဖြင့် ကင်ဆာသမားတွေ အာဟာရပြည့်ဝအောင် ဘယ်လို စားသောက်ရမလဲ၊ ကလေးငယ်လေးတွေ အသက်ခြောက်လပြည့်လို့ ဖြည့်စွက်စာ ကျွေးမယ်ဆိုရင် စနစ်တကျ ကျွေးချင်တယ်၊ ဘယ်လိုကျွေးရမလဲ စသဖြင့် လာ ပြီးတိုင်ပင်ဆွေးနွေးလာကြပါတယ်” ဟု ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က မြန်မာလူမျိုးအများစု၏ ကျန်းမာရေးဗဟုသုတအဆင့်မြင့်လာပုံကို ပြောပြခဲ့သည်။

မကြာမီ မြန်မာနိုင်ငံတွင် STI Universityနှင့် မဟီဒေါ တက္ကသိုလ်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလသို့မဟုတ် ဇန်န၀ါရီလ၌ အာဟာရဆိုင်ရာ အထူးကု ကျောင်းဖွင့်လှစ်တော့မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နေ့စဉ် ကျန်းမာရေးနှင့် ညီညွတ်သော အစာကို ဘယ်လို ရွေးချယ်စားသောက်ရမလဲ ဆိုတာ သိစေရန်နှင့် ပြည်သူလူထုကို ပညာပေးနိုင်ရန် အာဟာရ ဘာသာရပ်ကို စိတ်ဝင်စားရင် တက်ရောက်ကြပါဟု အာဟာ ရဆိုင်ရာ အထူးကု ဆရာဝန် ဖြစ်ချင်ကြသည့် ဆေးကျောင်းသားများ၊ ဆရာဝန်အငယ်များကို သတင်းကောင်း ပေးထားပြီးအကူအညီ တောင်းလာရင် မမကလည်း တတ်နိုင်သမျှ တွဲပြီး သင်ပေးသွားမှာပါဟု ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

“ မမတို့ မန္တလေးဆေးကျောင်း ၈၃-၉၃ ဆရာ ၀န်တွေ ဖွဲ့စည်းထားတဲ့ အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်းက တစ်လ တစ်ကြိမ်ဆိုသလို ရွာတွေကို အခမဲ့ ဆေးကုသမှုပေးနေပါတယ်။ မမတို့ ဖောင်ဒေးရှင်းကို ၂၀၁၂ က စတင်ဖွဲ့စည်းခဲ့တာ အခုဆို သုံး နှစ်လောက်ရှိပါပြီ . . မမလည်း အချိန်ရရင်ရသလို ကိုယ်တတ်ထားတဲ့ ဆေးပညာနဲ့ အခမဲ့ ပရဟိတ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံ ဆေးလောကနှင့် ပတ်သက်၍ ဆရာဝန်နှင့် လူနာ၊ ဆရာဝန်နှင့် ဆရာဝန် နားလည်မှုရှိရှိ ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တောင့်တင်းခိုင်မာစေရန် တည်ဆောက်သွားစေချင်သည်မှာ သူမ၏ ဆန္ဒပင် ဖြစ်ကြောင်း သိရသည်။
“ လူနာတွေဘက်ကလည်း ပုဂ္ဂိုလ်စွဲနဲ့ ဒီဆရာဝန်ဆို ဒီဆရာဝန်မှာပဲ တိုးနေတာမျိုး လုပ်နေတော့ ဆရာဝန် တွေက လူနာတွေကို အချိန်ကောင်းကောင်း မပေးနိုင်တဲ့ အခက်အခဲလေးတွေ ကြုံရတယ်၊ အဲဒီလို မဖြစ်အောင် လူနာတွေကလည်း တခြား အထူးကုဆရာဝန်တွေကို ပြောင်းပြီး ပြကြည့်ဖို့ အကြံပေးချင်ပါတယ်” ဟု လူနာတို့ ဆေးကုသမှု အဆင်ပြေစေရန် ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အကြံပြုထားပါသည်။

Most Popular

Healthy Life Ad
To Top