လည်ကုပ်နဲ့ ဇက်ကြောညောင်းညာကိုက်ခဲနာကျင်နေရင် အရင်ဆုံးလုပ်သင့်တာက ကိုယ့်ဘာသာ လက်နဲ့ကောင်းကောင်းနှိပ်နယ်ပေးဖို့ပါပဲ။ နှိပ်နယ်တဲ့အခါ သင့်လက်တစ်စုံနဲ့ တဘတ်တစ်ထည်ပဲ လိုအပ်ပါတယ်။ ကိုယ့်ဘာသာနှိပ်နယ်တာက လည်ကုပ်ကြောတွေကို ပြေလျော့စေပြီး အညောင်းပြေသွားစေပါတယ်။
(၁) တဘက်သုံးပြီး နှိပ်နယ်ခြင်း
တဘက်သုံးပြီး နှိပ်နယ်တာက လည်ကုပ်ရှိ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး ခါးနောက်ကျောလှုပ်ရှားမှုကို ပိုကောင်းစေပါတယ်။ သုံးတဲ့တဘက်က နူးညံ့ဖို့လိုသလို လည်ကုပ်ပေါ်မှာ ဖိအားများများ မကျရောက်စေသင့်ပါဘူး။
လည်ကုပ်နောက်မှာ တဘက်ထားပြီး ညာလက်နဲ့ တဘတ်အစွန်းကိုယူကာ ရင်ဘတ်ဆီဆွဲလာပါ။ ဘယ်လက်နဲ့ တဘတ်ရဲ ့ညာစွန်းကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း နဖူးပေါ်တင်ပါ။ ဦးခေါင်းကို ဘယ်ဘက်လှည့်လိုက်၊ ဖိအားလျှော့ချလိုက်နဲ့ လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ပေးရပါမယ်။ ပြီးရင် နောက်တစ်ဖက်ပြုလုပ်ပေးပါ။
တဘတ်ကို လည်ကုပ်နောက်မှာထားပြီး လက်နှစ်ဖက်နဲ့ဆွဲပါ။ လည်ပင်းပေါ်မှာ ဖိအားနည်းနည်းသာသုံးပါ။ ဦးခေါင်းကို ဘယ်ဘက်လှည့်ပြီး စက္ကန့်အနည်းငယ်ကြာ ဒီအနေအထားအတိုင်း ထိန်းထားရပါမယ်။ ဦးခေါင်းကို ညာဘက်ဖြည်းဖြည်းချင်းလှည့်ပြီး ဒီအနေအထားအတိုင်း စက္ကန့်အနည်းငယ် ထပ်ထိန်းထားပေးပါ။
(၂) အနောက်ဘက်ရှိ လည်ကုပ်ကြွက်သား နှိပ်နယ်ခြင်း
ဘယ်လက်နဲ့ ဘယ်ဘက်က လည်ကုပ်ကြွက်သားတွေကို ပုံမှာပြထားတဲ့အတိုင်း ထိပါ။ နူးညံ့တဲ့ လက်ချောင်းထိပ်တွေသုံးပြီး အဲဒီနေရာကို ညင်ညင်သာသာ ဖိနှိပ်ပေးပါ။ ဦးခေါင်းကို ညာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ပေးပါ။ လက်ချောင်းတွေကို မရွေ့ဘဲ ဦးခေါင်းကိုပဲ ရွှေ့ပေးရပါမယ်။ တခြားဘက်ကို ပြောင်းလုပ်ပေးပါ။ လည်ကုပ်ကြွက်သားတင်းမာတာ ပြေလျော့တဲ့အထိ လုပ်ပေးနိုင်ပါတယ်။
(၃) လည်ကုပ်ကြွက်သား ဘေးဘယ်ညာနှိပ်နယ်ခြင်း
ခါးမတ်မတ်ထိုင်ပြီး လက်ဖဝါးတွေကို ပုံမှာပြထားတဲ့အတိုင်း လည်ကုပ်ရဲ ့ ဘေးဘက်တွေပေါ် တင်ထားပါ။ ဦးခေါင်းကို နောက်ဘက်နည်းနည်းလှည့်ပြီး ဘယ်ဘက်ကို နည်းနည်းဆွဲချလိုက်ပါ။ လည်ကုပ်ကြွက်သားဘယ်ဘက်က ကြွက်သားတွေ ပြေလျော့သွားပါလိမ့်မယ်။ ပြီးရင် ညာဘက်ကို ပြောင်းလုပ်ပေးပါ။
(၄) ဦးခေါင်းနှင့် လည်ကုပ်အစပ်ရှိ ကြွက်သားပြေလျော့အောင် နှိပ်နယ်ခြင်း
ပုံမှာပြထားတဲ့ ဦးခေါင်းအခြေရှိ ကြွက်သားတွေ တောင့်တင်းနေရင် ခေါင်းကိုက်တာ၊ မူးဝေတာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။ ကြွက်သားတွေ ပျော့ပျောင်းစေဖို့ လက်နှစ်ဖက်ကိုသုံးပြီး ညင်သာတဲ့ဖိအားနဲ့ နှိပ်ပေးရပါမယ်။ လက်ချောင်းတွေကို အပေါ်အောက်ဖိအားနဲ့ ဖိနှိပ်ပေးပါ။
အကြံပြုချက်။ ။ ရှေ ့နှင့်ဘေး ဆွဲဆန့်စေရန် နှိပ်နယ်ခြင်း
အဆင့် (၁) နောက်ကျောကို မတ်မတ်အနေအထားနဲ့ ထိုင်ပါ။ လည်ကုပ်မှာ ညင်သာတဲ့ဆွဲဆန့်မှု ခံစားရစေဖို့ ဦးခေါင်းဘေးနှစ်ဖက်ပေါ် လက်ဖဝါးတင်ပြီး ရှေ့ဘက်ကိုဆွဲချပေးပါ။ ပုံမှာပြထားတဲ့အတိုင်း ဦးခေါင်းကို ညင်ညင်သာသာ ဆွဲချပေးရပါမယ်။
အဆင့် (၂) ကျောမတ်မတ်ထိုင်ပြီး ပခုံးကို အနားပေးပါ။ လည်ကုပ်ညာဘက် ဆွဲဆန့်မှု ခံစားရစေဖို့ ဘယ်ဘက်နားရွက်ကို ဘယ်ဘက်ပခုံးဆီ ညင်ညင်သာသာ ဆွဲချပေးပါ။ ပြီးရင် နောက်တစ်ဖက်ကို ဆွဲချပေးပါ။
အဆင့် (၃) ပုံမှာပြထားတဲ့အတိုင်း ဦးခေါင်းပေါ် လက်ဖဝါးတင်ပြီး ဆွဲယူပေးပါ။ နောက်တစ်ဖက်ကိုလည်း ပြန်လုပ်ပေးပါ။ နာကျင်မှုနဲ့ မသက်မသာဝေဒနာမဖြစ်စေဖို့ အလွန်အမင်းဆွဲဆန့်မှုကို မလုပ်သင့်ပါဘူး။
အဆင့်(၄) ကိုယ်တိုင်နှိပ်တဲ့ နည်းလမ်းက လူအများစုမှာ ထိရောက်မှုရှိတာကို သက်သေပြပြီး ဖြစ်ပါတယ်။ ကိုယ်တိုင်နှိပ်တဲ့ ကုထုံးက နာကျင်တောင့်တင်းမှုကို မသက်သာဘူးထင်ရင် ဒါမှမဟုတ် ပိုဆိုးလာစေတယ်လို့ ခံစားရရင် ဆက်မလုပ်သင့်တော့ပါဘူး။ ဆရာဝန်နဲ့ သွားပြပါ။
