Healthy Life Ad
Health Tips

“ရောဂါရရှိချင်တဲ့စိတ်”

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

အရေးပေါ်လူနာကို ကြည့်ရှုဖို့ တာဝန်ကျနေတဲ့ တစ်ညမှာ အိမ်လိုင်းဖုန်းခေါ်သံကြားရပါတယ်။

“ကျွန်တော်အရေးပေါ် ပြင်ပလူနာဌာနက လက်ထောက်ဆရာဝန်စိုင်မွန်ပါ ဒေါက်တာအုန်း။ လူနာတစ်ယောက်ကိစ္စ တိုင်ပင်ချင်လို့ပါ”

“ရပါတယ်။ လူနာအခြေအနေက . . .”

“လူနာက အသက် ၄ နှစ်အရွယ်မိန်းကလေး ဒီဒီလို့ ခေါ်ပါတယ်။ တစ်နေ့လုံး ဝမ်းပျက်နေလို့ ဆေးရုံရောက်လာတာပါ။ လိုအပ်သလို ကုသပြီးပါပြီ။ ကလေးကို အိမ်ပြန်လွှတ်ဖို့ သင့်/ မသင့် သိချင်လို့ပါ”

“ကလေးက ဝမ်းပျက်တာပဲမဟုတ်လား။ ကျွန်တော်နဲ့ ဘယ်လိုသက်ဆိုင်လို့လဲ။ ဆရာဝန်မှားပြီး ခေါ်မိပြီထင်တယ်”

“မဟုတ်ပါဘူးခင်ဗျ။ ဒေါက်တာအုန်း စစ်ဆေးဖို့လိုနေတာက ကလေးမဟုတ်ပါဘူး။ ကလေးရဲ့အမေကို စစ်ဆေးစေချင်တာပါ”

“ရှင်းပြပါဦး”

“ဒီဒီကို သူ့အမေက အရေးပေါ်ပြင်ပလူနာကုဌာနကို လာရောက်ပြသနေတာ။ အခုတစ်ပတ်အတွင်းမှာ သုံးကြိမ်ရှိပါပြီ။ ကလေးအလွန်အမင်း ပျို့အန်လို့ လာပြတာက တစ်ကြိမ်။ အယားဖုတွေ ထွက်လာလို့ လာပြတာကတစ်ကြိမ်။ အခုတစ်ကြိမ် ဝမ်းပျက်တာကို စစ်ဆေးမေးမြန်းကြည့်တော့ ချောကလက်ဝမ်းနုတ်ဆေး တိုက်ကျွေးထားတဲ့ အထောက်အထားတွေ့ ရှိရပါတယ်”

“အဲဒီတော့ . . .”

“ဒီကိစ္စမှာ ကလေးရဲ ့အမေက သူ့သမီးရောဂါရရှိအောင် တမင်သက်သက်လုပ်နေတာလို့ ကျွန်တော်တို့ ယူဆနေပါတယ်။ ဒါကြောင့် ကလေးအမေရဲ ့ စိတ်ကျန်းမာရေးကို စစ်ဆေးပေးဖို့ တောင်းပန်တာပါ။ ကလေးကို သူ့အမေနဲ့အတူ အိမ်ပြန်ခွင့်ပေးဖို့ ကျွန်တော်တို့ ဝန်လေးနေပါတယ်”

“ကလေးအမေကို ကြည့်ရတာ ရူးသွပ်စိတ္တဇရောဂါ (Psychosis) ခံစားနေရသလို ရှိလို့လား”

“အဲဒီလိုအခြေအနေတော့ မရှိပါဘူး”

“ဒေါက်တာစိုင်မွန်ပြောပုံအရဆိုရင် “ကလေးသူငယ်ကို အလွဲသုံးစားပြုမူမှု”(Child Abuse) ဖြစ်နေနိုင်တယ်။ ဒီဒီရဲ ့အမေနဲ့ အိမ်ပြန်မလွှတ်ချင်ရင် သက်ဆိုင်ရာဌာနကို သတင်းပို့ပေါ့။ သြစတြေးလျနိုင်ငံ ဘုရင်မပြည်နယ်မှာ ကျင့်သုံးတဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရောက်ရေးဥပဒေ (၁၉၉၉ ခုနှစ်)ဆိုတာ ရှိပါတယ်။ ဒီဥပဒေအရ ကလေးသူငယ်ကို အဓမ္မအလွဲသုံးစားမှုရှိနေတယ်လို့ သံသယဖြစ်လို့ရှိရင် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မဖြစ်မနေ တိုင်ကြားရမယ့် တာဝန်ရှိပါတယ်”

‘ကိုယ့်ကိုယ်ကိုယ် ရောဂါရအောင် ဖန်တီးတဲ့ စိတ်ရောဂါ’ရှင် အမျိုးသမီးတစ်ယောက်ကို ကျွန်တော်တွေ့ဖူးပါတယ်။ အသက် ၃၀ ပတ်ဝန်းကျင်ဖြစ်တယ်။ သူက သိုင်းရွိုက်ဟော်မုန်းဓာတ်များတဲ့ရောဂါ (Hyperthyroidism)လက္ခဏာနဲ့ ဆေးရုံတက်လိုက်၊ ဆင်းလိုက် အခြေအနေဖြစ်နေတယ်။ အချိန်အနည်းငယ်အတွင်း. . .

“ညအချိန်မတော်ဖြစ်နေတယ် ဒေါက်တာအုန်း”

“ဒီလိုဆိုရင် ရဲဌာနကို ဖုန်းဆက်ပါ။ အကျိုးအကြောင်းပြောပြ။ ကလေးရဲ ့လုံခြုံရေးအတွက် သူတို့က အရေးပေါ်စီမံကြည့်ရှုပေးနိုင်ပါတယ်။ နောက်နေ့တွေမှာ သက်ဆိုင်ရာဌာနက တောင်းဆိုလာရင် ကျွန်တော်တို့ဆေးခန်းမှာ တရားဝင်စစ်ဆေးပေးနိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ဒေါက်တာအုန်း။ ဆေးပညာဗဟုသုတအတွက် မေးချင်တာရှိပါတယ်”

“ရပါတယ်။ ဘာသိချင်လို့လဲ”

“ဒီကိစ္စမှာ ဒီဒီကို သူ့အမေက ရိုက်နှက်ညှင်းဆဲနေတာလည်း မဟုတ်ဘူး။ လိင်အဓမ္မပြုကျင့်မှုလည်း မဟုတ်ဘူး။ ကလေးရောဂါရရှိအောင် လုပ်ကြံနေသလိုပဲ”

“ကျွန်တော်စဉ်းစားမိပါတယ်။ ဒီဒီရဲ့အမေမှာ “ကိုယ်စားလှယ်ရောဂါရအောင် ဖန်တီးတဲ့ စိတ်ရောဂါ”( Factitious Disorder By Proxy) ရှိနေပုံရတယ်”

ဒေါက်တာစိုင်မွန်က မေးမြန်းပါတယ်။

“ကျွန်တော်ကြားဖူးတာက “ကိုယ့်ကိုယ်ကိုယ် ရောဂါရရှိအောင် ဖန်တီးတဲ့ စိတ်ရောဂါ (Factitious Disorder) ဒါမှမဟုတ်(Munchausen Syndrome)ကိုပါ။ ဒေါက်တာအုန်းပြောတာက ရောဂါတစ်မျိုးလား”

“ကိုယ့်ကိုယ်ကိုယ် ရောဂါရရှိအောင် ဖန်တီးတဲ့စိတ်ရောဂါ”ရဲ ့ အခြေခံအကြောင်းရင်းက လူနာက တခြားသူတွေရဲ ့ အာရုံစိုက်မှု၊ ဂရုစိုက်မှု၊ ကြင်နာသနားမှုကို ခံယူချင်တယ်။ ဒါကြောင့် သူတို့မှာ ရောဂါရရှိအောင် ဖန်တီးတာဖြစ်တယ်။ ‘ကိုယ်စားလှယ်ရောဂါရရှိအောင် ဖန်တီးတဲ့စိတ်ရောဂါ’မှာတော့ ဓားစားခံက လူနာမဟုတ်ဘူး။ လူနာရဲ့သားသမီး ဖြစ်နေတာပါ’

ဒေါက်တာစိုင်မွန်က တယ်လီဖုန်းထဲက တောင်းဆိုပါတယ်။

“အဲဒီရောဂါတွေအကြောင်း နည်းနည်းရှင်းပြပါ”

“ကိုယ့်ကိုယ်ကိုယ် ရောဂါရရှိအောင် ဖန်တီးတဲ့ စိတ်ရောဂါမှာ ပြုလုပ်တတ်တဲ့ အပြုအမူသုံးမျိုးရှိတယ်။ (က) ဆေးစစ်တဲ့အဖြေကို ပြောင်းလဲဖို့ ဖန်တီးခြင်း၊ ဥပမာ-ဆီးထဲမှာ သွေးစက်ချပြီး ဆီးစစ်ခိုင်းခြင်း။ (ခ) ရောဂါရရှိအောင် မိမိကိုယ်မိမိ အနာတရဖြစ်စေခြင်း၊ ဥပမာ-မိမိလက်ကို မီးလောင်အောင်လုပ်ခြင်း။ မသန့်ရှင်းတဲ့ အစားအစာကို စားခြင်း။ ရောဂါရရှိအောင် ဆေးတစ်မျိုးမျိုး သောက်ခြင်း။ (ဂ) နဂိုက ရှိပြီးရောဂါ ပိုမိုဆိုးရွားအောင် လုပ်ခြင်း။ ဥပမာ-အနာပိုမိုရင်းလာအောင် ဖဲ့ထုတ်ပွတ်တိုက်ခြင်းတို့ ဖြစ်ပါတယ်”

“အဲဒီလို ပြုမူတယ်လို့ သံသယရှိရင် တခြားဘယ်လိုအချက်အလက်တွေကို သတိထားစမ်းသပ် ကြည့်ရမလဲ”

“လူနာရဲ့ရောဂါရာဇဝင်နဲ့ ဆေးကုသမှုမှတ်တမ်းကို စုံစမ်းကြည့်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ရောဂါရရှိအောင် ဖန်တီးတဲ့စိတ်ရောဂါရှင်ရဲ့ ဆေးရာဇဝင်မှာတွေ့ရှိမယ့် အချက်အလက်တွေကို ပြောပြပါမယ်။ (၁) ဆေးရုံဆေးခန်းကို ရောဂါအမျိုးမျိုးနဲ့ မကြာခဏ လာရောက်စစ်ဆေးခြင်း၊ (၂) လုံလောက်တဲ့ အထောက်အထားမရှိဘဲ သူတို့က ပြင်းထန်ဆိုးရွားတဲ့ ရောဂါခံစားနေရတယ်လို့ ပြောဆိုခြင်း၊ (၃) ဓာတ်မှန်၊ သွေး၊ ဆီး စတဲ့စစ်ဆေးတွေ့ရှိချက်တွေနဲ့ လူနာပြောတဲ့ ရောဂါလက္ခဏာတွေက အပ်စပ်မှုမရှိခြင်း၊ (၄) ရောဂါလက္ခဏာတွေက မမျှော်လင့်ဘဲ ပိုမိုဆိုးရွားလာခြင်း၊ (၅) ဆေးပညာဗဟုသုတကြွယ်ဝနေခြင်း၊ (၆) သူတို့ပြောတဲ့ ရောဂါလက္ခဏာတွေက ဆေးစာအုပ်ကြီးထဲကလို ပြည့်ပြည့်စုံစုံရှိခြင်း။ လူနာက ရောဂါလက္ခဏာကို ညည်းတွားနေသလို မဟုတ်ဘဲ ရောဂါတစ်ခုရဲ ့ လက္ခဏာတွေကို စီကာပတ်ကုံး ပြောပြနေသလိုရှိခြင်း၊ (၇) ဆေးရုံ/ ဆေးခန်းကို တစ်ယောက်တည်းလာရောက်ပြသခြင်း၊ ကျန်းမာရေးဝန်ထမ်းတွေကို မိသားစုဝင်ဆွေမျိုးတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် မပေးခြင်း၊ (ဂ) နာကျင်မှုရှိတဲ့ အန္တရာယ်ရှိတဲ့ စစ်ဆေးစမ်းသပ်မှု၊ ခွဲစိတ်ကုသမှုကို အလွယ်တကူ လက်ခံခြင်း၊ တောင်းဆိုခြင်း၊ (၉) လူနာရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်မျိုးစုံတွေ့ရှိရခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်”

ဒေါက်တာစိုင်မွန်က မှတ်ချက်ချပါတယ်။

“အခုကိစ္စမှာတော့ ဒီဒီကို သူ့အမေက ရောဂါရရှိအောင် တမင်သက်သက် ကြံစည်နေသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဒီဒီ့အမေရဲ့ရောဂါကို “ကိုယ်စားလှယ်ရောဂါရအောင် ဖန်တီးတဲ့စိတ်ရောဂါ” (Factitious Disorder By Proxy)လို့ ယူဆနိုင်တာပေါ့”

“မှန်ပါတယ်”

“ဒီလိုရောဂါမျိုးက ဖြစ်ပွားမှုနှုန်းများလို့လား ဒေါက်တာအုန်း”

“တွေ့ရှိတာ နည်းပါးပါတယ်။ စိတ်ကျန်းမာရေးဆေးခန်းကို လာရောက်ပြသသူတစ်ရာမှာ တစ်ယောက်နှုန်း ရှိပါတယ်။ “ကိုယ့်ကိုယ်ကိုယ် ရောဂါရအောင် ဖန်တီးတဲ့ စိတ်ရောဂါ”ရှင် အမျိုးသမီးတစ်ယောက်ကို ကျွန်တော်တွေ့ဖူးပါတယ်။ အသက် ၃၀ ပတ်ဝန်းကျင်ဖြစ်တယ်။ သူက သိုင်းရွိုက်ဟော်မုန်းဓာတ် များတဲ့ရောဂါ(Hyperthyroidism) လက္ခဏာနဲ့ ဆေးရုံတက်လိုက်၊ ဆင်းလိုက် အခြေအနေဖြစ်နေတယ်။ အချိန်အနည်းငယ်အတွင်း ရောဂါတက်လိုက် ကျလိုက် ဖြစ်နေပါတယ်။ အသေအချာ လိုက်လံစုံစမ်းကြည့်တော့ လူနာက သိုင်းရွိုက်ဟော်မုန်းဆေးလုံးတွေကို ခိုးသောက်ပြီး ရောဂါဖန်တီးနေတာ တွေ့ရှိရတယ်။ စိတ်ကျန်းမာရေးစစ်ဆေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် ရောဂါရရှိအောင် ဖန်တီးတဲ့စိတ်ရောဂါ ခံစားနေရတာ တွေ့ရှိရတယ်။ “ကိုယ်စားလှယ်ရောဂါ ရရှိအောင် ဖန်တီးတဲ့စိတ်ရောဂါ” လူနာမျိုးတော့ မတွေ့ဖူးသေးပါဘူး”

“ပိုပြီး ရှားပါးလို့လား”

“အတိအကျ လေ့လာထားတာ မရှိဘူး။ ကလေးသူငယ်ကို အလွဲသုံးစားပြုမူမှု (Child Abuse) သုံးထောင်မှာ တစ်မှုက ကိုယ်စားလှယ်ရောဂါရရှိအောင် ဖန်တီးတဲ့ စိတ်ရောဂါလူနာက ကျူးလွန်တာဖြစ်ကြောင်း တွေ့ရှိတယ်”

ဒေါက်တာစိုင်မွန်က သုံးသပ်ဆွေးနွေးတယ်။

“ဒီဒီရဲ့အမေက သူ့သမီးကို ရောဂါရရှိအောင် လုပ်ကြံတယ်ဆိုတော့ မိခင်မေတ္တာကို ဆန့်ကျင်သလို ဖြစ်နေတာပေါ့”

‘ကိုယ့်ကိုယ်ကိုယ် ရောဂါရရှိအောင် ဖန်တီးတဲ့ စိတ်ရောဂါ’ လူနာမှာ စိတ်ခံစားမှု လိုအပ်ချက်ရှိနေတယ်။ တခြားသူရဲ ့ ပြုစုယုယမှုကို တောင့်တစိတ် ပြင်းပြနေတယ်။ အဲဒါ သူတို့ဘဝမှာ ‘မေတ္တာငတ်’ ခဲ့လို့ဖြစ်တာပါ။ ဒီလိုရောဂါရှိသူတွေထဲမှာ ငယ်စဉ်ဘဝက မိဘအုပ်ထိန်းသူ ပစ်ပယ်တာ ခံစားရခြင်း၊ ရိုက်နှက်ညှင်းဆဲတာ ခံရခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှုရှိခြင်း စတဲ့ အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ခဲ့ရတာ များပြားပါတယ်။

ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းရောဂါ၊ စိတ်ကျရောဂါနဲ့ အရက်စွဲ မူးယစ်ဆေးစွဲရောဂါ ဖြစ်ပွားမှုလည်း ပူးတွဲတွေ့ရှိရပါတယ်။ တချို့ကတော့ စိတ္တဇရောဂါ (Psychosis) (ရူးသွပ်)ကြောင့် သားသမီးကို ရောဂါရရှိအောင် ဖန်တီးတဲ့ အပြုအမူတွေကို လုပ်ဆောင်တတ်ကြပါတယ်”

“ကျေးဇူးတင်ပါတယ်။ ဒီလိုဆိုရင် ဒီဒီကို အရေးပေါ်ဆေးခန်း ယာယီကုသဆောင်မှာ တစ်ညသိပ်ထားပေးမယ်။ မနက်ဖြန်ကျတော့ ကလေးသူငယ် စောင့်ရှောက်ရေးဌာနကို တရားဝင်သတင်းပို့ တိုင်ကြားလိုက်ပါမယ်။ သူ့အမေက လက်မခံရင် ရဲဌာနကို အကူအညီတောင်းလိုက်မယ်”

“ဒေါက်တာစိုင်မွန်ရဲ ့ အစီအစဉ်က သင့်တော်ပါတယ်။ ဒီဒီ့အမေက ဆေးရုံမှာ ဆက်နေဖို့လက်ခံမှာပါ။ သူ့အကြိုက်ပေါ့”

Most Popular

Healthy Life Ad
To Top