Healthy Life Ad
Q & A

သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ

—၊ ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—

အစဉ်အလာအရ သက်ကြီးရွယ်အို Elderly ဆိုတာ အသက် ၆၅ နှစ်အထက်ရှိသူတွေကို ကန့်သတ်ခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်။ ၆၅ နှစ်ကျော်ပေမယ့် လူငယ်တွေလို သွက်လက်ကျန်းမာနေသူတွေ အများအပြားရှိပါတယ်။ တချို ့နိုင်ငံ(ဂျပန်)မှာ အသက် ၇၅ နှစ်အထိ သွက်လက်ကျန်းမာနေကြသေးလို့ ၇၅ နှစ်အထက်ကိုသာ သက်ကြီးရွယ်အိုလို့ သတ်မှတ်သင့်ကြောင်းရေးထားတဲ့ စာတမ်းတစ်စောင်ကို လေ့လာမှတ်သားဖူးပါတယ်။ ဒါကြောင့် အသက် အရွယ်တစ်ခုကိုပဲ ပုံသေမသတ်မှတ်သင့်ကြောင်း ပြောကြားလိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ဆေးဝါးနဲ့ ရောဂါရှာဖွေရေးကိရိယာတွေ ခေတ်မီတိုးတက်လာတာနဲ့အမျှ Life expectancy ခေါ် လူတွေရဲ ့ပျမ်းမျှသက်တမ်းဟာ ပိုရှည်လာကြပြီ ဖြစ်ပါတယ်။ ထို့အတူပဲ ဆီးချိုရောဂါဖြစ်ပွားနှုန်းဟာလည်း ကမ္ဘာနဲ့ အဝှမ်းတဖြည်းဖြည်း များပြားလာပါတယ်။ ဒါကြောင့်လည်း အသက်ကြီးတဲ့သူတွေမှာ ဆီးချိုတွေ ပိုများလာပါတယ်။ အမေရိကန်နိုင်ငံက စစ်တမ်းများအရ အသက် ၆၀ ကျော်သူတွေရဲ ့ ၁၅% ဟာ ဆီးချိုရောဂါကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုလူနာတွေမှာ ဘာတွေထူးခြားမှုရှိသလဲ၊ သူတို့ကို ဘယ်လိုပိုပြီး ဂရုစိုက်ရမလဲဆိုတာကို ကျန်းမာရေးစောင့်ရှောက်သူတွေရော လူနာတွေကိုယ်တိုင်ပါ သိရှိထားဖို့ လိုအပ်ပါတယ်။

ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် (Glycemic Target Range) မတူညီခြင်း

ဆီးချိုရောဂါကို ကုသရာမှာ အရေးပါတဲ့ ၃ လ ပျမ်းမျှသွေးချို (HbA1c)ကို အဘိုးအဘွားတွေအတွက် တစ်ဦးချင်းအခြေအနေအရ Personalized glycemic target range ထားပြီး သတ်မှတ်ရပါတယ်။ တစ်ဦးချင်းအခြေအနေလို့ဆိုရာမှာ လူနာအဘိုးအဘွားတွေရဲ ့ အထွေထွေနဲ့ ဆီးချိုရောဂါရဲ ့ နောက်ဆက်တွဲရောဂါတွေ ရှိမရှိ၊ တခြားရောဂါတွေ ရှိမရှိ၊ ဦးနှောက်ရဲ ့စွမ်းဆောင်မှုအခြေအနေ၊ သွေးချိုအကျလွန်တာ (Hypoglycaemia) ဖြစ်ပွားလွယ်တဲ့ အခြေအနေ စတာတွေအားလုံးကို ထည့်သွင်းစဉ်းစားရပါတယ်။ ပုံမှန်သတ်မှတ်ထားတဲ့ HbA1c 7% ရရှိဖို့ အရမ်းကြိုးစားရင်း သွေးချိုအကျလွန်ပြီး အသက်တိုရကိန်း ရှိနိုင်ပါတယ်။ ဒါကြောင့်အမေရိကန် ဆီးချိုဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ American Diabetes Association (ADA) က နာတာရှည်ရောဂါ ကြီးကြီးမားမားမရှိတဲ့ ကျန်းမာရေးပုံမှန်အခြေအနေရှိသူ အဘိုးအဘွားတွေအတွက် HbA1c ကို ၇.၅% ရအောင်သာ ထိန်းသိမ်းကုသစေဖို့ သတ်မှတ်ထားပါတယ်။ နာတာရှည်ရောဂါကြောင့် ကျန်းမာရေးချို ့တဲ့သူ အဘိုးအဘွားတွေမှာတော့ HbA1c ကို 8% မှ 8.5% လောက်ရရင် သင့်တော်တယ်လို့ ဆိုပါတယ်။ တစ်ဦးချင်းစီရဲ ့ အခြေအနေကြည့်ပြီး လူနာနဲ့သင့်တော်မယ့် Target HbA1c ကို သတ်မှတ်ပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

“အဘိုးအဘွားတွေရဲ ့ ဆီးချိုကို ကုသမှုပေးရာမှာလည်း လူနာနဲ့သင့်တော်မယ့် ဘေးအကင်းဆုံးကုသနည်းကို စဉ်းစားရွေးချယ်ရပြန်ပါတယ်။ ကုထုံးရွေးချယ်ရာမှာ လူနာတစ်ဦးချင်းစီရဲ ့ ရောဂါအခြေအနေနဲ့ မိသားစုနောက်ခံအခြေအနေတွေကို ချင့်ချိန်စဉ်းစားပြီး ဆုံးဖြတ်ရပါမယ်။ ဦးနှောက်ရဲ ့ အထွေထွေစွမ်းဆောင်ရည်တွေ ကောင်း၊ မကောင်း ထည့်သွင်းစဉ်းစားရပါမယ်။”

ဆီးချိုကုထုံးများ (Glycemic Management) ရွေးချယ်ရာတွင် စဉ်းစားရမည့်အချက်များ

အဘိုးအဘွားတွေရဲ ့ ဆီးချိုကို ကုသမှုပေးရာမှာလည်း လူနာနဲ့သင့်တော်မယ့် ဘေးအကင်းဆုံး ကုသနည်းကို စဉ်းစားရွေးချယ်ရပြန်ပါတယ်။ ကုထုံးရွေးချယ်ရာမှာ လူနာတစ်ဦးချင်းစီရဲ ့ ရောဂါအခြေအနေနဲ့ မိသားစုနောက်ခံအခြေအနေတွေကို ချင့်ချိန်စဉ်းစားပြီး ဆုံးဖြတ်ရပါမယ်။

ဦးနှောက်ရဲ ့ အထွေထွေစွမ်းဆောင်ရည်တွေ ကောင်း၊ မကောင်း ထည့်သွင်းစဉ်းစားရပါမယ်။ Neurocognitive dysfunction ရှိလို့ သတိမေ့တတ်ပြီး မှတ်ဉာဏ်မကောင်းတော့တာ၊ သူငယ်ပြန်တာတွေရှိတဲ့ အဘိုးအဘွားလူနာတွေကို ကုသမှုနည်းလမ်း ရွေးချယ်ရာမှာ တတ်နိုင်သမျှ ရိုးရှင်းပြီး ဘေးအန္တရာယ်ကင်းတဲ့ ကုထုံးမျိုး၊ ဆေးထိုးဆေးသောက်ရတဲ့ အကြိမ်ရေနည်းတဲ့ ကုထုံးမျိုးနဲ့ ကုသမှုပေးသင့်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ လူနာရဲ ့ပတ်ဝန်းကျင်၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ(Social and Psychological issues) တွေပဲဖြစ်ပါတယ်။ ငွေကြေးပံ့ပိုးပေးမယ့်သူ၊ အနီးကပ်ပြုစုပေးမယ့်သူရှိသလား၊ လူနာက ဆေးမှန်မှန်သောက်လိုစိတ်ရှိသလား၊ စိတ်ဓာတ်ကျနေခြင်း ရှိသလား စတဲ့အချက်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။

ဒါတွေအပြင် ဆီးချိုရောဂါနဲ့အတူ ပူးတွဲပါလာမယ့် ရောဂါတွေအပေါ်လည်းကြည့်ပြီး ဆုံးဖြတ်ရပါတယ်။ လူနာအဘိုးအဘွားတွေမှာ အသက်အရွယ်အရ ကျောက်ကပ်စွမ်းရည် နည်းလာတာကို သတိပြုရမယ့်အပြင် ပူးတွဲဖြစ်နေတဲ့ တခြားရောဂါတွေနဲ့ ဆီးချိုရဲ ့ နောက်ဆက်တွဲပြဿနာတွေ ရှိမရှိပေါ်မူတည်ပြီး ကုထုံးကို ရွေးချယ်ရပါမယ်။

Hypoglycemia သွေးချိုအကျလွန်ခြင်း ဘေးအန္တရာယ်များနိုင်သူတွေအတွက် အထူးစဉ်းစားပြီးမှ ကုထုံးကို ရွေးချယ်ရပါမယ်။ သက်ကြီးရွယ်အို အဘိုးအဘွားတွေမှာ ဒီလိုသွေးချိုအကျလွန်ခြင်း ပြဿနာတွေ ပိုပြီးအဖြစ်များပါတယ်။ ပိုပြီးလည်း ဆိုးရွားတတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ သွေးချိုအကျလွန်တဲ့အခါ ခံစားရတဲ့ ရင်တုန်တာ၊ ချွေးစေးပြန်ပြီး ကတုန်ကယင်ဖြစ်တာ၊ ဗိုက်ဆာတာ စတဲ့ လက္ခဏာတွေဟာ သက်ကြီးရွယ်အို အဘိုးအဘွားတွေမှာ လျော့နည်းသွားတဲ့အတွက် ဖြစ်ပါတယ်။ သတိပေးတဲ့လက္ခဏာမရှိဘဲ သွေးတွင်းအချိုဓာတ်တွေ ဆက်ကျသွားပြီး သတိလစ်ကာ လေဖြတ်သလို ဖြစ်တတ်ပါတယ်။ အချိန်မီမကုသနိုင်ရင် အသက်သေဆုံးနိုင်တာအထိ ရှိတတ်ပါတယ်။ Hypoglycemia သွေးချိုကျစဉ်မှာ မူလကရှိနေပြီးဖြစ်တဲ့ သွေးကြောကျဉ်းရောဂါကြောင့် နှလုံးဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်း (cardiovascular events) တွေ ပေါ်ပေါက်တတ်ပါတယ်။ ဒါကြောင့် ကုထုံးရွေးချယ်ရာမှာ သွေးချိုအကျလွန်ခြင်းဖြစ်စေတတ်တဲ့ ကုထုံးနဲ့ဆေးဝါးမျိုးကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ ဘယ်ဆီးချိုဆေးတွေကို ဘယ်လိုရွေးချယ်သင့်သလဲ ဆက်ပြောပြပါမယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top