Healthy Life Ad
Life Style

မိတ်ကပ်ပညာရှင်တို့၏ ငွေကုန်ကြေးကျနည်းသော အလှပြင်နည်းများ

———၊ လရိပ်မေ ၊———

မိတ်ကပ်ပညာရှင်တို့ သုံးလေ့ရှိတဲ့ ငွေကုန်ကြေးကျနည်းတဲ့ အလှပြင်နည်းတွေကို အကြံပြုပါရစေ။

(၁) မိတ်ကပ်ဘရပ်ရှ်ဖွာနေလျှင် အသစ်လဲပါ

မိတ်ကပ်ဘရပ်ရှ်တွေကို ရှမ်ပူ ဒါမှမဟုတ် ပန်းကန်ဆေးဆပ်ပြာနဲ့ ပုံမှန်ဆေးကြောပါ။ ပြီးရင် စက္ကူပဝါစတစ်ခုပေါ်မှာ အပြားလိုက်ချပြီး ခြောက်အောင်ထားပါ။ တကယ်လို့ မိတ်ကပ်ဘရပ်ရှ်က ဟောင်းနွမ်းစုတ်ဖွာနေရင် အသစ်လဲပါ။ ဟောင်းနွမ်းနေတဲ့ ဘရပ်ရှ်တွေကြောင့် မိတ်ကပ်ပိုကုန်သလို မိတ်ကပ်လိမ်းရတာလည်း အဆင်မပြေနိုင်ပါဘူး။

(၂) မိတ်ကပ်ကို ထပ်မလိမ်းသင့်ပါ

နေ့လယ်ပိုင်းမှာ မိတ်ကပ်ပျက်သွားရင် မိတ်ကပ်တွေကို ထပ်ပြီးမလိမ်းပါနဲ့။ လိမ်းထားတဲ့မိတ်ကပ်တွေကို တိုနာပက်ဖျန်းပြီး တစ်သျှူးစနဲ့ သုတ်ဖျက်လိုက်ပါ။ ပြီးမှ ပေါင်ဒါမှုန့် လိမ်းပေးပါ။

(၃) နှုတ်ခမ်းနီမဆိုးမီ ပြင်ဆင်ပါ

နှုတ်ခမ်းနီမဆိုးခင် အညိုရောင်သကြား၊ သံလွင်ဆီတို့ ဆတူရောပြီး နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားကို ညင်ညင်သာသာ နှိပ်နယ်ပြီး တစ်ရှူးစနဲ့ သုတ်ပါ။ ပြီးရင် နှုတ်ခမ်းနီဆိုးလို့ရပါပြီ။

(၄) ကြေးနီရောင်သမ်းသော ဖောင်ဒေးရှင်းသုံးပါ

မျက်နှာ လင်းလက်တောက်ပနေစေဖို့ ကြေးနီရောင်သမ်းတဲ့ ဖောင်ဒေးရှင်းမိတ်ကပ်ကို လိမ်းပေးပါ။

(၅) ပေါင်ဒါမလိမ်းပါနှင့်

ပူပြင်းတဲ့နေ့တွေမှာ အပြင်သွားရင် မိတ်ကပ်လိမ်းထားတဲ့ မျက်နှာပေါ် ပေါင်ဒါမရိုက်ပါနဲ့။ အဆီစုပ်စက္ကူနဲ့ မျက်နှာပေါ်က အဆီပိုတွေကို အရင်သုတ်ပြီးမှ ပေါင်ဒါလိမ်းပါ။

(၆) နှုတ်ခမ်းနီ ကြာကြာခံစေမည့် နည်းသုံးပါ

နှုတ်ခမ်းနီဆိုးပြီး ကြာကြာခံစေဖို့ တစ်သျှူးစထဲ ပေါင်ဒါမှုန့်အနည်းငယ်ထည့်ကာ ခေါက်လိုက်ပါ။ ပြီးရင် နှုတ်ခမ်းနှစ်လွှာပေါ်မှာ ညင်ညင်သာသာ ဖိလိုက်ပါ။

(၇) မိတ်ကပ်ဖျက်ဆေးအဖြစ် ဗက်ဆလင်းကို သုံးပါ

တစ်နေ့တာ အလုပ်ကိစ္စပြီးဆုံးလို့ အိမ်ပြန်ရောက်ချိန်မှာ မျက်ဝန်းမိတ်ကပ်တွေ သန့်စင်ဖို့ ဗက်ဆလင်းအလှဆီကိုသုံးပါ။ တစ်ရှူးပဝါကို ရေဆွတ်ပြီး မျက်နှာကို သန့်စင်ပေးပါ။

Most Popular

Healthy Life Ad
To Top