Healthy Life Ad
Q & A

ဆီးချိုသမား . .ကြားဖူးတာတွေမှန်ရဲ ့လား . . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဆီးချိုရှိသူတွေက ကြက်သားနဲ့ သံပရာသီးအများကြီးနဲ့ ပေါင်းစားရင် ဆီးချိုကျတယ်၊ ဆေးသောက်စရာတောင် မလိုကြဘူးလို့ ဖေ့စ်ဘွတ်မှာ တင်ထားကြပါတယ်။ အဲဒါက မှန်ပါသလား။

A. ဒါမျိုးတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်မှာလည်း အများကြီးရှိပါတယ်။ တစ်ယောက်စကား တစ်ယောက်နားပေါ့။ ဒါတွေက မှန်လား၊ မှားလားဆိုတာ သုတေသနစာတမ်းတွေရှိပါသလား။ ဆရာတို့ လက်တွေ့ကျင့်သုံးတာက Evidance based medicine ပဲ။ သုတေသနစာတမ်းတွေ ရှိသလားဆိုတာ လိုက်ကြည့်ပြီးမှ တိကျသေချာခိုင်မာတဲ့ သုတေသနစာတမ်းရှိဖို့ လိုပါတယ်။ လူတစ်ယောက်ချင်းရဲ့ ထင်မြင်ချက်နဲ့ ပြောတာက မမှန်နိုင်ပါဘူး။ သူ့အမြင်၊ အယူအဆနဲ့ ပြောတာဖြစ်လို့ပါ။ ဆရာဝန်တွေမှာတောင် ကိုယ့်တစ်ယောက်ချင်းအတွေ့အကြုံနဲ့ပြောတာက Evidance based medicine မှာ အနိမ့်ဆုံးဖြစ်ပါတယ်။ တကယ်သေချာချင်ရင် ဆီးချိုရှိသူတစ်ဖွဲ့ကို ကြက်သားနဲ့ သံပရာပေါင်းကျွေးမယ်၊ နောက်ဆီးချိုရှိတဲ့တစ်ဖွဲ့ကို ကြက်သားနဲ့ သံပရာပေါင်းမကျွေးဘူး။ သုံးလကြာမှ ပြန်စစ်ကြည့်မယ်။ အဲဒီလို သုတေသန အခိုင်အမာရှိဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကို နားမလည်ပါဘူး၊ မသိပါဘူး။ ကြက်သားနဲ့ သံပရာပေါင်းစားတာကြောင့် ဆီးချိုကျတယ်ဆိုတာ မဖတ်ဖူးပါဘူး။ လူတွေက ဒါတွေကို လိုက်ဖတ်နေမယ့်အစား Evidance based medicine လို့ခေါ်တဲ့ သုတေသနစာတမ်းတွေအရ ခိုင်မာတဲ့ ဆေးတွေကိုပဲ သောက်သုံးသင့်ပါတယ်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ လိုက်လုပ်တာက ကိုယ့်အတွက် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် အထင်နဲ့ လျှောက်မလုပ်ဖို့ အကြံပေးပါရစေ။

Q. ဆီးချိုသမားတွေက ဆီးချိုထိန်းနိုင်ပြီဆိုရင် ဆေးတွေအကုန်လုံးကိုရပ်ပြီး အားဆေးပဲ သောက်တတ်ကြတယ်။ ဒါကကော လုပ်သင့်ပါသလား ဆရာ။

“ဆရာဝန်တွေမှာတောင် ကိုယ့်တစ်ယောက်ချင်း အတွေ့အကြုံနဲ့ပြောတာက Evidance based medicine မှာ အနိမ့်ဆုံးဖြစ်ပါတယ်။ တကယ်သေချာချင်ရင် ဆီးချိုရှိသူတွေကို ကြက်သားနဲ့ သံပရာပေါင်းကျွေးမယ်၊ နောက်ဆီးချိုရှိတဲ့တစ်ဖွဲ့ကို ကြက်သားနဲ့ သံပရာပေါင်းမကျွေးဘူး။ သုံးလကြာမှ ပြန်စစ်ကြည့်မယ်။ အဲဒီလို သုတေသန အခိုင်အမာရှိဖို့ လိုပါတယ်။”

A. ဒါလည်း မှားနည်းတစ်မျိုးပါပဲ။ လက်ရှိမှာ ဆီးချိုသွေးချိုကုတဲ့အခါ အစားအသောက်၊ အနေအထိုင်၊ လေ့ကျင့်ခန်းနဲ့ ကုတာရှိတယ်။ သောက်ဆေးနဲ့ ကုတာရှိတယ်။ ထိုးဆေးနဲ့ ကုတာရှိတယ်။ သုံးဆင့်ရှိတာပေါ့။ အစားအသောက်၊ အနေအထိုင်၊ လေ့ကျင့်ခန်းနဲ့ ကုတာကတော့ အဆင့်တိုင်းမှာပါတယ်။ နုကာစမှာဖြစ်ရင် အစားအသောက် ဆင်ခြင်လိုက်တယ်၊ လေ့ကျင့်ခန်းလည်း ကောင်းကောင်းလုပ်တယ်ဆိုရင် လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ထဲ ဝင်နေတယ်။ အဲဒီမှာ ဆေးဖြုတ်ကြည့်လိုက်တော့ အစားအသောက် အနေအထိုင် လေ့ကျင့်ခန်းနဲ့ ထိန်းပြီး ဆက်နေတဲ့အခါ ဆီးချိုမတက်ရင်ရပါတယ်။ ဒါပေမဲ့ ဆီးချိုပြန်တက်လာရင်တော့ ဆေးကို ပြန်သောက်ရမှာပဲ ဖြစ်ပါတယ်။ ၈၀ ရာခိုင်နှုန်းကတော့ သောက်ဆေးမပါဘဲ ထိန်းလို့မရပါဘူး။ ဒါကြောင့် ဆေးဖြုတ်မယ်ဆိုရင်တော့ ပြန်ပြန်စစ်မယ်၊ တကယ်ကိုကျနေတာ၊ အစားအသောက် အနေအထိုင် လေ့ကျင့်ခန်းနဲ့ ထိန်းလို့ရတယ်ဆိုရင်တော့ ဆေးဖြုတ်လို့ရပါတယ်။ ဒါပေမဲ့ ဆီးချိုပြန်တက်လာတယ်၊ မနက်အစာကြီးစစ်လိုက်လို့ ၁၃၀ ကျော်နေတယ်၊ ထမင်းစားပြီး နှစ်နာရီမှာစစ်လိုက်လို့ ၁၈၀ ကျော်နေပြီ၊ ဘယ်အချိန်စစ်စစ် ၂၀ဝ ကျော်နေပြီ၊ သုံးလတစ်ခါ HBA1c စစ်လို့ ၇ ကျော်နေပြီဆိုရင် အစားအသောက်နဲ့ ထိန်းလို့မရတော့ပါဘူး။ ဆေးက ပြန်သောက်ရမှာပဲ ဖြစ်ပါတယ်။

Q. ဆီးချိုရှိရင် မိသားစုအားလုံးစားတဲ့ အစားအသောက်တွေကို တဝိုင်းတည်း အတူစားလို့မရဘူးလို့ ဆိုကြပါတယ်။ ဟုတ်ပါသလား။

A. ဒါက ခွဲခြားမှုတစ်ခုပါ။ ဆီးချိုက ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါဘူး။ မကူးစက်တတ်တဲ့ရောဂါပါ။ ဆီးချိုသမား ကိုယ့်ထမင်းယူစားလည်း ဘာမှမဖြစ်ပါဘူး။ ဆီးချိုသမားက သူ့သွေးတွင်းသကြားဓာတ် ပမာဏ သူ့ဘာသာသိပြီး စားတဲ့ပမာဏကို ဆင်ခြင်ရင်ရပါတယ်။ ဆီးချိုသမားသီးသန့် အစားအသောက်လည်း မရှိပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားသောက်ပြီး ကျန်းမာရေးနဲ့အညီ နေထိုင်ရင်ရပါတယ်။

Q. ဆီးချိုရှိသူတွေက သကြားလုံး၊ အချိုရည်တွေကို ဆောင်ထားကြပြီး မူးသွားတဲ့အခါ အဲဒါတွေကို ပြန်စားရင် ကောင်းတယ်လို့ ဆိုကြတယ်။ အဲဒါကကော မှန်ပါသလား။

A. ဆီးချိုသမားတွေကို ကုတိုင်းကုတိုင်း ဆီးချိုတက်ရင် ဘယ်လိုလုပ်ရမလဲ၊ ဆီးချိုကျရင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးပါတယ်။ လူတစ်ယောက်က ဆီးချိုကျရင် မူးမယ်၊ ချွေးစေးတွေ အရမ်းပြန်လာမယ်၊ ရင်တုန်မယ်၊ ကတုန်ကယင်ဖြစ်မယ်၊ ကြာရင် သတိလစ်မယ်၊ အဲဒါဆိုရင် အနီးအနားမှာ ဆီးချိုဖောက်တဲ့ စက်ရှိရင် ဖောက်ကြည့်လိုက်ပါ။ တချို ့က ၇၀ အောက်၊ တချို့က ၅၄ အောက်လောက်အထိ ပြုတ်ကျသွားတယ်ဆိုရင် ဆီးချိုက တကယ်ကျသွားပါတယ်။ အချိုရည်သောက်လိုက်ပါ ဒါမှမဟုတ် သကြားလုံးစားလိုက်ပါ။ ဒါဆို ချက်ချင်း ပြန်ကောင်းသွားပါတယ်။ လက္ခဏာရှိတယ်၊ ဖောက်စစ်တော့လည်း တကယ်ကျနေတယ်၊ အချို ချက်ချင်း စားလိုက်တယ်၊ ချက်ချင်း ပြန်ကောင်းသွားတယ်။ ဒါက ဆီးချိုကျတဲ့ လက္ခဏာပါ။ Hypoglycaemia လို့ ခေါ်ပါတယ်။ ဖောက်စစ်ဖို့ စက်မပါသွားရင်တော့ မတတ်နိုင်ဘူး။ အချိုရည်သာ သောက်လိုက်တော့လို့ မှာရပါတယ်။ ခဏခဏဖြစ်တာလား၊ တစ်ခါတစ်ရံ ဖြစ်တာလားဆိုတာ မေးရပါတယ်။ ခဏခဏဖြစ်ရင်တော့ လက်ရှိသောက်နေတဲ့ ဆေးတွေကို စစ်ဖို့လိုလာပြီ။ ကျောက်ကပ်စစ်ဖို့ လိုလာပြီ။ ကျောက်ကပ်ထိတဲ့လူနာတွေမှာ ဆီးချိုခဏခဏကျတတ်တယ်၊ အသည်းထိတဲ့လူနာတွေမှာ ဆီးချိုခဏခဏ ကျတတ်တဲ့အတွက် စစ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top