Healthy Life Ad
Health Tips

အသက်ကြီးသူများ လေ့ကျင့်ခန်းလုပ်သင့်သည့် အကြောင်းများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အရင်တုန်းက လေ့ကျင့်ခန်းလုပ်တယ်ဆိုတာကို ငယ်ရွယ်သူတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ခဲ့ကြပါတယ်။ အသက်ကြီးသူတွေအနေနဲ့ ငယ်ရွယ်သူတွေလို ကြွက်သားထုထည်အားကောင်းဖို့၊ ခွန်အားရှိဖို့ မလိုအပ်ဘူးလို့ ယူဆခဲ့တာတွေလည်း ရှိပါရဲ ့။ ဟားဗတ်လေ့လာမှုတွေက အရင်ကရှိခဲ့တဲ့ အယူအဆတွေကို ဖယ်ခွာလိုက်ဖို့ သုတေသီတွေရဲ ့ လေ့လာတွေ့ရှိချက်ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

• အသက် ၅၀ ကျော်အရွယ်တွေ လေ့ကျင့်ခန်းလုပ်ပေးတာက ကျန်းမာရေးကို ကောင်းမွန်နေစေပါတယ်။ လူတွေက အသက်ကြီးလာတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲယိုယွင်းမှုတွေ ဖြစ်လာပါတယ်။ လေ့ကျင့်ခန်းဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ ပြောင်းလဲယိုယွင်းမှုတွေကို နှေးကွေးသွားစေတာ ဒါမှမဟုတ် ယိုယွင်းမှုမဖြစ်အောင် ထိန်းထားပေးနိုင်တာကြောင့် အသက်ကြီးသူတွေအနေနဲ့ လေ့ကျင့်ခန်းကို လုပ်ပေးသင့်တာဖြစ်ပါတယ်။

• အသက်ကြီးလာချိန်မှာ ဇီဝရုပ်ဖြစ်ပျက်မှု နှေးလာတာကြောင့် အဆီတွေစုလာပါတယ်။ သွေးကြောတွေကလည်း မာကြောကျဉ်းမြောင်းလာပြီး သွေးတိုးတာတွေ ဖြစ်လာပါတော့တယ်။ အရိုးတွေက ပိုမိုပါးလာပြီး ကြွတ်ဆတ်လာတာကြောင့် အရိုးပါးရောဂါလည်း ရလာနိုင်ပါတယ်။ ကြွက်သားနဲ့ အရေပြားတွေကလည်း ငယ်ရွယ်စဉ်ကလို တင်းအားမရှိတော့ပါဘူး။

• အသက်ကြီးချိန်မှာ ပုံမှန်ဖြစ်စဉ်အရ ပြောင်းလဲယိုယွင်းမှုတွေကို ဟန့်တားနိုင်ဖို့ ပုံမှန်လေ့ကျင့်ခန်းတစ်ခုကို လုပ်ဆောင်ပေးသင့်ပါတယ်။ အမေရိကန် အားကစားဆေးပညာကောလိပ်ရဲ ့ လေ့လာမှုအရ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ တောင်တက်တာလို အောက်ဆီဂျင်ရရှိမှုများပြီး သွေးလှည့်ပတ်မှုကောင်းစေတဲ့ လေ့ကျင့်ခန်းကို တစ်နေ့မှာ ၁၅-၆၀ မိနစ်နဲ့ တစ်ပတ်မှာ ရက်အနည်းငယ်ခန့် ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။

• နှလုံးသွေးကြောတွေ ကျန်းမာနေအောင် တစ်နေ့မှာ မိနစ် ၃၀ ဒါမှမဟုတ် ၁၀မိနစ် သုံးကြိမ်စီ လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ အသက်ကြီးသူတွေအနေနဲ့ နေရာတစ်နေရာတည်းမှာပဲ ရွရွပြေးတာ၊ ရေကူးတာ၊ ကခုန်တာ စတဲ့ လေ့ကျင့်ခန်းတွေထဲက ကြိုက်တာကို ရွေးပြီး လုပ်ပေးနိုင်ပါတယ်။ ဒါဆိုရင် နှလုံးနဲ့သွေးကြောတွေ ကျန်းမာနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

• အလေးမလေ့ကျင့်ခန်းတွေဟာလည်း ကြွက်သားတွေကို တင်းရင်းစေပြီး ကိုယ်အလေးချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို သင့်တော်တဲ့ အဆင့်မှာပဲ ထိန်းထားပေးနိုင်ပါတယ်။ ဟန်ချက်ညီစေတဲ့ လေ့ကျင့်ခန်းလည်းဖြစ်တာကြောင့် ခြေထောက်ကြွက်သားတွေကို ကောင်းကောင်းသန်စွမ်းစေပြီး အဆစ်တွေကို ကောင်းမွန်စွာထောက်ပံ့ပေးနိုင်ကာ လဲကျနိုင်ခြေ နည်းစေပါတယ်။ (အမျိုးသားကျန်းမာရေး တက္ကသိုလ်ရဲ ့ လေ့လာမှုတစ်ရပ်အရ တစ်နှစ်မှာ ဆေးရုံတက်ရသူတွေရဲ ့ သုံးသိန်းကျော်ဟာ တင်ပဆုံရိုးကျိုးတာကြောင့်ဖြစ်ပြီး အများစုဟာ လဲကျတဲ့ အသက်ကြီးသူတွေဖြစ်တယ်လို့ သိရပါတယ်။)

• အကြောလျှော့တဲ့ လေ့ကျင့်ခန်းတွေကလည်း ကြွက်သားတွေကို သန်စွမ်းစေပြီး အဆစ်တွေကို ချောမွေ့စေပါတယ်။ ခန္ဓာကိုယ်ကို ဟန်ချက်ညီစေကာ လှုပ်ရှားမှုကို အကောင်းဆုံးဖြစ်နေစေပါတယ်။ နေ့စဉ်လှုပ်ရှားမှုနဲ ့ လေ့ကျင့်ခန်းလုပ်ချိန် အတောအတွင်းမှာ ကောင်းကောင်းလှုပ်ရှားနိုင်ဖို့နဲ့ နာကျင်ကိုက်ခဲမှု လျော့နည်းစေဖို့ အကြောလျှော့လေ့ကျင့်ခန်းက ကူညီပေးနိုင်ပါတယ်။

• သက်လုံကောင်းအောင် လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတွေက နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေသလို ကြွက်သားတွေကိုလည်း တောင့်တင်းခိုင်မာစေပါတယ်။ အဆစ်တွေကို လွတ်လွတ်လပ်လပ်လှုပ်ရှားစေနိုင်ကာ ခန္ဓာကိုယ်စနစ်တွေရဲ ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေက စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေဖြစ်လို့ သက်ရှည်ကျန်းမာရေးနဲ့ စိတ်ချမ်းသာ ပျော်ရွှင်ရေးတို့အတွက် အရေးပါနေပါတယ်။

• လေ့ကျင့်ခန်းကို ပုံမှန်လုပ်တဲ့ သက်ကြီးသူတွေမှာ အင်ဆူလင်ကို မမှီခိုတဲ့ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ နည်းပါတယ်။ နှလုံးရောဂါအမျိုးအစားတချို ့လည်း ဖြစ်နှုန်းနည်းပါတယ်။

• အသက်ကြီးသူတွေမှာ လေ့ကျင့်ခန်းကို ပုံမှန်နဲ့ အသင့်အတင့် လုပ်ပေးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဓာတ်ကျဝေဒနာ ကင်းဝေးသွားတာကြောင့်ပါ။ အပေါင်းအသင်းတွေစုပြီး လေ့ကျင့်ခန်းလုပ်တဲ့ အသက်ကြီးသူတွေဟာ စိတ်ပျော်ရွှင်မှုကို ပိုမိုရရှိပါတယ်။

• အသက်ကြီးသူတွေအနေနဲ့ လေ့ကျင့်ခန်းမလုပ်ခင်မှာ မိသားစုဆရာဝန် ဒါမှမဟုတ် အားကစားနည်းပြတစ်ဦးဦးနဲ့ တိုင်ပင်ဖို့လိုပါတယ်။ အထူးသဖြင့် အရင်က လေ့ကျင့်ခန်းလုပ်ခဲ့ဖူးသူ မဟုတ်ရင် လေ့ကျင့်ခန်းကို စတင်လုပ်ချိန်မှာ ဖြည်းဖြည်းပဲ စတင်ပါ။ တဖြည်းဖြည်းနဲ့ ကိုယ်ရဲ ့လုပ်ဆောင်နိုင်စွမ်းအားကို တိုးမြှင့်သွားသင့်ပါတယ်။

• တကယ်လို့ သင့်မှာ အခြေခံရောဂါတစ်ခုခုရှိနေရင် သင်နဲ့သင်တော်တဲ့ လေ့ကျင့်ခန်း(ဥပမာ- လမ်းလျှောက်ခြင်း)ကို မေးမြန်းဆွေးနွေးပါ။

ကြာရှည်လှုပ်ရှားမှုနည်းတဲ့ ဘဝနေထိုင်မှုပုံစံမှာ နေထိုင်တာထက် အသင့်အတင့်လှုပ်ရှားမှုကို လုပ်ဆောင်ပေးတာက လူ့ခန္ဓာကိုယ်ရဲ ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပြီး သက်ရှည်ကျန်းမာစေပါတယ်။

Most Popular

Healthy Life Ad
To Top