Healthy Life Ad
Health Tips

သင့်ခင်ပွန်းကို ကျွေးသင့်သည့် အစားအသောက် ၁၀မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အမျိုးသားတွေအနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းနေဖို့အတွက် အမျှင်ဓာတ်များစွာပါဝင်ပြီး အဆီနည်းတဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့်အစာတွေကိုပဲ ဖြစ်သလို စားကြတာများပါတယ်။ အစားအသောက်ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေမြင့်တက်လာပါတယ်။ ဒီလိုမဖြစ်စေဖို့ဆိုရင် ဇနီးသည်တွေက ဂရုစိုက်ပေးသင့်တာကြောင့် အမျိုးသားတွေ ကျန်းမာသက်ရှည်ဖို့အတွက် အောက်ပါအစားအသောက်တွေကို ကျွေးဖို့လိုပါတယ်။

(၁) ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အသင့်တော်ဆုံးနံနက်စာက ဂျုံမှုန့်အကြမ်းနဲ့လုပ်ထားတဲ့ မုန့်(Oatmeal Snack)နဲ့ ကွေကာ(Oatmeal Cereal)တို့ပဲဖြစ်ပါတယ်။ ဂျုံမှုန့်အကြမ်းပါတဲ့ နံနက်စာတစ်ကြိမ်စားရင် အမျှင်ဓာတ်များများပါဝင်ပြီး ဗိုက်ပြည့်စေကာ သွေးတွင်းသကြားဓာတ် ဟန်ချက်ညီနေပါလိမ့်မယ်။ သွေးတွင်းကိုလက်စထရောအဆီ လျော့ကျပါလိမ့်မယ်။

ဂျုံမှုန့်အကြမ်းတွေမှာ ခုခံအားစနစ်ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှုကို တွန်းလှန်ပေးမယ့် ဗီတာမင်ဘီအုပ်စုနဲ့ အင်တီအောက်ဆီးဒင့် ပေါများစွာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ များစွာပါဝင်ပါတယ်။

alignnone size-medium wp-image-62809
(၂) ငှက်ပျောသီး

အခွံခွာထားတဲ့ ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ကြွက်သားကြွက်တက်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ ငှက်ပျောသီးစားရင် အဆစ်နဲ့ ကြွက်သားတွေကို နာကျင်မှုကင်းစေပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ရောင်ရမ်းမှုကို လျော့ကျစေမယ့် အာနိသင်များပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ် ပါဝင်တာကြောင့် လေဖြတ်ဝေဒနာကို လျော့ကျစေပါတယ်။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ဆီးကျိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးက အမျိုးသားတွေအတွက် ကောင်းမွန်စေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်လိုင်ကိုပင်းပါဝင်လို့ပါ။ အစွမ်းထက် ကာရိုတီးနွိုက်ပါဝင်တာကြောင့် ခရမ်းချဉ်သီးအရောင် နီမြန်းရတာဖြစ်ပြီး အမျိုးသားတစ်ဦးရဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ အထိရောက်ဆုံး အာနိသင်ရဖို့အတွက် မစားခင်မှာ ခရမ်းချဉ်သီးကို ချက်ပြီးစားသင့်ပါတယ်။ ချက်ပြီး ခရမ်းချဉ်သီးဟင်းမှာပါတဲ့ လိုင်ကိုပင်းကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်ပါတယ်။

(၄) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ ဖရီးရယ်ဒီကယ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် အိုမင်းမှုနဲ့ တစ်သျှူးထိခိုက်မှုကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) သီဟိုဠ်စေ့

သီဟိုဠ်စေ့မှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင်အီးတို့ ပါဝင်တာကြောင့် ဆီးကျိတ်ကိုကာကွယ်ပေးနိုင်ပါတယ်။ သီဟိုဠ်စေ့မှာ အပင်ထွက်အိုမီဂါ ၃ ဖက်တီးအက်စစ် ကောင်းမွန်စွာ ပါဝင်ပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့စားတဲ့ ကျန်းမာနေတဲ့သူက ကောင်းတဲ့ကိုလက်စထရောပမာဏ မြင့်တက်နေပြီး မကောင်းတဲ့ကိုလက်စထရော လျော့ကျနေတာကြောင့် နှလုံးသွေးကြောရောဂါ အန္တရာယ်လျော့ကျစေပါတယ်။

(၆) သံလွင်ဆီ

တစ်နေ့မှာ သံလွင်ဆီ ထမင်းစားဇွန်းနှစ်ဇွန်း ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အပြင် စိတ်ခံစားမှုကောင်းစေပြီး ရောဂါဝေဒနာကို လျော့ကျစေပါတယ်။ သံလွင်ဆီက ကောင်းတဲ့အဆီဖြစ်ပြီး မပြည့်ဝဆီဖြစ်တာကြောင့် ကာရိုတီးနွိုက်နဲ့ ဗီတာမင်အီးတွေလို အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီကိုစားရင် သွေးဖိအားကို လျော့ကျစေပြီး ကင်ဆာရောဂါကြီးထွားမှုကို လျော့ကျစေကာ ရင်ကျပ်ပန်းနာနဲ့ အဆစ်ရောင်နာရဲ ့ ပြင်းထန်မှုကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေမယ့် ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတာကြောင့်ပါ။

(၇) ပန်းဂေါ်ဖီစိမ်း

နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အသက် ၃၅နှစ်ကျော်တဲ့ အမျိုးသားတွေမှာ အဖြစ်များဆုံး ကျန်းမာရေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ခုခံအားစနစ်ကို တိုးမြင့်စေတဲ့ ဗီတာမင် အေ၊ စီနဲ့ အီးတို့ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဖိအားကို ကောင်းမွန်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းကို စားတာကြောင့် ခန္ဓာကိုယ်ထဲက ဟိုမိုစစ်စတင်းအဆင့်ကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟိုမိုစစ်စတင်းအဆင့်များရင် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာနဲ့ နှလုံးနဲ့ ဆက်စပ်နေတဲ့ တခြားကျန်းမာရေးပြဿနာတွေရဲ ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါကင်းစေဖို့အတွက် သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းနဲ့ ဆာဖိုရာဖိန်းတွေ များစွာပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။

(၈) အဆီများသော ငါး

အဆီများတဲ့ ငါးတွေမှာ ကျန်းမာရေးအာနိသင် များများရှိပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒင်းငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပေါများစွာ ပါဝင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန်တို့ ပါဝင်တာကြောင့် တစ်နေ့လုံးစိတ်တည်ငြိမ်အေးချမ်းပြီး တက်ကြွကာ အိပ်ရေးဝ၀အိပ်မောကျစေပါတယ်။

alignnone size-medium wp-image-62810
(၉) ပဲမည်း

ပဲမည်းမှာ ဆိုဒီယမ်၊ အဆီ၊ ကိုလက်စထရောတို့ ပါဝင်မှုနည်းတဲ့ ပရိုတင်းပုံစံပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပဲမည်းကို စားပေးတဲ့အခါမှာ တစ်နေ့လုံးစွမ်းအင်တိုးစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ လေ့လာမှုအရ ပဲက ပိုမည်းလေလေ အင်တီအောက်ဆီးဒင့် ပါဝင်မှုများလေလေဖြစ်တာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါတို့မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

(၁၀) လက်ဖက်စိမ်းလက်ဖက်ရည်

သင့်ခင်ပွန်းကို လက်ဖက်စိမ်းလက်ဖက်ရည် တစ်နေ့တစ်ခွက်တိုက်ပါ။ လက်ဖက်စိမ်းလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ကက်တီချင်ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေရဲ ့ လှုပ်ရှားမှုကို တားဆီးပေးပြီး ခုခံအားစနစ်ကို ကောင်းစေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်မှုကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။ လက်ဖက်စိမ်းလက်ဖက်ရည်မှာပါတဲ့ ကတ်တီချင်က တခြားလက်ဖက်ရည်တွေမှာပါတဲ့ ပမာဏထက်ပိုများတာကြောင့် ကင်ဆာကာကွယ်ရေးမှာ ပိုအစွမ်းထက်ပါတယ်။

Most Popular

Healthy Life Ad
To Top