Healthy Life Ad
Life Style

ထိခိုက်လွယ်သော အရေပြားပိုင်ရှင်တို့အတွက် အသားအရေထိန်းနည်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အသားအရေထိန်းသိမ်းမှုဆိုတာ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်လည်း အရေးကြီးပါတယ်။ အထူးသဖြင့် Sensitive Skin လို့ခေါ်တဲ့ ထိခိုက်လွယ်တဲ့ အရေပြားရှိရင် အမျိုးသားရော အမျိုးသမီးပါ အထူးသတိထား ဂရုစိုက်ပေးရပါမယ်။ အသားအရေထိန်းသိမ်းရာမှာ သင့်တော်တဲ့ ပစ္စည်းတွေကို သုံးဖို့လိုသလို ဝက်ခြံ၊ အဖုအပိမ့်နဲ့ အရေပြားဓာတ်မတည့်မှုတွေကလည်း အလွန်ဖြစ်လွယ်တာကြောင့် အထူးဂရုစိုက်နိုင်မှ ကြည်လင်ရှင်းသန့်တဲ့ အသားအရေကို ရရှိနိုင်မှာပါ။ သင့်မှာ ထိခိုက်လွယ်တဲ့ အရေပြားရှိရင် သင့်အသားအရေ လှပအပြစ်ကင်းစင်ဖို့ရာအတွက် အောက်ပါနည်းတွေကို လိုက်နာရပါမယ်။

ရေများများသောက်ပါ

ရေဓာတ်ကောင်းကောင်းပြည့်ဝတဲ့ အသားအရေဟာ ကျန်းမာနေတတ်ပါတယ်။ ထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေဟာ ရေဓာတ်ပြည့်ဝနေရင် သဘာဝအစိုဓာတ်ရှိကာ ပြင်ပပိုးမွှားတွေကို အလွယ်တကူ တွန်းလှန်နိုင်ပါတယ်။

အဆီများသော အစာသို့မဟုတ် ဆီကြော်စာကိုရှောင်ပါ

ဟင်းခတ်အမွှေးအကြိုင် ဒါမှမဟုတ် ဆီများလွန်းတဲ့ အစာတွေက အရေပြားကို တုံ့ပြန်မှုဖြစ်လွယ်စေကာ အရေပြားကျန်းမာရေးအခြေအနေကို ဆိုးရွားစေပါတယ်။ အထူးသဖြင့် ပူတဲ့ရာသီမှာ ဆီကြော်စာတွေကို ရှောင်ပါ။

ကျန်းမာရေးအကျိုးပြုအစာများ ပါဝင်အောင် ထည့်စားပါ

ဖြစ်နိုင်ရင် အိမ်မှာချက်ပြုတ်ထားတဲ့ အစာကိုပဲစားပါ။ များသောအားဖြင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များများပါဝင်တဲ့ ဟင်းလျာတွေကိုပဲ စားသင့်ပါတယ်။ ဒါ့အပြင် သစ်သီးတွေကို များများစားပေးရင် သင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ များများရရှိကာ အသားအရေကိုလည်း ကျန်းမာလှပစေမှာပါ။

ရေမွှေးကို ရှောင်ပါ

အနံ့ပြင်းတဲ့ ရေမွှေးတွေက အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ အလှကုန်ပစ္စည်းတွေသုံးရာမှာလည်း အနံ့မွှေးလွန်း၊ အနံ့ပြင်းလွန်းတယ်ဆိုရင် ရှောင်သင့်ပါတယ်။

ဆေးဖက်ဝင်လက်ဖက်ရည်သောက်ပါ

ဆေးဖက်ဝင်တဲ့ အရည်အသွေးကောင်းတွေရှိတာကြောင့် လက်ဖက်စိမ်းလက်ဖက်ရည်လို ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းတွေဟာ အသားအရေကိုလည်း ကျန်းမာလှပစေပါတယ်။ နံနက်တိုင်း တစ်ခွက်သောက်ပေးပါ။

မကြာခဏ မျက်နှာသစ်ပါ

မျက်နှာအသားအရေကို သန့်ရှင်းကြည်လင်အောင်ထားတာကြောင့် ချွေးပေါက်ထဲမှာ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ ကပ်ညိမှုကင်းစေပါတယ်။ ဒါဆိုရင် အရေပြားထိခိုက်မှုနဲ့ အဖုအပိမ့်ဖြစ်နိုင်ခြေ လျော့ကျသွားတတ်ပါတယ်။ တစ်နေ့မှာ မျက်နှာကို နှစ်ကြိမ်သန့်စင်ပါ။

နေရောင်ခြည်ကို ရှောင်ပါ

ထိလွယ်ရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေက တခြားအရေပြားပိုင်ရှင်တွေထက် နေဒဏ်ကြောင့် ထိခိုက်ပျက်စီးနိုင်ခြေပိုများပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နေပူရှိန်ပြင်းတဲ့ အချိန်တွေမှာ အပြင်မထွက်ပါနဲ့။ အရိပ်ထဲမှာနေပါ။ အပြင်ကိုသွားတဲ့အခါ နေကာခရင်မ်ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top