Healthy Life Ad
Life Style

ဘဝင်မြင့်တဲ့ နှင်းဆီနီနီ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

လှပတဲ့နွေဦးနေ့ရက်မှာ သစ်တောထဲ နှင်းဆီနီတစ်ပွင့် ဖူးပွင့်လာခဲ့ပါတယ်။ နှင်းဆီနီရဲ့ဘေးနားက ထင်းရှူးပင်ကြီးက “အိုး . . ဘယ်လောက်လှပတဲ့ ပန်းပွင့်လဲ၊ ငါလည်း နှင်းဆီနီလို ချစ်စဖွယ်ဖြစ်ချင်လိုက်တာ”လို့ ရေရွတ်လေသတဲ့။

တခြားသစ်ပင်က ထင်းရှူးပင်ကို ဒီလိုပြောခဲ့တယ်။

“မိတ်ဆွေထင်းရှူးပင်ကြီးရယ် . . ဝမ်းမနည်းပါနဲ့။ ဘယ်အရာမှ စင်းလုံးချောဆိုတာ မရှိပါဘူး”

နှင်းဆီနီကတော့ မော့ပြီး ဒီလိုမှတ်ချက်ပြုလိုက်တယ်။

“ဒီတောထဲမှာ ငါကအလှပဆုံး ပန်းပွင့်ပဲနေမှာ”

နှင်းဆီပန်းရဲ့စကားကြားတော့ နေကြာပန်းက သူရဲ ့ဝါဝင်းတဲ့ ဦးခေါင်းကို မြှင့်လိုက်ရင်း-

“ဘာလို့ ဒီလိုပြောတာလဲ၊ ဒီတောထဲမှာ လှပတဲ့ ပန်းပွင့်တွေမှ အများကြီးပဲ။ မင်းက အဲဒီပန်းပွင့်တွေထဲက တစ်ပွင့်မျှသာပဲ”

“အားလုံးက ငါ့ကိုကြည့်ပြီး အားကျနေကြတာပဲ”လို့ နှင်းဆီကပြောပြီး ကန္တာရဆူးပင်ကိုညွှန်ပြရင်း “ဟိုမှာကြည့်လိုက်စမ်း၊ ဆူးတွေအပြည့်နဲ့ ဘယ်လောက်တောင် ရုပ်ဆိုးလိုက်သလဲ”လို့ ဆိုပြန်တယ်။

အဲဒီအချိန်မှာ ထင်းရှူးပင်က “ဘာလို့ဒီလို ပြောရတာလဲ မနှင်းဆီ၊ မင်းမှာလည်း ဆူးတွေရှိတာပဲ”လို့ ဆိုတယ်။

ဘဝင်မြင့်နေတဲ့ နှင်းဆီကစိတ်ဆိုးစွာနဲ့”ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ဆူးနဲ့ ကန္တာရဆူးပင်ရဲ့ဆူးက မယှဉ်နိုင်ပါဘူး”လို့ ဆိုတယ်။

မနှင်းဆီတော့ ဘဝင်မြင့်နေပြီလို့ သစ်ပင်တွေက တွေးခဲ့ကြတယ်။

နှင်းဆီက ကန္တာရဆူးပင်ကို အမြစ်ကနေဖယ်ဖို့ ကြိုးစားအားထုတ်ခဲ့တယ်၊ ဒါပေမဲ့ ရွှေ့လို့တောင်မရခဲ့ဘူး။ ရက်အတန်ကြာလာတော့ နှင်းဆီက ကန္တာရဆူးပင်ကိုကြည့်ပြီး “ဒီအပင်က အသုံးလည်းမဝင်ဘူး။ သူနဲ့အိမ်နီးချင်းဖြစ်ရတာ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ”လို့ ပြောဆိုခဲ့တယ်။

ကန္တာရဆူးပင်ကတော့ ဝမ်းနည်းစိတ်လည်းမဖြစ်၊ နှင်းဆီကိုလည်း ဘာမှမပြောဘဲ “အကြောင်းရင်းမရှိဘဲ ဘယ်သူမှဖြစ်မလာပါဘူး”လို့သာ ဆိုခဲ့တယ်။

နွေဦးရာသီကုန်ပြီး သိပ်ပူပြင်းတဲ့ရာသီကို ရောက်လာခဲ့တယ်။ မိုးမရွာတာကြောင့် တောထဲမှာ သစ်ပင်တွေရှင်သန်ဖို့ခက်လာခဲ့တယ်။ နှင်းဆီလည်း ညှိုးနွမ်းလာခဲ့တယ်။

တစ်နေ့မှာတော့ ပင်ပန်းနေတဲ့ ပျံလွှားတစ်ကောင်က ကန္တာရဆူးပင်မှာ လာနားပြီး နှုတ်သီးနဲ့ထိုးဆိတ်ရင်း ပြန်လည်လန်းဆန်းလာခဲ့တယ်။ ဒါကို နှင်းဆီကမြင်တော့ ငှက်တွေဘာလုပ်တာလဲလို့ ထင်းရှူးပင်ကို မေးကြည့်ခဲ့တဲ့အခါ ကန္တာရဆူးပင်ကနေ ရေဓာတ်ရရှိကြောင်း ပြန်ဖြေခဲ့တယ်။

“မင်းလည်း သူ့ဆီကနေ ရေသောက်လို့ရပါတယ်။ ကန္တာရဆူးပင်ကို အကူအညီတောင်းလိုက်ရင် ပျံလွှားက ရေကို မင်းဆီယူလာပေးလိမ့်မယ်”

နှင်းဆီလည်း အကူအညီတောင်းဖို့ ရှက်နေခဲ့ပေမယ့် နောက်ဆုံးတော့ အသက်ရှင်ဖို့ရာ အကူအညီတောင်းခဲ့ရတော့တယ်။ ကန္တာရဆူးပင်ကလည်း ကူညီလိုက်တဲ့အတွက် နှင်းဆီခမျာ လန်းဆန်းလာပါတော့တယ်။

အခုအခါမှာတော့ နှင်းဆီဟာ ဘယ်သူ့ကိုမှ အပေါ်ယံအသွင်အပြင်ကြည့်ပြီး ဝေဖန်ပြစ်တင်မှု မလုပ်သင့်ဘူးဆိုတာ သဘောပေါက်နားလည်သွားပါသတဲ့။

Most Popular

Healthy Life Ad
To Top