Healthy Life Ad
Health Tips

အာဟာရပြဿနာ အဖြေရှာ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အစားအသောက်စားရာမှာ တချို့လူတွေ သိလိုကြတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အဆင်သင့်အစာကို ကျန်းမာရေးနဲ့ညီအောင် ပြုပြင်စားနိုင်သလား

ကျန်းမာရေးကောင်းမွန်ချင်ရင် အဆင်သင့်အစာတွေကိုရှောင်ပြီး လတ်ဆတ်တဲ့ အစားအသောက်တွေကို စားရမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဆင်သင့်အစာတွေကို ကြိုက်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် ပြုပြင်ပြီး စားချင်ကြပါတယ်။ ဒါဆိုရင် နည်းလမ်းတချို ့ရှိပါတယ်။ ကြက်သားဟမ်ဘာဂါကို စားမယ့်အစား ဟင်းသီးဟင်းရွက်ဟမ်ဘာဂါကိုစားပါ။ ဆီနဲ့ကြော်ထားတဲ့ အမျိုးအစားထက် ကင်ထားတဲ့အမျိုးအစားကိုရွေးချယ်ပါ။ သကြားဓာတ်များတဲ့ အချိုရည်အစား သစ်သီးဝလံနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ကို ရွေးချယ်ပါ။

အဆင်သင့်ပါကင်ဘူးတွေဝယ်ရာမှာ အဆင်သင့်အစာရဲ ့ ပါဝင်ပစ္စည်းအညွှန်းကိုကြည့်ပါ။ အဆီ၊ ကယ်လိုရီ၊ သကြားနဲ့ ဆိုဒီယမ်တွေပါဝင်မှု လျော့နည်းရဲ ့လားဆိုတာကြည့်ကာ အဲဒီအရာတွေ ပါဝင်မှုနည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်၊ ကယ်လ်စီယမ်နဲ့ သံဓာတ် စတာတွေ ပါဝင်မှုမြင့်မားနေရင် ဝယ်ယူသင့်ပါတယ်။

ကော်ဖီက ကြီးထွားမှုကို ထိခိုက်စေနိုင်သလား

ကော်ဖီက ကြီးထွားဖွံ့ဖြိုးမှုကို မထိခိုက်စေနိုင်ပါဘူး။ ဒါပေမဲ့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ကော်ဖီတစ်ခွက်-နှစ်ခွက်က ကျန်းမာရေးကို မထိခိုက်စေနိုင်ပေမယ့် များများသောက်ရင် ကတုန်ကယင်ဖြစ်တာ၊ မောပန်းတာ၊ နွမ်းနယ်တာတို့ ဖြစ်နိုင်သလို အိပ်ရေးပျက်စေနိုင်ပါတယ်။ ကော်ဖီကို ဖြတ်မယ်ဆိုရင် ဖြည်းဖြည်းချင်း လျှော့သွားပါ။ ကော်ဖီကို ရုတ်တရက်ဖြတ်လိုက်ရင် ခေါင်းကိုက်တာ၊ စိတ်ကသိကအောက်ဖြစ်တာနဲ့ နုံးချည့်တာတို့လို လက္ခဏာတွေဖြစ်တတ်လို့ပါ။

ဗိုက်ဆာနေချိန် အစာကို အလွန်အမင်းမစားမိအောင် ဘာလုပ်သင့်သလဲ

သင်စားမယ့်အစာနဲ့ သရေစာအမျိုးအစားကို အရင်ဆုံးကြည့်လိုက်ပါ။ အဲဒီအထဲက အမျှင်ဓာတ်များပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာကို အရင်ဆုံးရွေးချယ်ကာ များများစားလိုက်ပါ။ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့လုပ်ထားတဲ့ ပေါင်မုန့်ညို၊ ဆန်လုံးညို၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက စတင်စားသင့်တဲ့အစာတွေပါ။ ပြီးရင် စွပ်ပြုတ်၊ ဟင်းချိုတို့ကို သောက်ပါ။ နောက်ထပ်စိတ်ကျေနပ်သွားစေဖို့ ပရိုတင်းဓာတ်ပါတဲ့ အစားအသောက် (ဥပမာ- အဆီနည်းဒိန်ချဉ်၊ မြေပဲထောပတ်၊ အသား၊ ငါး)စတာတွေကို ရွေးချယ်ပါ။

အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားတာက အစာကို အလွန်အမင်းမစားဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။ အစာတစ်ခုကို ပါးစပ်ထဲထည့်ပြီး အရသာခံပြီး အနည်းဆုံး ၇-၁၀ ကြိမ်ခန့် ကြိတ်ဝါးပြီးမှ မျိုချလိုက်ပါ။ ဒါဆိုရင် စိတ်ကျေနပ်မှုကို ရရှိစေသလို နည်းနည်းနဲ့ ဗိုက်ပြည့်ကာ အစာကို အလွန်အမင်းမစားဖြစ်အောင် ရှောင်လွှဲနိုင်ပါလိမ့်မယ်။

သွားညှိကိရိယာတပ်ဆင်ထားရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားလို့ရသလား။

သွားညှိကိရိယာတပ်ဆင်ထားသူတွေအနေနဲ့ တချို့အစားအသောက်တွေ (ဥပမာ-သကြားလုံး၊ ပြောင်းဖူးပေါက်ပေါက်၊ စေးကပ်တဲ့မုန့်တွေ)ကို ရှောင်ဖို့လိုပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သေးငယ်တဲ့အစိတ်အပိုင်းဖြစ်အောင် လှီးပြီး စားသင့်ပါတယ်။ ဒါမှမဟုတ် သစ်သီးတွေကို ဖျော်ရည်ဖျော်သောက်သင့်ပါတယ်။ သစ်သီးစိတ်တွေစားရာမှာ ဖြည်းဖြည်းချင်းဝါးပြီး စားပါ။ အစာစားပြီးတဲ့အခါ ပလုတ်ကျင်းပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top