Healthy Life Ad
Health Tips

အမျိုးသမီးတစ်ဦး သွေးဆုံးခါနီးတော့မယ်ဆိုရင်. . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အမျိုးသမီးတွေ သွေးဆုံးတဲ့အသက်အရွယ်က ပျမ်းမျှအားဖြင့် ၅၂ နှစ်ဖြစ်ပြီး တချို့အမျိုးသမီးတွေက အသက် ၄၀အရွယ်နဲ့ အသက် ၃၀နှောင်းပိုင်းတွေမှာ အကြိုသွေးဆုံးဝေဒနာတွေ ပြတတ်ပါတယ်။ အဲဒီအခါ ရာသီလာတာ ပုံမမှန်တော့လို့ အိမ်ထောင်ရှင်မတွေက ကိုယ်ဝန်ရှိနေပြီလားဆိုပြီး ထင်တတ်ကြပါတယ်။ ဒီအချိန်မှာ တစ်ကိုယ်လုံးပူနွေးပြီး ညဘက်မှာ ချွေးထွက်များတာ၊ ပုံမမှန်သွေးဆင်းတာ၊ မိန်းမကိုယ်ခြောက်သွေ့တာနဲ့ ရင်ဘတ်အောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။

ပုံမမှန်သွေးဆင်းခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့် သားဥကြွေတဲ့ သားဥအိမ်မှာ ထိခိုက်မှုဖြစ်ပြီး နှစ်လလောက် ရာသီမလာတာ ဒါမှမဟုတ် ရာသီများများလာတာနဲ့ ရာသီအလာနည်းတာ စတာတွေ ဖြစ်တတ်ပါတယ်။ သုံးလလောက်ကြာတဲ့အထိ ရာသီမလာတာ၊ ရာသီအလာများတာ စတာတွေဟာ ပင်ပန်းနွမ်းနယ်မှု၊ အသက်ရှူမဝတာ စတာတွေနဲ့တွဲဖြစ်နေရင် (သင့်အသက်က ၄၀အောက်ဖြစ်နေပါက) ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ပူနွေးပြီး ချွေးထွက်များခြင်း

တစ်ကိုယ်လုံးပူနွေးပြီး ချွေးထွက်များတာက သွေးဆုံးအကြိုဝေဒနာလက္ခဏာ တစ်ခုဖြစ်တတ်ပြီး ညဘက်မှာ အိပ်မပျော်တာနဲ့ အိပ်ရေးပျက်တာတို့လည်း ခံစားရတတ်ပါတယ်။ ဒါက ဟော်မုန်းအတက်အကျဖြစ်တာကြောင့် ဖြစ်တတ်သလို အမျိုးသမီးတိုင်းမှာ ကွဲပြားခြားနားနိုင်ပါတယ။် ချည်သားဝတ်စုံလို လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားဝတ်တာနဲ့ ရေများများသောက်တာတို့ကြောင့် ဒီဝေဒနာတွေ သက်သာစေနိုင်ပါတယ်။

ကိုယ်အလေးချိန်များတာ၊ အရက်သောက်တာ၊ ကော်ဖီအသောက်များတာ၊ ပူစပ်တဲ့အစားအစာတွေစားတာ၊ အချိုမှုန့်စားတာနဲ့ တချို့ဆေးတွေမှီဝဲတာကြောင့် ဒီဝေဒနာတွေကို ပိုဆိုးစေတဲ့အတွက် ရှောင်သင့်ပါတယ်။

alignnone size-medium wp-image-62564
စိတ်ဂနာမငြိမ်ဖြစ်ခြင်း

စိတ်တိုတာ၊ ပူပင်သောကများတာနဲ့ စိတ်ဂနာမငြိမ်ဖြစ်တာ စတဲ့ စိတ်လှုပ်ရှားမှုတွေကိုလည်း မကြာခဏ ခံစားရတတ်ပါတယ်။ ဟော်မုန်းတွေ မြင့်တက်တာကြောင့် စိတ်က ခါတိုင်းနဲ့မတူဘဲ ပြောင်းလဲလာတာဟာ သွေးဆုံးအကြိုဝေဒနာခံစားရတဲ့ လက္ခဏာပါ။ အိပ်ရေးပျက်တာကြောင့် ဒီဝေဒနာကို ပိုဆိုးတတ်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို ဟန်ချည်ညီစေပါတယ်။

မိန်းမကိုယ် ခြောက်သွေ့ခြင်း

သွေးဆုံးအကြိုမှာ ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် မိန်းမကိုယ်နံရံကနေ အရည်ထွက်နှုန်းလျော့ကျပြီး မိန်းမကိုယ်ကြွက်သားဆွဲဆန့်နိုင်စွမ်းအား လျော့နည်းလာပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် မိန်းမကိုယ်တွင်းထည့် ချောဆီသုံးတာကြောင့် အဆင်ပြေနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ ့ ခန္ဓာဗေဒအရ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေများပါတယ်။ အကြိုသွေးဆုံးချိန်အတောအတွင်း ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နှုန်းများပါတယ်။ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပေါ်တာနဲ့ ဆီးသွားတိုင်းနာကျင်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ဆီးထိန်းထားနိုင်စွမ်းလည်း လျော့ကျလာပါလိမ့်မယ်။

ဆီးလမ်းကြောင်းပိုးဝင်တာ လျော့ကျစေမယ့် နည်းတွေက လိင်ဆက်ဆံပြီးနောက် ဆီးသွားတာ၊ မိန်းမကိုယ်တွင်းချောဆီထည့်တာနဲ့ တင်ပဆုံကွင်း လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာတို့ ဖြစ်ကြပါတယ်။

လိင်စိတ်လျော့နည်းခြင်း

အိပ်ရေးပျက်တာ၊ စိတ်ခံစားမှုအပြောင်းအလဲဖြစ်တာ စတာတွေကြောင့် လိင်စိတ်လျော့နည်းရတတ်ပါတယ်။

သန္ဓေတည်ခြင်းဆိုင်ရာ ပြဿနာများ

သားဥကြွေနှုန်း လျော့ကျလာတာကြောင့် မျိုးအောင်နိုင်စွမ်း အခက်အခဲရှိလာပါတယ်။ အသက် ၃၀ နှောင်းပိုင်းအရွယ် ဒါမှမဟုတ် ၄၀ အစောပိုင်းအရွယ်ဆိုရင် ကလေးရဖို့ ခက်ခဲနေတတ်ပါတယ်။

တစ်ကိုယ်လုံး နာကျင်ကိုက်ခဲခြင်း

အီစထရိုဂျင်ဟော်မုန်း လျော့နည်းလာတာကြောင့် ခန္ဓာကိုယ်က အရိုးတွေကို ထိထိရောက်ရောက် အားမဖြည့်နိုင်တော့ပါဘူး။ အရိုးနုနဲ့ တွယ်ဆက်မျှင်တွေလည်း ထိခိုက်လာပါတယ်။ ဟော်မုန်းအပြောင်းအလဲဟာ အရိုးအဆစ်ရောင်ရမ်းနာ ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နာကျင်ကိုက်ခဲတာက အရိုးပါးရောဂါကြောင့် သင့်အရိုးတွေ ပါးလျလာတဲ့ လက္ခဏာပါ။ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီအလုံအလောက် မှီဝဲတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေကြောင့် အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

alignnone size-medium wp-image-62565
ကိုယ်အလေးချိန် ပြောင်းလဲခြင်း

ဒီအချိန်မှာ ဇီဝကမ္မဖြစ်စဉ်နဲ့ ခန္ဓာကိုယ်ကြွက်သားတည်ဆောက်မှုနှေးလာတာ၊ စိတ်ဖိစီးမှုများလာတာ၊ အိပ်ရေးပျက်လာတာ စတဲ့ အချက်တွေကြောင့် ကိုယ်အလေးချိန်မြင့်တက်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောမြင့်တက်တာကြောင့် ကိုယ်အလေးချိန်၊ အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက် အဆီများလာတတ်ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာတို့ကြောင့် ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

alignnone size-medium wp-image-62566
ရင်ဘတ်အောင့်ခြင်း

အီစထရိုဂျင်အဆင့် လျော့ကျလာတာကြောင့် ခန္ဓာကိုယ်ထဲက ကိုလက်စထရောနဲ့ သကြားဓာတ်တွေတိုးလာပြီး နှလုံးသွေးကြောတွေ ပိုမိုမာကျောလာပါတယ်။ သွေးကြောတွေမှာ အဆီပိတ်ဆို့တာကြောင့် နှလုံးရောဂါဖြစ်နှုန်း များလာပါတယ်။ ရင်ဘတ်ဘယ်ဘက်အခြမ်းအောင့်တာဟာ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်တဲ့ အခြေအနေပါ။ သွေးဆုံးအကြိုကာလမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ လိုအပ်တာနဲ့ ဖိုင်တိုအီစထရိုဂျင်ပါဝင်တဲ့ အစာ၊ ဥပမာ ပဲပိစပ်၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်နဲ့ ပန်းဂေါ်ဖီစိမ်း စတာတွေစားတာကြောင့် သက်ရှည်ကျန်းမာစေပါတယ်။

Most Popular

Healthy Life Ad
To Top