Healthy Life Ad
Q & A

ဆီးချိုရှိသူက ဝဥကြာဆန်၊ ဝဥခေါက်ဆွဲနဲ့ သင့်တော်မှု ရှိ၊ မရှိ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. အခုနောက်ပိုင်း ဆီးချိုသမားတွေ စားသင့်တယ်ဆိုပြီး ဝဥကြာဆန်၊ ဝဥခေါက်ဆွဲတွေ ခေတ်စားလာပါတယ်။ အဲဒါတွေက တကယ်ပဲ ဆီးချိုသမားတွေ စားသင့်တာပါလား။ ဆိုးကျိုးတွေကော ရှိပါသလား ဆရာမ။

A. ဝဥကြာဆန်၊ ဝဥခေါက်ဆွဲ၊ ဝဥဆန် စသဖြင့် ဒါတွေစားတယ်ဆိုတာက အစားထိုးအစာတွေပါ။ ဆီးချိုရှိသူလူတစ်ယောက်က ထမင်းစားတဲ့အခါ သူ့သွေးတွင်းသကြားဓာတ်ပေါ်မူတည်ပြီး ထမင်းကို ငါးဇွန်းပဲစားပါ၊ ခုနှစ်ဇွန်းပဲစားပါလို့ ပြောလိုက်ရော၊ တကယ့်လက်တွေ့မှာ လူနာတွေအနေနဲ့ မတင်းတိမ်ဘူး။ ငါးဇွန်းဆိုတဲ့ ပမာဏက နည်းနည်းလေးပဲရှိတာဆိုတော့ သူဗိုက်မဝဘူး။ အဲဒီလိုမျိုးအခြေအနေမှာ ပိုစားချင်တယ်။ အနည်းဆုံး ထမင်းတစ်ပန်းကန်တော့ စားချင်တဲ့အခါ ရိုးရိုးဆန်နဲ့ချက်ထားတဲ့ ထမင်းစားရင် ကယ်လိုရီက များသွားပါတယ်။ အဲဒီလိုများသွားတဲ့အတွက် ဝဥဆန်ကို အစားထိုးပြီး ချက်စားကြတယ်။ ရိုးရိုးထမင်းစားမယ်ဆိုရင် လူတစ်ယောက်က ၁၀ဝ ဂရမ်လောက်စားလိုက်ရင် ဆန်ပေါ်မူတည်ပြီး ကယ်လိုရီ ၁၄၇ နဲ့ ၁၅၅ ကြား ရရှိသွားတတ်ပါတယ်။ ထမင်းပန်းကန်လုံးတစ်လုံး စားလိုက်တာနဲ့ ကယ်လိုရီက ၂၀ဝ လောက် ရှိသွားတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဝဥဆန်နဲ့ချက်ထားတဲ့ ထမင်းစားလိုက်ရင် ကယ်လိုရီက ၅၈ လောက်ပဲ ရှိတော့တယ်။ ဒါကြောင့် ထမင်းငါးဇွန်းနဲ့ မဝတဲ့သူတွေမှာ ဝဥဆန်နဲ့ချက်ထားတဲ့ ထမင်းစားရင် တစ်ပန်းကန်စားလို့ရသွားပါတယ်။ ဒါကြောင့် ထမင်း၊ ခေါက်ဆွဲ၊ ကြာဆန် စားတဲ့အခါ နည်းနည်းနဲ့ မတင်းတိမ်သူတွေအတွက် ဝဥနဲ့လုပ်ထားတဲ့ ဝဥဆန်၊ ဝဥခေါက်ဆွဲ၊ ဝဥကြာဆန်ကို အစားထိုးအနေနဲ့ပေးတာ ဖြစ်ပါတယ်။ အခုချိန်ထိ သုတေသနတွေအရတော့ ဝဥနဲ့လုပ်ထားတာတွေက ဆိုးကျိုးမတွေ့သေးပါဘူး။ ဒါပေမဲ့ ကယ်လိုရီနည်းတာပဲဆိုပြီး ဝဥခေါက်ဆွဲ၊ ဝဥကြာဆန်၊ ဝဥထမင်းတွေကို ပန်းကန်ပြားအကြီးကြီးနဲ့စားရင်တော့ ကယ်လိုရီက အဲဒီလောက်ကြီး မကျသွားပါဘူး။ ပုံမှန်စားနေကျအတိုင်း ထမင်းတစ်ပန်းကန်စားချင်ရင် ဝဥဆန်နဲ့ ချက်ထားတဲ့ ထမင်းကို အစားထိုးစားလိုက်တဲ့အခါ ကယ်လိုရီက တစ်ဝက်ကျော်ကျော်လောက် သက်သာသွားပါတယ်။ အထူးသဖြင့် ထမင်းနည်းနည်းနဲ့ မတင်းတိမ်တဲ့သူတွေအတွက် ဝဥထမင်းကို အစားထိုးကျွေးတာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top