Healthy Life Ad
Health Tips

စိတ်ကြွရူးသွပ်ဆေးနှင့် ကံစမ်းခြင်း

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

စိတ်ကျန်းမာရေး “အထူးကြပ်မတ်ကုသဆောင်”( Intensive Care Unit)(အိုင်စီယူ)မှာ မနေ့ညက ဆေးရုံတင်ထားတဲ့ ဘော်ဘီကို ကြည့်ရှုစစ်ဆေးပေးဖို့ လိုအပ်ကြောင်း တာဝန်ကျသူနာပြုက ပြောပြပါတယ်။

ဘော်ဘီရဲ ့ဆေးမှတ်တမ်းကို စာရေးသူက ဖတ်ကြည့်တယ်။ ဘော်ဘီက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ပန်းရန်အလုပ်သမားဖြစ်တယ်။ အလုပ်အားရက်တွေမှာ သူငယ်ချင်းတွေစုပြီး ဆေးခြောက်နဲ့ စိတ်ကြွရူးသွပ်ဆေး (Methamphetamine) သုံးစွဲလေ့ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး ဘော်ဘီရဲ ့အပြုအမူတွေ ပြောင်းလဲလာတယ်လို့သိရတယ်။ အလုပ်ခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သံသယစိတ်များလာတယ်။ “မင်းတို့က ငါအလုပ်ပြုတ်အောင် ကြံစည်နေကြတယ်မဟုတ်လား”၊ “ငါ့မကောင်းကြောင်းတွေ မင်းတို့ပြောနေတာ ငါကြားတယ်” စသဖြင့် လုပ်ဖော်ကိုင်ဖက်တွေကို စွပ်စွဲပြောတယ်။ ညဘက်မှာလည်း ကောင်းကောင်းမအိပ်ဘူး။ တစ်ယောက်တည်း သီချင်းဆိုလိုက်၊ ရယ်မောလိုက် လုပ်နေတယ်။ သူ့အဖေက အကျိုးအကြောင်းမေးကြည့်တော့ ဘော်ဘီက စိတ်ဆိုးမာန်ဆိုး အော်ဟစ်ကြိမ်းမောင်းတယ်။ “ခင်ဗျားကြီးက ဒီကောင်တွေနဲ့ပေါင်းပြီး ကျုပ်ကိုသတ်ချင်နေတယ်မဟုတ်လား” လို့ မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောတယ်။ ဆေးရုံမတက်ခင်ညကတော့ မိဘတွေကို ဓားကြိမ်းကြိမ်းပြီး အိမ်ပေါ်က ဆင်းသွားတယ်။ မြို ့လယ်လမ်းမကြီးပေါ်မှာ ထရပ်ကားကို အရှိန်ပြင်းပြင်း လှည့်ပတ်မောင်းနေတယ်။ ရဲကလိုက်ဖမ်းပြီး ဆေးရုံပို့လိုက်တာပါ”။ ဘော်ဘီရဲ ့ဆေးမှတ်တမ်းကို ဖတ်ပြီးတော့ စာရေးသူက သူနာပြုကိုမေးတယ်။

“မူးယစ်ဆေးရှိ၊ မရှိ ဆီးနဲ့ သွေးစစ်ဆေးပြီးပြီလား”

“အရေးပေါ်ဆေးကုဌာနမှာ စစ်ဆေးထားပါတယ်။ “အိမ်ဖက်တမိုင်းလို့စိတ်ကြွဆေး” (Amphetamine Type Stimulants)ဓာတ်တွေ့ရှိပါတယ်”

“အိုကေပါ။ ကျွန်တော်တို့ဘော်ဘီကို စမ်းသပ်စစ်ဆေးရအောင်”

အိုင်စီယူကုသဆောင်ထဲကို စာရေးသူဝင်ရောက်သွားတော့ ဘော်ဘီက သူ့အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါတယ်။ သူနာပြုနှစ်ယောက်က သူနဲ့အလိုက်သင့်စကားပြောပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်။

“ဂွတ်မောနင်းဘော်ဘီ၊ ကျွန်တော်အုန်းကျော်ပါ။ ခင်ဗျားကို တာဝန်ယူကုသပေးမယ့် ဆရာဝန်ပါ”

“သိပါတယ်။ ကျုပ်ကို ဘယ်တော့ဆေးရုံဆင်းပေးမလဲ။ ကျုပ်အရူးမဟုတ်ဘူး”

“စိတ္တဇရောဂါ ဖြစ်ပွားမလာခင် တွေ့ရှိရတဲ့ ရှေးဦးလက္ခဏာတွေကတော့-စိတ်ကြွရူးသွပ်ဆေးမသောက်တဲ့ ညတွေမှာလည်း အိပ်မပျော်ခြင်း၊ အလိုလို အကြောင်းမဲ့ စိုးရိမ်သောကများလာခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ မိမိခင်မင်ရင်းနှီးသူတွေအပေါ်မှာ ယုံမှားသံသယစိတ်ဖြစ်ပေါ်လာခြင်း စတဲ့လက္ခဏာတွေပါ။ အဲဒီလက္ခဏာတွေကို သတိမပြုဘဲ စိတ်ကြွရူးသွပ်ဆေးဆက်သောက်လို့”. . .

“ဒါကြောင့် ဘော်ဘီကို စစ်ဆေးစမ်းသပ်ဖို့ ကျွန်တော်လာရောက်တွေ့ဆုံတာပါ။ ဘာအကြောင်းကြောင့် ဆေးရုံတက်ရတယ်လို့ ဘော်ဘီထင်သလဲ”

“ကျုပ်ကို မကောင်းကြံစည်နေတဲ့ လူတွေက အတင်းအဓမ္မဆေးရုံပို့လိုက်ကြတာ”

“ရှင်းပြပါဦး။ ဘယ်သူတွေလဲ”

“ကျုပ်သူငယ်ချင်းတွေ၊ ကျုပ်အဖေလည်းပါတယ်။ သူတို့အချင်းချင်း တိုင်ပင်နေတာ ကျုပ်ကြားတယ်။ ကျုပ်အိမ်ဘေးက ချောင်းကြည့်နေတာ ကျုပ်မြင်ရတယ်။ ကျုပ်လက်မောင်းကို လျှပ်စစ်နဲ့တို့ပြီး ကျုပ်ကိုစမ်းသပ်နေကြတယ်”

“အဲဒီလို အတွေ့အကြုံရှိတော့ ဘော်ဘီရဲ ့စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ”

“ကျုပ်ကြောက်တယ်။ စိတ်ဆိုးတယ်။ ဒဏ်မခံနိုင်တော့ဘူး။ ဒါကြောင့် အိမ်ကထွက်ပြေးတာ။ ရဲကလည်း သူတို့ဘက်ကပါနေတယ်။ အဲဒီတော့ ဒေါက်တာက သူတို့နဲ့ရှင်း။ ကျုပ်ကိုဆေးရုံကဆင်းပေး”

“ဓာတ်ခွဲစမ်းသပ်ထားတဲ့ အဖြေရပြီ။ စိတ်ကြွရူးသွပ်ဆေး (Methamphetamine) သောက်သုံးထားတဲ့ အထောက်အထားတွေရှိတယ်။ ဆေးလုံး (ရာမဆေး၊ မြင်းဆေး)လား။ ဖန်သားဆေး “ICE” လား”

“နှစ်မျိုးစလုံးသုံးတယ်။ ကျုပ်သူငယ်ချင်းတွေလည်း ကျုပ်လိုသုံးတာပဲ။ အဲဒါအကြောင်းလား”

“ဒါပေမဲ့ အဆင်မသင့်ရင် ဒါမှမဟုတ် ဆေးသုံးတာများသွားရင် ဒါမှမဟုတ် ဆက်တိုက်ဆေးသုံးစွဲမိရင် စိတ်ဖောက်ပြန်သွားတာဖြစ်နိုင်တယ်။ စိတ္တဇရောဂါ (Psychosis) ရရှိနိုင်တယ်။ ဘော်ဘီက အဲဒီလိုဖြစ်နေတာ။ ဒါကြောင့် ဘော်ဘီရဲ ့အခြေအနေကို စောင့်ကြည့်ဖို့လိုအပ်နေသေးတယ်။ စိတ်ကြွရူးသွပ်ဆေးကြောင့် စိတ်ဖောက်ပြန်တာမှန်ရင် ရက်ပိုင်းအတွင်း ရောဂါသက်သာပျောက်ကင်းသွားမှာပါ။ အခုအနေနဲ့တော့ ဆေးရုံက ဆင်းခွင့်မပြုနိုင်သေးပါဘူး။ Olanzapine စိတ္တဇရောဂါကုဆေးကိုသောက်ဖို့ သဘောတူပေးပါ။ ဆေးလုံးမသောက်ရင် အသားထိုးဆေးတစ်မျိုးမျိုးကို အသုံးပြုရလိမ့်မယ်”

ဘော်ဘီကို စစ်ဆေးစမ်းသပ်ပြီးတော့ ဆေးကုသမှုအစီအစဉ်ကို ရုံးခန်းကွန်ပျူတာထဲမှာ ရိုက်နှိပ်ရေးမှတ်နေစဉ် အလုပ်သင်ဆရာဝန်ပီတာက လာရောက်ဆွေးနွေးပါတယ်။

“ဘော်ဘီရဲ ့ရောဂါက စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ (Schizophrenia) မဖြစ်နိုင်ဘူးလား။ ဒေါက်တာအုန်း။ နားထဲမှာ အကြောင်းမဲ့စကားပြောသံကြားနေတဲ့ လှုံ့ဆော်မှုမဲ့အာရုံမှား လက္ခဏာရှိတယ်။ စွဲစွဲမြဲမြဲယုံကြည်နေတဲ့ သံသယစိတ်(Paranoid Delusion)ရှိတယ်။ မူမမှန်တဲ့ စိတ်ခံစားတုံ့ပြန်မှုရှိတယ်။ စိတ္တဇရောဂါခံစားနေရတာကို အမှန်အတိုင်း လက်မခံနိုင်ဖြစ်နေတယ်။ Insight မရှိဘူး”

“ပီတာပြောတာမှန်ပါတယ်။ ဘော်ဘီခံစားနေရတဲ့ ရောဂါလက္ခဏာတွေက စိတ်ကစဉ့်ကလျား စိတ္တဇရောဂါလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ရောဂါစတင်ဖြစ်ပွားပုံ အနေအထားက ကွဲပြားတာရှိတယ်။ သူ့ရောဂါက ရက်ပိုင်းအတွင်း အပြင်းဖြစ်ပွားလာတာပါ။ ဒါကြောင့် လနဲ့ချီပြီး ရောဂါလက္ခဏာတွေ တဖြည်းဖြည်းဖြစ်ပေါ်လာတတ်တဲ့ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါနဲ့ ကွာခြားတယ်။ ဘော်ဘီက လှုံ့ဆော်မှုမဲ့ အာရုံမှားအသံတွေ ကြားနေရတာအပြင် လူတွေ ရုပ်ပုံတွေကို အမှောင်ထဲမှာ မြင်ယောင်နေတာ (Visual Hallucination)နဲ့ သူ့လက်မောင်းပေါ်မှာ လျှပ်စစ်ဓာတ်စီးဆင်းနေသလို ပိုးကောင်တွေ ရွစိစိ တွားသွားနေသလို (Tactile Hallucination) တွေကိုလည်း သိသိသာသာ ခံစားနေရတာရှိတယ်။ ဓာတ်ခွဲစမ်းသပ်ကြည့်တော့ အမ်ဖက်တမိုင်းလို စိတ်ကြွဆေး (ATS) ဓာတ်ကိုလည်း တွေ့ရှိနေရတယ်။ ဒါကြောင့် အခုအချိန်မှာ ဘော်ဘီရဲ့ရောဂါကို “စိတ်ကြွရူးသွပ်ဆေး စိတ္တဇရောဂါ” (Methamphetamine Psychosis)လို့ သတ်မှတ်ထားနိုင်တယ်။ ဆေးအရှိန်ပြေသွားပေမယ့် ရောဂါသက်ရှည်လာရင်တော့ ခင်ဗျားပြောသလို စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ ဖြစ်နိုင်တာကို စဉ်းစားရမှာပါ”

ဒေါက်တာပီတာက စောဒကတက်တယ်။

“သွေးထဲမှာ စိတ်ကြွရူးသွပ်ဆေးရှိနေချိန်မှာ စိတ်ဖောက်ပြန်တာဆိုတော့ ဆေးမူးခြင်း (Intoxication) လို့ မခေါ်နိုင်ဘူးလား”

“စိတ်ကြွရူးသွပ်ဆေးမူးယစ်ခြင်း (Methamhetamine Intoxication) နဲ့ “စိတ်ကြွရူးသွပ်ဆေး စိတ္တဇရောဂါ” (Methamphetamine)မှာ ကွာခြားချက်တွေ ရှိပါတယ်”

“ရှင်းပြပါဒေါက်တာအုန်း”

“စိတ်ကြွရူးသွပ်ဆေး-ဆေးမူးလက္ခဏာတွေကတော့-စိတ်ပျော်ရွှင်မြူးထူးခြင်း၊ သာယာကြည်နူးနေသလို ခံစားရခြင်း၊ စိတ်မြန်ခြင်း၊ နိုးကြားတက်ကြွနေခြင်း၊ စွမ်းအားထက်မြက်လာသလို ခံစားရခြင်း၊ ပတ်ဝန်းကျင်ကို သိရှိသတိထားနိုင်မှု မြင့်မားလာခြင်း၊ အာရုံစူးစိုက်နိုင်မှု တိုးတက်လာခြင်း၊ အစာစားချင်စိတ်လျော့နည်းခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ လိင်ဆန္ဒပြင်းပြလာခြင်း စသဖြင့်ပေါ့”

“ဒါကြောင့် စိတ်ကြွရူးသွပ်ဆေးကို သုံးစွဲကြတာလား”

“မှန်ပါတယ်။ အပန်းဖြေဆေးအဖြစ် အသုံးပြုသူ၊ မောပန်းနွမ်းနယ်တာကို ပြေပျောက်ချင်သူ (ဥပမာ-ခရီးရှည်ကားမောင်းရသူ၊ ညဘက်အလုပ်ကြမ်းလုပ်ရသူ)တွေက ဆေးမူးလက္ခဏာတွေကို မက်မောပြီး အသုံးပြုကြတယ်။ ဒါပေမဲ့ စိတ်ကြွရူးသွပ်ဆေး သုံးစွဲနေသူကို “ရုရှားကံစမ်းကစားနည်း” (Russian Roulette) နဲ့ ကစားနေသူလို့ ပြောလို့ရတယ်။ တစ်ချိန်ချိန်မှာ ကျည်ဆံနဲ့ ထိပ်တိုက်တွေ့ဖို့ ဦးတည်နေသလိုပဲ”

“ဘယ်လိုအခြေအနေတွေမှာလဲ”

“မူလကတည်းက စိတ္တဇရောဂါဖြစ်ပွားဖို့ အလားအလာရှိနေရင် (ဥပမာ-မိသားစုထဲမှာ စိတ္တဇရောဂါရှိခြင်း)၊ စိတ်ကြွရူးသွပ်ဆေးကို ပြတ်တောင်းပြတ်တောင်း သုံးစွဲပေမယ့် သုံးစွဲတဲ့အခါ နေ့စဉ်ရက်ဆက် အလွန်အမင်းသုံးစွဲခြင်း (Bingeing)၊ စိတ်ကြွရူးသွပ်ဆေးကို နေ့စဉ်မှန်မှန်သုံးစွဲခြင်း၊ တခြားမူးယစ်ဆေးတွေနဲ့ တွဲဖက်သုံးစွဲခြင်း၊ စိတ်ကြွရူးသွပ်ဆေးစွဲတဲ့ အခြေအနေရှိခြင်း စတဲ့ အချက်အလက်တွေရှိရင် စိတ်ကြွရူးသွပ်ဆေး စိတ္တဇရောဂါ (Methamphetamine Psychosis) ရရှိနိုင်တယ်။ စိတ္တဇရောဂါ(Psychosis) လက္ခဏာတွေက သာမန်ဆေးမူးလက္ခဏာတွေနဲ့ မတူတော့ဘူး။ “သာယာကြည်နူးပျော်ရွှင်တဲ့ စိတ်ခံစားမှုတွေ ပျောက်ဆုံးသွားပြီး စိတ္တဇရောဂါလက္ခဏာတွေ ပေါ်ပေါက်လာတာပေါ့”

“ဘော်ဘီခံစားနေရတဲ့ ရောဂါလက္ခဏာတွေလား”

“ဟုတ်ပါတယ်။ စိတ္တဇရောဂါဖြစ်ပွားစ လက္ခဏာတွေကို ဘော်ဘီသတိထားမိပြီး စိတ်ကြွရူးသွပ်ဆေး ဆက်မသောက်ရင် ဒီလောက်အထိ အခြေအနေဆိုးမှာ မဟုတ်ဘူး”

“ရောဂါနုစလက္ခဏာတွေလား”

“မှန်ပါတယ်။ စိတ္တဇရောဂါဖြစ်ပွားမလာခင် တွေ့ရှိရတဲ့ ရှေးဦးလက္ခဏာတွေကတော့-စိတ်ကြွရူးသွပ်ဆေးမသောက်တဲ့ ညတွေမှာလည်း အိပ်မပျော်ခြင်း၊ အလိုလိုအကြောင်းမဲ့ စိုးရိမ်သောကများလာခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ မိမိခင်မင်ရင်းနှီးသူတွေအပေါ်မှာ ယုံမှားသံသယစိတ် ဖြစ်ပေါ်လာခြင်း စတဲ့ လက္ခဏာတွေပါ။ အဲဒီလက္ခဏာတွေကို သတိမပြုဘဲ စိတ်ကြွရူးသွပ်ဆေးဆက်သောက်လို့ ဘော်ဘီ ဒီလိုဖြစ်လာရတာပါ”

Most Popular

Healthy Life Ad
To Top